Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Friday, November 11, 2011

အရောင်ဆိုးခံလိုက်ရသော မေတ္တာ

အိမ်ရှေ့မြေကွက်လပ်တွင် ဆော့ကစားနေသော သားလေးဖိုးထွန်းကို ကိုမြင့်ဝေတစ်ယောက် ငေးကြည့်နေမိသည်။ သားလေးဖိုးထွန်းတောင် ဒီနှစ်ဆို ငါးတန်းတက်ရတော့မည်ပဲ။ ဖိုးထွန်းက စာတော်သည်မဟုတ်ပေမယ့် စာညံ့သည့်အထဲတွင်တော့ မပါပေ။ လက်ရေးလေးတွေဆိုလည်း သူသင်ထားသည့်အတိုင်း ဝိုင်းစက်နေအောင် ရေးနိုင်သည်။ သားနဲ့ရွယ်တူတွေထဲမှာတော့ ဖိုးထွန်းလေးက လက်ရေးအလှဆုံးဟု ပြောရမည်။ ထို့ကြောင့်လည်း သားရဲ့ပညာရေးနဲ့ပတ်သက်လို့ သူတတ်နိုင်သလောက် အစွမ်းကုန်ပံ့ပိုးပေးသည်။

ဟိုနေ့ကပဲ သားအတွက် စာရေးကိရိယာတွေ၊ ကျောင်းအိင်္ကျင်္ီတွေ သူဝယ်လာတော့ မိန်းမလုပ်သူက “တော်ကလည်း ခုမှ နွေရာသီကျောင်းစပိတ်ရုံရှိသေးတယ် အဖြစ်သည်းလိုက်တာလွန်ရော….” ဟု မှတ်ချက်ပေးနေသေးသည်။ အထုတ်တွေပွေ့ပြီး လမ်းထဲကို ဝင်တော့လည်း လမ်းထိပ်ဈေးဆိုင်က ဒေါ်သောင်းက “မြင့်ဝေတို့အထုတ်ပိုက်ရင် ဖိုးထွန်းအတွက်မှ ဟုတ်ပါလေစ…” ဟု ပြောသေးသည် ။ ပြောချင်တာသာ ပြောကြပါစေ.... ကိုမြင့်ဝေကတော့ သူ့သားမှ သူ့သား။ သားကို ပညာတတ်ကြီး ဖြစ်စေချင်သည်။ လူကြီးမိဘတွေကို ရိုသေလေးစားတတ်သော သားတစ်ယောက် ဖြစ်စေချင်သည်။ ပတ်ဝန်းကျင်တွင် သူ့သားသည် စံပြတစ်ယောက် ဖြစ်စေချင်သည်။ ဒါတွေသည်ပင် သူ့ဘဝရဲ့ အဖြစ်ချင်ဆုံးဆန္ဒတွေ ဖြစ်သည်။

“သားချစ်…”

ကိုမြင့်ဝေ သားဖြစ်သူကို လှမ်းခေါ်လိုက်သည်။

“ဗျာ…ချစ်ဖေ….” ဟု ထူးကာ ဖိုးထွန်းတစ်ယောက် အနားသို့ ရောက်လာသည်။ 

ဖအေနှင့်သား အခေါ်အဝေါ်တွေက သူသင်ထားသည့်အတိုင်းပဲဖြစ်သည်။ အဖေချစ်သောသားနှင့် သားချစ်သောအဖေ ဆိုတာကို သူတော်တော်နှစ်သက်သည်။ ထို့ကြောင့်လည်း ဒီအခေါ်အဝေါ်တွေကို သူကိုယ်တိုင် သင်ထားပေးခြင်းဖြစ်သည်။ ပတ်ဝန်းကျင်က တီးတိုးပြောကြသံတွေကို သူပြန်ကြားရသည်။ ပထွေးနှင့် မယားပါသားတွေထဲမှာတော့ ဒီသားအဖက စံပြပဲဟု ဆိုကြသည်။

ဟုတ်ပါသည် သူသည် ပထွေးတစ်ယောက်ပင် ဖြစ်သည်။ မလှဝင်းနှင့် အကြောင်းပါတော့ သားလေးက တော်တော်ငယ်သေးသည်။ မလှဝင်းကို သူချစ်မြတ်နိုးသည်။ အရင်အိမ်ထောင်နှင့် အကြောင်းကြောင်းတွေကြောင့် ကွဲခဲ့ရတော့ သူတော်တော်စိတ်မကောင်းဖြစ်မိသည်။ သားတစ်ကောင်နှင့် တို့လို့တွဲလောင်းဟုပင် ဆိုရမည်။ အရင်အိမ်ထောင် ကိုဘမောင်က တော်တော်ဆိုးသည့် စာရင်းတွင် ပါဝင်ပေသည်။ အရက်ကိုးမောင်းသောက်၍ ရမ်းသည်။ စာရိတ္တကလည်း မကောင်း။နောက်တော့ ကွဲကြကွာကြတွေ ဖြစ်ကုန်သည်။ ကိုဘမောင်က ရွာပြန်သွားပြီး သတင်းအစအနပင် မကြားရတော့။ ဒီနောက်ပိုင်းမှာ သူနှင့်မလှဝင်း အကြောင်းပါသည်။ သားလေးအတွက် သူတို့ တော်တော်လေး ဆွေးနွေးဖြစ်ကြသည်။ ဖိုးထွန်းလေးကို မြင်ကတည်းက သူသနားစိတ်ဝင်မိသည်။ သားအရင်းကဲ့သို့ပင် ချစ်ခင်မိသည်။ သူကိုယ်တိုင်သည်လည်း ကလေးယူနိုင်ပါလျှက်နှင့် သူ့သွေးကို မယူဖြစ်လောက်အောင်ကို ဒီသားလေးတစ်ယောက်နဲ့ပဲ သူတို့ဘဝကို အဆုံးသတ်လိုက်ကြသည်။

~~~~~~~~~~~~~~~~~~~~~~~~~~

“သားရေ…..”

ဒေါ်လှဝင်းတစ်ယောက် ဖိုးထွန်းကို ခေါ်လိုက်သည်။

“ဒေါ်သောင်းဆိုင်မှာ ငံပြာရည်သွားဝယ်ပေးဦးနော်….”

“လာပြီ ချစ်မေ…”

အမေခိုင်းလို့သာ သွားရသည်..... ဖြစ်နိုင်ရင် အဲဒီမိန်းမကြီးဆိုင်သို့ သူမသွားချင်။ သူသွားလျှင် ဒေါ်သောင်းက ဘာတွေ မေးမှန်းမသိ။ မင်ချစ်ဖေနဲ့ မင်းအမေ အဆင်ပြေရဲ့လားတို့၊ မင်းအဖေက မင်းကို ရိုက်လားတို့ စုံနေတော့သည်။ သူစဉ်းစားမိသည်မှာ ဘာ့အတွက်ကြောင့် သူ့ချစ်ဖေက သူ့ကို ရိုက်ရမည်နည်း။ သူ့အမေနှင့်လည်း အဆင်ပြေနေပါလျှက် ဘာတွေ မေးမှန်းမသိ။ သူ့သူငယ်ချင်း ဖိုးငယ်ကတော့ အဲဒီမိန်းမကြီး စကားနားမထောင်နဲ့ ဟု ပြောတတ်သည်။

ဖိုးငယ်က သူ့ရဲ့ငယ်သူငယ်ချင်းတစ်ယောက်။ အတူသွား၊ အတူစား ညီရင်းအစ်ကိုလို နေကြသည်။ ဖိုးငယ်အိမ်လာလျှင် သူပျော်သည်။ အိမ်လာလျှင်လည်း ချစ်ဖေနှင့်ချစ်မေက ဖိုးငယ်ကို ထမင်းစားပြီးမှ ပြန်ခိုင်းတတ်သည်။ ဖိုးငယ်ပြန်မည်ဆိုလျှင်လည်း တိုးတိုးတိုးတိုးနှင့် ဘာတွေပြောနေကြမှန်းမသိ။ သူမေးကြည့်တော့ ဖိုးငယ်က မင်းအကြောင်းတွေပဲ မေးတာပါကွာ ကျောင်းမှာစာလိုက်နိုင်လား ဆော့နေသလားဆိုတာတွေမေးတာ ဟုပဲ ပြန်ပြောတတ်သည်။

 အဲဒါတော့ ဟုတ်မည် ထင်သည်။ ချစ်ဖေက သူ့သူငယ်ချင်းတွေကို တွေ့တိုင်း သူ့အကြောင်းတွေ မေးတတ်သည်။ ချစ်ဖေက သူ့ကို အလွန်ချစ်သည်။ ဒါကိုတော့ သူလည်း သိပါသည်။ သူဘာကစားနည်းပဲ ဆော့ဆော့ ချစ်ဖေက မဆော့ခိုင်းဘူး ဟူ၍ မရှိပေ။ ဘယ်လိုဆော့ရင်ကောင်းသည်ဟုသာ ပြောပြတတ်သည်။ နောက်ပြီး ချစ်ဖေက သူ့ကို အိမ်ဆောက်နည်းတွေ၊ ကားလုပ်နည်းတွေ၊ ဇက်လုပ်နည်းတွေပါ သင်ပေးတတ်သည်။ ချစ်ဖေ ဘယ်ကယူလာမှန်း မသိသော ဖော့တုန်းကြီးတွေကို ဇက်ပုံရအောင် လှီးဖြတ်ကြသည်။ တစ်ခါတစ်လေ မြစ်ကမ်းစပ်မှာ ရပ်ထားသော ဇက်ကြီးတွေကို သွားကြည့်ကြ၊ အိမ်ပြန်ရောက်လျှင် ဖော့တုံးတွေကို လှီးကြဖြတ်ကြနှင့် အလွန်ပျော်ဖို့ကောင်းသည်။

မှတ်မှတ်ရရ တစ်နေ့ သူနှင့်ဖိုးငယ် လှီးထားတဲ့ ဖော့တုံးတွေကို ဆက်ပြီး ဇက်ကြီးတစ်ခုနှင့် ပုံစံတူ ရခဲ့သည်။ ထိုအခါ သူက ဖိုးငယ်ကို “ငါတို့ ဇက်တော့ပြီးပြီကွ ဒါပေမယ့် ငါတို့ဇက်က စက်လည်းမပါဘူးနော် …” ဟု ပြောလိုက်မိသည်။ အဲဒါကို ကြားသွားသော ချစ်ဖေက ဘီဒိုပေါ်က ကက်ဆက်ကို သွားယူကာ အဖုံးတွေ ဖွင့်ပြီး တစ်ခုခုကို ဖြုတ်ယူနေတော့သည်။ သူနှင့် ဖိုးငယ်လည်း ထိုင်ကြည့်နေမိသည်။ နောက်တော့ ချစ်ဖေက ကက်ဆက်ထဲက မော်တာသေးသေးလေးကို ထုတ်ယူပြီး ဘောပင်မှင်ချောင်းနှင့် လုပ်ထားသော ပန်ကာလေးကို တတ်ကာ ဖော့တုံးနဲ့လုပ်ထားသောဇက်မှာ ဓါတ်ခဲနှင့်တွဲပေးလိုက်တော့ သူတို့ရဲ့ ဇက်ကြီးက ပိုလို့ အသက်ဝင်သွားတော့သည်။ ချစ်မေကတော့ ဗျစ်တောက်ဗျစ်တောက်နှင့် ပြောမဆုံးတော့ချေ။ ထိုအခါချစ်ဖေက မိန်းမရာ ဒီသားလေးအတွက်ပဲကွ ဘာပဲဖြစ်ဖြစ် ငါတို့တတ်နိုင်သလောက် လုပ်ပေးရမှာပေါ့ ဟုပင် လှမ်းပြောနေသေးတော့သည်။ ထို့နောက် ဇက်ကြီးကိုကိုင်ကာ သူတို့လမ်းထိပ်ရေအိုင်သို့ ထွက်လာခဲ့သည်။ လမ်းရောက်တော့ ဖိုးငယ်က မင်းချစ်ဖေက မင်းကို တော်တော်ချစ်တာပဲကွ ငါ့အဖေ ငါ့ကို အလိုလိုက်တာထက်ကို ပိုသေးတယ် ဟုပြောသည်။ သူလည်း သိပါသည်။ ချစ်ဖေကို သူလည်း ချစ်သည်ပဲလေ။

ဒီလိုနဲ့ နွေရာသီကျောင်းပိတ်ရက်တွေပြီးတော့ ကျောင်းတွေ ပြန်ဖွင့်ပြီ။ သူနှင့်ဖိုးငယ်က တစ်ခုံတည်း အတူတူ ထိုင်ကြသည်။ ခုံရဲ့အစွန်မှာတော့ အောင်အောင်ဆိုတဲ့ ကောင်လေးထိုင်သည်။ အောင်အောင်က စာတော့တော်သည်။ ဒါပေမယ့် အိမ်စာပေးလိုက်တိုင်း ပြီးအောင်လုပ်လာသည် ဟူ၍ မရှိ။ အမြဲတန်း ဆရာမရိုက်တာ ခံရသည်။ သူမေးလျှင်လည်း ဟုတ်တိပတ်တိ ပြန်မဖြေ။ ဖိုးငယ်ကတော့ ဘာမှ သွားမေးမနေနဲ့ ဟုပြောသည်။ သူမေးနေတာ တွေ့လျှင်လည်း ဖိုးငယ်က သူ့ကို စကားလမ်းကြောင်းလွဲအောင် လုပ်ပစ်တတ်သည်။ ဒီလိုနှင့် သူလည်း သိပ်မမေးဖြစ်တော့။

ပထမတော့ အောင်အောင်က ကျောင်းမှန်နေသေးသည်။ စာသင်ချိန် တစ်လကျော်ကျော်လောက်မှာတော့ ကျောင်းပျက်လာသည်။ တစ်နေ့တော့ အောင်အောင် ကျောင်းကို နောက်ကျပြီးမှ ရောက်လာသည်။ မျက်နှာမှာလည်း ဖူးယောင်လို့ နေသည်။ သူက မေးကြည့်တော့ ဘာမှမပြော။ နောက်တော့ သူ မရမကမေးမှ အောင်အောင်က ပြောပြသည်။ သူ့အဖေ ညက ထိုးလိုက်တာတဲ့။ ဘာလို့ မင်းအဖေက မင်းကိုထိုးတာလဲဆိုတော့ သူ့အမေနဲ့ရန်ဖြစ်ရာက သူဝင်ဆွဲတော့ သူ့ကိုပါထိုးတာဟု ပြောသည်။ နောက် အောင်အောင်က ဆက်ပြောတော့သည်။ သူ့အဖေဆိုတာ တကယ်က သူ့အဖေအရင်း မဟုတ်ကြောင်း၊ သူ့အမေနှင့် စကားများရန်ဖြစ်တာ နေ့တိုင်းလိုလိုပဲ ဖြစ်ကြောင်း၊ သူ့ကိုလည်း တစ်ခါတစ်ခါ မထင်ရင် မထင်သလို ရိုက်တတ်ကြောင်း၊ ကျောင်းကပေးလိုက်သော အိမ်စာတွေကိုလည်း ပြီးအောင်လုပ်လို့ မရကြောင်း စသည်ဖြင့် ပြောပြလေတော့သည်။ အဲဒါကြောင့် အောင်အောင်က သူ့အဖေအရင်းရှိသော ပြည်မြို့သို့ လိုက်သွားတော့မည်။ သူ့အဖေ ဘယ်မှာနေတယ်ဆိုတာ သူသိပြီဖြစ်လို့ လိုက်သွားဖို့ ဆုံးဖြတ်ပြီးသွားပြီဟုလည်း ဆက်ပြောသည်။ ထို့နောက်တော့ အောင်အောင်တစ်ယောက် ကျောင်းသို့ လုံးဝမလာတော့ချေ။ သူ့အဖေရှိသော ပြည်သို့ လိုက်သွားပြီဟု သူသိလိုက်ရသည်။ ထို့အတူ ပထွေးဆိုတာကြီးကိုလည်း သူစိတ်မှာ တော်တော်မုန်းသွားမိတော့သည်။

ဒီလိုနှင့် သူရော ဖိုးငယ်ပါ အောင်အောင့်ကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပြန်သည်။ တစ်နေ့တော့ သူနှင့်ဖိုးငယ် ကျောင်းဆင်းချိန်တွင် အိမ်မပြန်ပဲ ဘောလုံးဝင်ကန်နေကြသည်။ ထိုစဉ် အရက် မူးနေသော လူကြီးတစ်ယောက် ဘောလုံးကွင်းထဲ ဆဲဆိုပြီး ဝင်လာလေသည်။ ပထမတော့ သူတို့တွေ ကြောင်ပြီး ရပ်ကြည့်နေမိသည်။ နောက်တော့ ထိုလူကြီးက ဘောလုံးကွင်းထဲမှာ သူတို့နဲ့အတူ ကစားနေသော ကောင်လေးတစ်ယောက်ကို ခြေထောက်နဲ့ စကန်ပါလေတော့သည်။ ဟိုကောင်လေး ခွေခနဲ လဲကျသွားတာ ကို တွေ့လိုက်ရသည်။ နောက် ထိုလူကြီးကပဲ ‘ခွေးမသား အိမ်တန်းမပြန်ဘူး….” ဟု ပြောကာ လဲနေသော ကောင်လေးကို ရိုက်လေတော့သည်။ လေးငါးချက်လောက် အရိုက်ခံပြီးတော့မှ ကောင်လေးခမျာ ထွက်ပြေးနိုင်သည်။ ထိုကောင်လေးနောက်သို့ ထိုလူကြီး ဆဲဆိုကြိမ်းမောင်းကာ ပြေးလိုက်သွားတော့မှ ကောင်လေး၏ ကျောင်းလွယ်အိတ်တွေ ကျန်ခဲ့တာကို သူမြင်ပြီး လွယ်အိတ်တွေ ကျန်ခဲ့ပြီကွ ဟု သူပြောတော့ အတူတူဆော့နေသော ကောင်လေးတစ်ယောက်က ရတယ် ငါယူသွားပေးမယ် အဲဒီကောင်နဲ့ငါနဲ့က အိမ်နားနီးချင်းကွ ဟု ပြန်ပြောသည်။ တစ်ဆက်ထဲမှာပဲ အိမ်နီးနားချင်းဆိုတဲ့ ကောင်လေးက အဲဒါ သူ့ပထွေးလေ အရမ်း အရိုက်ကြမ်းတာပဲ ဟု ဆက်ပြောလေသည်။ အဲဒီအချိန်တွင် ဖိုးငယ်က ကျွန်တော့်လက်ကို ဆွဲပြီး ပြန်ကြရအောင်ဟု ပြောကာ ဘောလုံးကွင်းထဲမှ ထွက်ခဲ့ကြတော့သည်။ သူ့အတွက်တော့ ထိုမြင်ကွင်းသည် ရင်ထိတ်စရာကောင်းလှသည့် မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ဒီလို ရိုက်နှက်တာမျိုးကို သူ့ဘ၀မှာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ပထွေးဆိုတာကြီးက ဒီအတိုင်းကြီးပဲလားဟု တွေးမိကာ အောင်အောင့်ကိုပါ သွားသတိရလိုက်မိလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခုတစ်လော ဒေါ်လှဝင်းတစ်ယောက် စိတ်က သိပ်မကြည်ချင်။ ကျမ်းမာရေးကလည်း တဖြေးဖြေး ချူချာလာသည်။ နှလုံးက အားနည်းလာပြီး ကျောက်ကပ်ကလည်း ပုံမှန်မဟုတ်ဟု ဆရာဝန်က ပြောလိုက်သည်။ ကျမ်းမာရေးချူချာလာတော့ စိတ်က ဘာကိုမှ အလိုမကျချင် ဖြစ်လာသည်။ ကိုမြင့်ဝေ၏ အပြင်စီးပွားရေး တစ်ခုဖြစ်သည့် သမဆိုင်က ပစ္စည်းတွေကို တစ်ဆင့်ပြန်ဝယ်ပြီး ဖောက်သည်ပေးသည့် အလုပ်ကလည်း ပျက်သွားချေပြီ။ သမဆိုင်တွေ ပိတ်လိုက်တော့ ဘာမှ မတတ်နိုင်တော့ချေ။ ကျမ်းမာရေးမကောင်းရသည့်ကြားထဲ စီးပွားရေးကပါ ကျလာသည့် ဒဏ်ကြောင့် ကိုမြင့်ဝေနှင့်လည်း စကားပြောရတာ အပေါက်အလမ်း မတည့်ချင်တော့ပေ။ ပထမတော့ ကိုမြင့်ဝေက ပြန်မပြောပဲ ရှောင်ထွက်သွားတတ်သည်။ သို့သော် သူလည်း လူတစ်ယောက်ဖြစ်လေတော့ မခံနိုင်သည့်အဆုံး ပြန်လှန်ပြောဆိုတာတွေ ရှိလာသည်။ ရိုက်ဟယ်နှက်ဟယ် မရှိပေမယ့် တစ်ဦးနဲ့တစ်ဦး ခွန်းကြီးခွန်းငယ်လေးတွေတော့ ရှိလာသည်။ ကိုမြင့်ဝေလည်း စိတ်ရှုပ်မည်ဆိုတာ သူသိပါသည်။ 

တစ်နေ့တော့ လင်မယားကြားမှာ တစ်ခါမှ မဖြစ်ဖူးသော ရပ်ကွက်ပါ သိလောက်သည့် ပြဿနာတစ်ခု ဖြစ်လေတော့သည်။ အဲဒီနေ့က ကိုမြင့်ဝေ အပြင်က ပြန်လာပြီး သူ့ကို ကိစ္စတစ်ခု ပြောပြသည်။ အကြောင်းကတော့ သူယခုအစိုးရအလုပ်က ထွက်ပြီး မလေးရှားကိုသွားမည်ဟု ပြောလာသည်။ သူကတော့ အိမ်ရဲ့စီးပွားရေးနှင့် သားလေးနောင်ရေးအတွက်ဟု ဆိုသည်။ အဲဒီအတွက် ငွေလေးသိန်းလောက် လိုသည်ဟုလည်း ပြောလေသည်။ ဒေါ်လှဝင်းရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။ ကျန်းမာရေးမကောင်းသည့် မိန်းမနှင့် ခြောက်တန်းအရွယ်ကလေးကို ထားခဲ့ပြီး နိုင်ငံခြားကို သွားမည်။ နောက် စီးပွားရေးက မကောင်းရသည့်ကြားထဲ ငွေလေးသိန်းကို ဘယ်က ရမည်နည်း။ သူဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ရသည်။ ထို့ကြောင့်လည်း နောက်ဆက်တွဲ အနေနဲ့ အော်ကြီးဟစ်ကျယ်တွေ ပါလာပြီး အိမ်နီးနားချင်းတွေပါ ဝင်ဖျန်ဖြေရသည်အထိ ဖြစ်သွားခဲ့သည်။ သူလည်း အိပ်ယာထဲလဲသည်အထိ ဖြစ်ခဲ့သည်။ သားဖိုးထွန်းလေးကတော့ ငိုမဲ့မဲ့နှင့် ဘုရားစင်အောက်မှာ ငုတ်တုတ်လေးထိုင်နေတာကို ကြည့်ပြီး သူဝမ်းနည်းပြီး ငိုသာ ငိုမိနေတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ဟဲ့ကောင်လေး မနေ့က နင့်အဖေနဲ့နင့်အမေ ရန်ဖြစ်ကြတာ ငါကြားတယ်…. နင့်အဖေက နင့်အမေကို ရိုက်တာနှက်တာတွေ လုပ်သေးလား….”

ဒီဒေါ်သောင်းကြီးကိုတော့ သူတော်တော်အမြင်ကပ်လာသည်။ ချစ်ဖေနှင့် ချစ်ဖေရန်ဖြစ်လို့ စိတ်ညစ်နေကာမှ အလိုက်မသိ လာမေးနေသေးသည်။ ခုလည်း အိမ်မှာ ချစ်မေနေမကောင်း၍ ဟင်းမချက်နိုင်လို့ ဆိုင်မှာ လဖ္ဘက်သုတ် လာဝယ်မိသည်ဆိုကာမှ  စပ်စုတာနှင့် တိုးနေတော့သည်။ သူမဖြေချင့်ဖြေချင်နှင့် ဟင့်အင်းဟု ဖြေလိုက်သည်။ ဒေါ်သောင်းက ဆက်ပြီး

“ကောင်လေး ငါ့အနားလာခဲ့ဦး…. ငါနင့်ကို ပြောပြစရာတစ်ခုရှိလို့….” ဟု ပြောသည်။

မျက်လုံးကလည်း ကျီးကြည့်ကြောင်ကြည့်နှင့် ဘာမှန်းလည်း မသိ။ သူမသွားချင်သွားချင်နှင့် အနားကပ်သွားတော့….

“ငါပြောမယ် နင် ဘယ်သူ့ကိုမှ ပြန်မပြောရဘူးနော်….. ငါက နင့်အတွက် ပြောပြမှာ…. တကယ်တော့ နင့်ချစ်ဖေဆိုတာ နင့်အဖေအရင်းမဟုတ်ဘူး၊ နင့်ပထွေးဟဲ့ သိလား …..”

“ဗျာ….”

သူ့ခေါင်းတစ်ခုလုံး ပွင့်ထွက်သွားသလို ခံစားလိုက်ရသည်။ 

“ပထွေး…. ” 

“မဟုတ်ဘူး….. ချစ်ဖေက ပထွေးမဟုတ်ဘူး……”

သူ့လက်တွေ ထုံကျင်ပြီး မတ်တပ်ရပ်နေသော ခြေဖဝါးအောက်က ချွေးစေးတွေပါ ပြန်လာသည်။

“နင်မယုံချင်လည်းနေ....ငါက မပြောချင်လို့ ကြည့်နေတာ ကြာပြီ ....အစပိုင်းတော့ ဒင်းက ဟုတ်နေတာကိုး…. ဘာမှမဖြစ်လို့ ငါလည်း ဘာမှ မပြောတာ…… ခုတော့ ပထွေးဇာတိက ပြလာပြီလေ….. နင်သိအောင် ငါက ပြောပြတာ.... နောက်ဆို နင့်အမေကို ဂရုစိုက် ကောင်လေး…. ဟိုအကောင်မြင့်ဝေချယ်လှယ်သလိုသာ ဖြစ်နေရင်တော့ နင့်အမေရော နင်ပါ မလွယ်ဘူးမှတ်……”

ဒေါ်သောင်း ဘာတွေ ဆက်ပြောနေလဲဆိုတာ သူနားမှာ ကြားတစ်ချက် မကြားတစ်ချက်။ သူရပ်နေရာကနေ လှည့်ထွက်လာခဲ့မိသည်။ ထို့နောက်တော့ခြေလှမ်းတွေက ဦးတည်ရာမဲ့။ ဦးခေါင်းထဲမှာတော့ ချစ်မေနဲ့ငါ့ကို… ဟုသာ ပဲ့တင်ထပ်နေသည်။ ဘာမှလည်း ဆက်တွေးလို့ မရတော့။

ချစ်မေနဲ့ငါ့ကို….

ချစ်မေနဲ့ငါ့ကို…..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဖိုးငယ်တစ်ယောက် ခုတလော ဖိုးထွန်းတို့ အိမ်ဘက်ကို သိပ်မသွားဖြစ်တော့။ သွားလျှင်လည်း သူမမြင်ချင်သော၊ မကြားချင်သော မြင်ကွင်းနှင့် စကားသံတွေသာ မြင်နေ၊ ကြားနေရသည်။ ဖိုးထွန်း၏ ပါးစပ်က သူ့အဖေကို အရင်ခေါ်နေကြ “ချစ်ဖေ”အစား “ခင်ဗျားကြီး”ဟု ပြောင်းခေါ်နေပြီး တစ်ခါတစ်ရံ ညစ်ညမ်းသည့် အသုံးအနှုံးတွေပါ ပါလာတတ်သည်။ သူနှစ်ခါသွားလျှင် တစ်ခါတော့ကြားရစမြဲ။ ဦးမြင့်ဝေ၏ မည်သည့် စကားတစ်ခွန်းကမျှ ဖိုးထွန်းနားသို့ ဝင်နိုင်စွမ်း မရှိတော့ပြီ။ နောက်ပြီး ဦးမြင့်ဝေ၏ ဖြောင်းဖျမှုတွေ၊ သူ့အပေါ် ဖိုးငယ်၏ အမြင်ဆိုးတွေကို ဖယ်ရှားလို၍ ဖိုးငယ်အပေါ် ပိုမိုဂရုစိုက်မှုတွေ အားလုံးသည် ဖိုးငယ်အတွက် အဆိုးမြင်စိတ်ကို ပိုသည်ထက်ပို၍သာ ဖြစ်လာစေလေသည်။ သူလည်း သူ့သူငယ်ချင်း၏ ပြောင်းလဲမှုကို လက်မခံချင်။ သိုသော်လည်း ဖြစ်လာခဲ့လေပြီ။ 

သူအစောပိုင်းကတည်းက သိခဲ့ပါသည်။ ဦးမြင့်ဝေတို့မိသားစု၏ ပတ်သက်ပုံကို သိခဲ့ပါသည်။ သူသိသည် ဆိုတာကိုလည်း ဖိုးထွန်းမှလွဲ၍ ဦးမြင့်ဝေတို့ လင်မယားနှစ်ဦးစလုံးကလည်း သိကြသည်။ ထို့ကြောင့် သူသွားတိုင်း စာသင်ခန်းထဲက အကြောင်းတွေ၊ ဆော့ကစားတဲ့အခါ ကစားဖော်ကစားဖက်တွေရဲ့ အကြောင်းတွေကို ဦးမြင့်ဝေတို့က မေးကြသည်။ သူတို့ စိုးရိမ်မှုသည် ဘာလဲဆိုတာ သူနားလည်သည်။ ထို့ကြောင့်လည်း တတ်နိုင်သ၍ ဖိုးထွန်းကို သူ ထိုလမ်းကြောင်းပေါ် ရောက်မသွားအောင် ဖယ်ထုတ်ခဲ့သည်။ အောင်အောင်ရော ဘောလုံးကွင်းထဲက ကိစ္စတွေမှာပါ သူတတ်နိုင်သလောက် ကြိုးစားခဲ့သည်။ သူ့မေမေက ပြောသည်။ ဖိုးထွန်းတို့ လမ်းထိပ်က ဒေါ်သောင်းဆိုတာ ဦးဘမောင်နှင့် ရပ်ဆွေရပ်မျိုး.... ထို့ကြောင့် မေမေကပါ ဖိုးထွန်းကို ဒေါ်သောင်းဆိုင်သို့ မသွားစေချင်ကြောင်း ပြောသည်။ ဒေါ်သောင်း၏ စပ်စုမှုတွေ၊ နှုတ်မစောင့်စည်းတတ်မှုတွေကို သူလည်း သိသည့်အတွက် ဖိုးထွန်းကို ဒေါ်သောင်းဘာပြောပြော နားမထောင်နဲ့ ဟု ပြောမိသေးသည်။ မေမေက ပြောဖူးသည်။ ဒီကိစ္စက တစ်ချိန်ချိန်မှာတော့ ဖိုးထွန်းသိသွားမှာပါပဲ ဒါပေမယ့် အသိဥာဏ်နဲ့ စဉ်းစားချင့်ချိန်တတ်တဲ့ အရွယ်ရောက်မှ သိတာက ပိုကောင်းတယ်ဟု ပြောဖူးသည်။ ဒါကို သူလည်း လက်ခံသည်။ ထို့ကြောင့် တတ်နိုင်သမျှ ကလေးတစ်ယောက် အားနှင့် သူကြိုးစားခဲ့ပါသည်။ 

သို့သော် .....ထိုကလေးတစ်ယောက်သည်လည်း ဘာမျှ မတတ်နိုင်တော့ချေ။ ဖိုးထွန်းရဲ့ အခြေခံစိတ်ဓါတ်ကြောင့်လား၊ ဒေါ်သောင်း၏ စကားသံတွေကြောင့်လား၊ ဦးမြင့်ဝေ၏ စေတနာအမှားတွေကြောင့်လား၊ ဒါမှမဟုတ် ဒေါ်လှဝင်း၏  အတွေးတိမ်မှုတွေကြောင့်လား၊  အောင်အောင်၏ ပြောစကားတွေကြောင့်လား၊ ဘောလုံးကွင်းထဲက ဖြစ်ရပ်ကြောင့်လား…… သူဘာမှ အတွေးတတ်တော့ပါ။ သူသည် ကလေးတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတော့ ဖြူနေသော မေတ္တာတစ်ခုကို အရောင်ဆိုးခံလိုက်ရသည် ဟုပဲ သူဦးခေါင်းက အဖြေထုတ်လို့ ရနိုင်ခဲ့လေတော့သည်။

Friday, October 14, 2011

ရိုးရာရာသီ ခါတော်မှီ

ပြောရမယ်ဆိုရင်တော့ ဟိုးအရင်ကလေးဘဝက စတာပါပဲ။ ဘာလဲဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုး တော်တော်များများမှာ ရှိတတ်ကြတဲ့ နတ်တင်ခြင်း ဓလေ့တစ်ခု အကြောင်းပါ။ 

ဖိုးကြယ်တို့ ငယ်ငယ်ကဆို နတ်တွေက အရမ်းကို ပူဇော်ပသ တင်မြှောက်ခြင်း ခံရပါတယ်။ တော်ကြာ မုန့်ဆီကြော်နဲ့တင်လိုက် ၊ တော်ကြာ ငှက်ပျောပွဲနဲ့ တင်လိုက် မျိုးစုံကို အတင်ခံတော့တာ။ နတ်တွေခမျာ သနားစရာလည်း ကောင်းပါတယ်။ နတ်တင်ရာသီဆို ဟိုပြေးရ ဒီပြေးရနဲ့။ ကလုန်းတွေရှိရင်တော့ တစ်မျိုးပေါ့။ အဲဒီလို အမျိုးမျိုးတွေ တင်ကြပေမယ့် မတူညီတဲ့ ရိုးရာတွေအလိုက် ပုံစံကွဲပြားမှုတွေတော့ ရှိတတ်ကြပါသေးတယ်။ 

အဲဒီထဲကမှ အနှီမောင်ဖိုးကြယ်တို့ မျိုးရိုးကြတော့ တစ်မျိုးခင်ဗျ။ တင်သာတင်တာ ဘာနတ်မှန်းတောင် မသိခဲ့ရိုး အမှန်ပါပဲ။ အမေ့ကို မေးတော့လည်း ရိုးရာတဲ့။ အဲဒီ တစ်ခွန်းထဲနဲ့တင် ပတ်တောပိတ်တော့တာပဲ။ သူတို့တောင် ရိုးရာဆိုမှတော့ ကိုယ်တွေကလည်း ဘာကွန်ပလိန်းမှ တက်မနေတော့ဘူး။ နောက်တစ်ခုက အဲဒီရိုးရာတင်တဲ့နည်းက နည်းတကာ့နည်းတွေထဲမှာ လူတွေအတွက် ဗိုက်အဝဆုံးနတ်တင်နည်း ဆိုတော့ ကလေးတစ်သိုက် ပတ်တောပိတ်တာ မဆန်းပါဘူးလေ။ 

တစ်ခြားနတ်တွေဆို မုန့်ဆီကြော်လောက် စားရတာဆိုတော့ အဲဒီလိုနတ်မျိုးဆို သိတ်အာသီသ မရှိပေဘူး ဆိုရမယ်။ ဒီရိုးရာကတော့ ခုထိကို အမှတ်တရနဲ့ ပြောနေကြရတုန်းရယ်။ ဘာလို့ အမှတ်တရ ပြောရသလဲဆိုတော့ ခုချိန်မှာ မောင်ဖိုးကြယ်တို့ တစ်မျိုးလုံး အိမ်တွင်းနတ်တောင် မရှိကြတော့တဲ့အပြင် ဘာနတ်မှ တင်လည်းမတင်၊ ကိုးလည်းမကိုးကွယ်ကြတော့လို့ပါပဲ။ ဆိုတော့ကာ ဒီနေရာမှာ နည်းနည်းလောက်တော့ ပြန်လွမ်းပါရစေ။ 

ဒီရိုးရာနတ်တင်ပုံလေးက တော်တော် လန်းတယ်ဗျ။ ကဗျာလည်းဆန်တယ်လို့ ပြောရမယ်။ အရင်ဆုံး နတ်တင်ပုံကို စပြောရမယ်ဆိုရင် တစ်ဆွေလုံး တစ်မျိုးလုံး သုံးတဲ့ ကြေးလင်ပန်းကြီးက စပြောရမယ်ပေါ့။ သူမပါရင် မပြီးဘူးလေ။ ဒီလင်ပန်းကြီးက တစ်နှစ်နီးပါးလောက် ချောင်ထိုးခံရပြီးတော့မှ တစ်နှစ်မှတစ်ခါ ထီးဖြူထဆောင်းရတာကိုး။ ရိုးရာနတ်တင်ရာသီ ရောက်ပြီဆို ကြေးလင်ပန်းကြီးကို အစရှာရပြီ။ "ဟဲ့....ပြီးခဲ့တဲ့နှစ်က ဘယ်သူနောက်ဆုံးတင်တာလဲ..... ဘယ်အိမ်မှာလဲ" စသည်ဖြင့် လိုက်မေးကြရတော့တာ။ 

မေးရဆို ရာသီချိန်တုန်းက တစ်ပတ်တစ်အိမ် တင်ခဲ့ကြတာ ဆိုတော့ ရှိသမျှအမျိုးတွေအိမ် တစ်ပတ်စီ လှည့်လည်သွားပြီးတဲ့ သကာလ ဘယ်မှာဆုံးလို့ ဘယ်မှာပုန်းနေမှန်း မေ့နေကြတော့တာကိုး။ ဒါပေမယ့် သူကြာကြာ မပုန်းနိုင်ရှာပါဘူး။ နောက်ဆုံးတော့...ကဲ ဒီမှာ.... တွေ့ပါပြီ လင်ပန်း (((ဟမ်)))။ 

လင်ပန်းရပြီဆို ဘယ်နေ့ဘယ်ရက်က ဘယ်သူ့အိမ်ဆိုတာ result ထွက်လာပါပြီ။ အဲဒီနေ့မတိုင်ခင် တစ်ရက်မှာတော့ ဆိတ်သားကို ရောင်းတဲ့လူဆီ ကြိုတင်အော်ဒါမှာရပြီ။ တစ်မျိုးလုံး လာစားကြမယ့် ဆိတ်သားဟာအဲဒီလိုမှ ကြိုမမှာရင် ရကိုမရနိုင်ဘူး ဆိုသကိုး။ ကဲ ဆိတ်သားရောက်ပြီ (((မြန်ထှာ)))။ 

ဆိတ်သားဟာ အနည်းဆုံး ပိတ်သာနဲ့တော့ ချီဝယ်ရတယ်။ အဲဒီဆိတ်သားတွေကို မဆလာနိုင်နိုင်နဲ့ နူးနေအောင် ဆီပြန်ချက်ရပါတယ်။ ကရဝေးရွက်တွေ ဖာလာစေ့တွေ တောင်ပါသေး။ ဆိတ်သားချက်နေတုန်း ဒန်အိုးကြီးတစ်လုံးရယ်၊ နောက် ပေါင်းအိုးလေးလုံးလောက်ရယ်နဲ့က ထမင်းချက်နေရပြီ။ 

ဒီနေရာမှာတော့ ဒန်အိုးက အကြီးကြီးတစ်လုံး လိုတယ်။ အဲဒီဒန်အိုးရဲ့ လုံးပတ်က ခုနကကြေးလင်ပန်း အဝန်းဝိုင်းထက် နည်းနည်းငယ်မယ်ပေါ့။ ကဲ....ရပါပြီ ထမင်း။ နောက် ငရုတ်သီး အပွတောင့်တွေကို ဒယ်အိုးထဲထည့်ပြီး ဆီနည်းနည်းနဲ့ ကြော်ပါလေရော။ နောက် ဒန်ခွက် ခပ်ကြီးကြီးတစ်လုံးကတော့ လဖ္ဘက်အသားရယ်၊ နှမ်းရယ်၊ ကြက်သွန်ကြော်ရယ်ကို ဆီနိုင်နိုင်နဲ့ မွှေပြီးသုတ်ထားလေရဲ့။ ကဲ…ထမင်းရယ် ဆိတ်သားချက်ရယ်၊ လဖ္ဘက်သုတ်ရယ်၊ ငရုတ်သီး အပွတောင့်ကြော်ကြီးတွေရယ် ဟုတ်ပြီနော်။ မှတ်မိတယ်နော် :P ။ 

အရင်ဦးဆုံး ကြေးလင်ပန်းထဲကို ဒန်အိုးကြီးထဲက ထမင်းတွေကို ပုံမပျက်အောင် မှောက်ထည့်ရပါတယ်။ ဆိုတော့ လင်ပန်းကြီးထဲမှာ ထမင်းအိုးအရာအတိုင်း ထမင်းတွေ ရောက်ပါပြီ။ နောက် အဲဒီပုံမပျက်တဲ့ ထမင်းတုံးကြီးကနေ အလည်အူတိုင်ကို ဖောက်၊ တစ်ခြားပန်းကန်ထဲ ပြောင်းထည့်လိုက်ပြီးတဲ့သကာလ ဆိတ်သားချက် အနည်းငယ်ကို အူတိုင်ဖောက်ထားတဲ့ ထမင်းတုံးကြီးရဲ့ အလည်အပေါက်ထဲမှာ ပုံလိုက်ပါတယ်။ နောက် ငရုတ်သီးအပွတောင့်တွေက ထမင်းတုံးကြီးရဲ့ ဘောင်ပတ်ပတ်လည်ပေါ်မှာ ခန့်ခန့်ကြီးတွေ နေရာဝင်ယူကြတယ်။ ဘေးကပိုနေတဲ့ လင်ပန်းကြီးရဲ့ နှုပ်ခမ်းနားသားပေါ်မှာတော့ လဖ္ဘက်တွေက ပုံ့ပုံ့လေးတွေထိုင်လို့ပေါ့။ ဒါကတော့ နတ်တင်ဖို့အတွက် ခန်းဝင်ပစ္စည်းတွေပါ။ 

ဒါတွေ အဆင်သင့်ရင်တော့ ဖိုးကြယ်တို့ရဲ့ နတ်သမီးလေး ကြွလာပါပြီ။ သူကတော့ အမေ့ရဲ့အမေ ဖိုးကြယ်ရဲ့အဖွား တစ်ပင်တိုင် နတ်သမီးလေးပါပဲ။ နတ်ကနားဆို မသွားဖူးတဲ့၊ နတ်ကတာဆို ယောင်လို့တောင် သွားမကြည့်ဖူးတဲ့အဖွားက ရိုးရာနတ်တင်ပြီဆိုရင်တော့ သူက နတ်ဝင်သည်ပဲ။ ဖိုးကြယ်တို့ကတော့ နာမည်ပေးထားတယ်။ နတ်သမီးဖွားဖွား လို့။ 

သနပ်ခါးအဖွေးသားနဲ့ အဖွားဟာ လက်ထဲက နံသာဖြူသွေးထားတဲ့ ခွက်ကလေးကိုကိုင်၊ ပဝါလေးခြုံပြီး လင်ပန်းကြီးကို မကာ မကာနဲ့ နတ်စဝင်ပါပြီ။ ဆွေမျိုးတွေကလည်း ဝိုင်းမေးကြတယ်။ သာရေး၊ နာရေး ၊  စီးပွားရေး အို…အစုံပဲ။ ကိုယ်တို့ လူငယ်တွေကတော့ ဘာပြောမလဲ ရေငုံနှုပ်ပိတ် နေကြရုံပေါ့။ မဟုတ်လို့ နတ်သမီးဖွားဖွား ပါးစပ်ညောင်းသွားရင် နောက်ပိုင်းပွဲစဉ်တွေအတွက် ခက်ရချည်ရဲ့။ အဲ…မေးလဲမေး ပြောလဲပြော သုံးလုံးတွေလည်း ပါတယ်။ အဲဒီတုန်းက တစ်လုံးတွေ နှစ်လုံးတွေက မရှိသေးလို့ တော်သေးတာ။ မဟုတ်ရင် နတ်သမီးခမျာ မလွယ်ဘူး ။ 

အဲဒီလိုတွေ မေးစမ်းပြီးတဲ့ သကာလမှာတော့ ရှိရှိသမျှ ဆွေတွေမျိုးတွေ ၀ိုင်းဝန်းစားကြ သောက်ကြ ပါလေရောခင်ဗျာ။ ခေါင်းတောင် မဖော်ကြတော့ဘူး။ ဖော်တဲ့လူ အရှုံးလို့များ မှတ်ယူထားကြသလား မပြောတတ်ပါဘူး။ အဲ....မောင်ဖိုးကြယ်လည်း မဖော်ဘူးခင်ဗျ။ တနင့်တစ်ပိုးတွေဖြစ်ပြီး အားလုံး စားသောက်ပြီးတော့မှ ဆွေမျိုးတွေ ဝိုင်းဖွဲ့ထိုင်ကာ စကားတွေပြောကြတယ်။ အရေးကြီးတာကို အရင်လုပ်ထားလိုက်ကြတဲ့ သဘောပေါ့။ ရပ်ဝေးရောက်နေတဲ့ အမျိုးတွေကိုတော့ "ဟဲ့….နင်က အခုဘယ်မှာလဲ အဆင်ရောပြေရဲ့လား၊ သာရဲ့လား၊ မာရဲ့လား" ဘယ်သူကဖြင့် ဘယ်လို၊ ဘယ်ချမ်းသာနဲ့ စုံနေကြတာပါပဲ။ ကလေးတွေကတော့ အဲဒီအချိန်ဆို ရှေ့ရေးအတွက် မျှော်တွေးကာ၊ ဗိုက်လေးပြီး မှေးနေကြပြီလေ။ နောက်ထပ်စားရမယ့် တစ်အိမ်က ဘယ်သူ့အိမ်ဖြစ်မလဲပေါ့။ ကလေးတွေတွေးနေတဲ့ ရှေ့ရေးဆိုတာ အဲဒါပါ။ 

အဲဒီနောက်မှာတော့ အချိန်လည်းလင့်လို့ ကိုယ့်အိမ်ကိုယ် ပြန်ခါနီးကြပြီဆိုတဲ့အခါကျတော့ result  က ထပ်ထွက်လာပြီလေ။ နောက်တစ်ပါတ် ဘယ်သူ့အိမ် ဆိုပြီး.... ။ ကဲ…အဲဒီလိုနဲ့  ဆွေမျိုးတွေအိမ် တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ကုန်တော့မှ ခုနက ဇာတ်လိုက်ကျော် လင်ပန်းကြီးဟာ သူနောက်ဆုံး တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပုန်းခိုနေရင်း နောက်တစ်နှစ် ရိုးရာရာသီခါတော်မှီကို စောင့်နေရရှာပါတော့တယ်။ 

ခုတော့လည်း ဒါတွေအားလုံး လွမ်းစရာလေးတွေ ဖြစ်ကုန်ပါပြီ။ နတ်ဆိုတာ ဖိုးကြယ်တို့ အမျိုးထဲက နောက်ပေါက်ကလေးတွေလည်း မသိရှာတော့ပါဘူး။ သူများအိမ်သွားမှပဲ မြင်ရရှာတော့တယ်။ ခုတော့လည်း ပါးစပ်ရာဇဝင်လေး ဖြစ်သွားပြီပေါ့လေ။ ဒါပါပဲ ပြီးပါပြီ။ (((ဟင်)))

Friday, September 23, 2011

ဧရာဝတီအတွက်

ရာဇဝင်ထဲမှာချပြထားခဲ့တဲ့နေ့ရက်တွေက
လတ်ဆတ်ဆဲသူ့အလှလို
ဟောင်းမသွားတာကိုက
တစ်မျိုးလှနေတာ....။

သူ့ရင်ခွင်ကိုစတေး
သမိုင်းတစ်လျှောက်ကျွေးမွေးပြီး
တစ်သွေးတစ်မွေးလှစေတာလည်း
သူ့ကြောင့်...... ။

ကံကြမ္မာရယ် မမှောက်မှားလိုက်ပါနဲ့
ထောက်ထားစေလိုတဲ့အတွေးတွေနဲ့အတူ
မျှော်လင့်ချက်လေးတွေလည်း
တဒေါက်ဒေါက်ကျလို့.....။

သူ့ကိုကြည့်ရင်း ငါတို့ကိုယ်တိုင်ကိုပြန်ကြည့်ရင်း
တိမ်ခိုးဝေနေတဲ့ မျက်ရည်ရာသီတွေ
ကျင်းပရတော့မှာတဲ့လားကွယ်......။

ဧရာဝတီရယ်.......
တစ်ကယ်တော့နင်ဟာ
အားလုံးထက်ကမြစ်တစ်စင်း
အဲဒီနှင်းခါးတွေမကွဲသ၍တော့
အားလုံးနဲ့အတူတူ
စုန်းကဝေမြူးတဲ့ နှစ်ရူးတွေကို
ဖြတ်.....ဦး.......စို့.........။

@@@@@@@@@@


တိုက်တိုက်ဆိုင်ဆိုင်ပါပဲဗျာ အမိ ဧရာဝတီအတွက် ဘလော့ဂါမောင်နှမအားလုံး ၂၃ရက်နေ့မှာ ကလောင်တိုက်ပွဲ ဆင်နွှဲကြမယ်လို့ သိလိုက်ရတဲ့အချိန်လောက်ကစပြီးတော့ပဲ အလုပ်တာဝန်တွေက ပုံကျလာလိုက်တာ မအားမလပ်နိုင်လောက်အောင်ပါပဲ။ မအားအားတဲ့ကြားက ပိုစ့်တစ်ပုဒ်ရေးဖြစ်အောင်ရေးမယ်လို့ အားခဲထားခဲ့ပေမယ့် အချိန်က စေ့သွားပြီမို့ ဧရာဝတီအတွက်  အရင်က တင်ခဲ့ဖူးတဲ့ ကဗျာအဟောင်းလေး ကိုပဲ ပြန်တင်လိုက်ပါတယ်။

"ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ကျွန်တော် အကြွင်းမဲ့ ကန့်ကွက်ပါတယ်"

Sunday, September 18, 2011

မျက်နှာဖုံးများရဲ့အဇ္ဇျတ

နေသားမကျခဲ့တဲ့ ဘဝထဲက နေ့တစ်နေ့မှာ ကိုယ့်အလံ ကိုယ်ထူပြီး မျက်နှာဖုံးတွေ ရှိတဲ့အရပ် လှမ်းတက်ခဲ့မိတယ်။ ဘဝအစ မဟုတ်ခဲ့ပေမယ့် တွေ့လိုက်ရတဲ့ အရာရာကတော့ အသစ်အသစ်တွေပဲ။ နားလည်ချင်ယောင် ဆောင်ကြတာတွေနဲ့အတူ ဆေးဆိုးပန်းရိုက် နားလည်မှုတွေရယ်၊ ညှီစော်နံနေတဲ့ အပြုံးတွေရယ်က အကြည်ဓာတ်ကို ပြည်ဖုံးကားချကြတယ်။ အဲဒါကြောင့် အဲဒီအရပ်မှာ တိမ်ထူပြီး လေပူတိုက်တယ်။ အဲဒီအရပ်ဆီကပဲ အမျှဝေသံတွေ ဆူညံတယ်။ တကယ်တော့ ကြက်ဆူပင်တွေရဲ့ လေးတင်သံတွေပါပဲ။ အဲဒီအရပ်ပေါ့ ကန္တာရရဲ့ မာယာနဲ့ အိုအေစစ်အသွင် ဆောင်တယ်။ မျက်နှာဖုံးတွေ ကတဲ့ဇာတ်မှာ ဘဝကို သံစဉ်တူဖို့ စိတ်ကို အခါခါ ပင့်တင်ထားရတယ်။ မျက်နှာဖုံးတွေ အူတဲ့အရပ်မှာ မတူတာတွေ လွှတ်ချနိုင်ဖို့အရေး မနက်ဖြန်ပေါင်း များစွာလည်း စွန့်လွှတ်ခဲ့ပြီးပြီ။

မျက်နှာဖုံးတွေပေါ့ သူတို့ကိုယ်သူတို့ အလှဆင်ဖို့ သားကောင်တွေ ချချနင်းတယ်။ နောက်တော့ မျက်နှာဖုံးတွေက မျက်နှာဖုံးတွေ ပြန်ဖြစ်သွားတယ်။ အရာရာဟာ နေသားကျတယ်။ ငါ့ကိုယ်ငါလည်း မိုးလင်းအောင် လုပ်ရဦးမယ်။ အဲဒါကြောင့် မိုးလင်းတာကို ထိုင်စောင့်တယ်။ မိုးက ဖြတ်ခနဲ လင်းသွားတယ်။ ဒါပေမယ့် ငါ့အခန်းထဲထိ အလင်းရောင် ဆင်းမလာခဲ့ဘူး။ မျက်နှာဖုံးတွေအတွက်က အလင်းရောင် မလိုပါဘူး။ အပျင်းဓာတ်ခံ ရှိပြီးသားပဲ။ သားကောင်တွေ ချနင်းတတ်ဖို့ပဲ လိုတယ်။ မနေ့ကတော့ မျက်နှာဖုံးတစ်ခုနဲ့ ငါ စကားနည်းနည်း ပြောဖြစ်တယ်။ သူက အရာရာကို ပေးဆပ်နိုင်ဖို့ သူ့မှာ အရာရာရှိနေဖို့ လိုတယ်တဲ့။ သူ နည်းနည်း စပ်စုလိုက်တယ်။ ပေးဆပ်နိုင်ပေမယ့် ပေးဆပ်ချင်စိတ် မရှိရင်ကော ဘယ်လိုဖြစ်လာမလဲ ဆိုတော့ မျက်နှာဖုံးက တောင်တောင်အီအီ ပြောတယ်။ ပြည့်စုံခြင်းရဲ့ ငြီးငွေ့မှုကို မြင်းဟီသလို တစ်ချက်ထဟီတယ်။ သူက “ရော့” ဆိုပြီး ဓားနဲ့ ပစ်ပေါက်လိုက်တယ်။ မျက်နှာဖုံးက ခြေကားယားလက်ကားယားနဲ့ ရှောင်တယ်။ မင်းဓားပေါက်ခံနိုင်မှ သူများကို ပေါက်လို့ရမှာ ဆိုပြီး သူထွက်လာခဲ့တယ်။ သူ့ကြည့်ရတာ လိပ်တစ်ကောင်နဲ့ ပိုတူတယ်။ ဒါကြောင့် မျက်နှာဖုံးတွေဟာ လိပ်တွေနဲ့ တိုက်ရိုက် အချိုးကျတယ်။

နောက်တော့ မျက်နှာဖုံးတွေရှိတဲ့ အရပ်မှာ ငါ့ကိုယ်ငါ ပြန်ပြီး ချိန်ခွင်ထဲ ထည့်ကြည့်တယ်။ အိုးးးး ကျပ်မပြည့်သေးဘူး။ အတ္တအချိုးအစား နည်းနည်း လိုနေသေးတယ်။ ဒီလိုနဲ့ နောက်တစ်ရက် နောက်တစ်ရက်နဲ့ နေ့ရက်တွေသာ ပြောင်းသွားတယ်။ မျက်နှာဖုံးတွေက ဟောင်းမသွားဘူး။ သားရဲတွင်းဆန်တဲ့ အမျှော်အမြင်တွေနဲ့ အတူ ဖုတ်ဖက်လူးပြီး သားရဲတွင်းထဲမှာပဲ ပျော်မြူးကြတယ်။ ဒီလိုနဲ့ မျက်နှာဖုံးတွေက မိတ်ဖြစ်ဆွေဖြစ် ညစာစားကြတယ်။ မျက်နှာဖုံးတွေ အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်ကြတယ်။ ငါ့ကိုလာမခေါ်လို့ ငါပျော်တယ်။ အဲဒါကြောင့် လူ့ကျင့်ဝတ်ထဲကို နှလုံးသွေးရောပြီး ငါ့ရင်ဘတ်ကို ငါစည်တီးမိတယ်။ ငါ့ရင့်ကျူးတဲ့ သံစဉ်က မျက်နှာဖုံးတွေအတွက် အစိမ်းဆန်တယ်။ ငါဟာ ကမ္ဘာဦး လူသားမျိုးနွယ်ပါ။ ဒါပေမယ့် ငါ အမဲမလိုက်ခဲ့ဘူး။  အဲဒါကြောင့် ငါဟာ မစို့မပို့တော့ ငတ်ချင် ငတ်နေလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ဖြစ်တည်မှုတစ်ခုရဲ့ ခန်နားထည်ဝါမှုကို အဖြူရောင်ပေါ်မှာ ဘောင်ခတ်ပြလိုက်တာပဲ။ ဒီလိုနဲ့ ညရဲ့ လကွေးလေးဟာ ငါ့အတွက် ဖြတ်ခနဲ လင်းသွားတယ်။ ငါဘာလုပ်ရမယ်ဆိုတာ သိတယ်။ အဲဒါကြောင့် လကွေးလေးရဲ့ အလင်းနဲ့ ငါ့လမ်းငါခင်းပြီး နင်းတက်ခဲ့လိုက်တယ်။ စိတ်ကူးတွေရှိရာ…………. ။

Thursday, September 15, 2011

ဘလော့ဂါဆိုတာ ဘာလဲ

ဘလော့ဂါဆိုတာဘာလဲတဲ့…အဲဒီခေါင်းစဉ် ကျနော့်ဆီရောက်လာတော့ တော်တော်နောက်ကျနေပါပြီ။ ကိုယ့်ဆီမလှည့်လောက်ဘူးဆိုပြီး ကြိတ်ပျော်နေတာ အင်ကြင်းတဂ်တော့မှ မလွတ်မှန်း သိရတော့တယ်။ 

ကဲ…ဘာလဲ ဘလော့ဂါဆိုတာ။ ဖတ်ခဲ့ရသမျှလေးတွေကတော့ တစ်နေရာတစ်မျိုး မရိုးရဘူးလို့ ဆိုရမယ်။ အားလုံးကလည်း ရေးထားလိုက်ကြတာများ တော်ချက်။ ကဲ…ဖိုးကြယ် မင်းကရော ဘာလဲ လို့ ပြန်မေးမိတယ်။ တကယ်လို့ပေါ့ ကျနော်ဟာ အများပြောနေကြတဲ့ ဘလော့ဂါတစ်ယောက် ဆိုပါစို့။ ကျနော်သိတဲ့ ဘလော့ဂါဆိုတာ  စူးစမ်းမှုတွေ၊ ဖန်တီးမှုတွေ၊ ခံစားမှုတွေ၊ မျှဝေချင်မှုတွေနဲ့ ဝါသနာလေးတစ်ခုကို စိတ်ပါဝင်စားစွာ လုပ်ဆောင်နေကြတယ်လို့  မြင်ပါတယ်။ 

ဥပမာ ဆိုကြပါစို့ .... ကဗျာလေးတစ်ပုဒ်ကို ဘလော့ဂါက ခံစားဖန်တီး မျှဝေတယ်။ အဲဒီလို မျှဝေတဲ့ အပိုင်းထဲမှာပဲ အမျိုးအစား ကွဲပြားအောင် မျှဝေနိုင်ဖို့ရာ အရင်ဆုံး လေ့လာမှတ်သားရပါသေးတယ်။ ဒီလိုပါပဲ စာပေ၊ ဂီတ၊ နည်းပညာ၊ ဆေးပညာ ကိုယ်သန်ရာသန်ရာပေါ့ ဘလော့ဂါတွေအားလုံးက မျှဝေနေကြတာ။ ကဲ…အဲဒါတွေ မျှဝေနေတာဟာ ဝါသနာ၊ ဖန်တီးနေတာဟာ ဝါသနာ ဆိုတော့ ဘလော့ဂါဆိုတာ ဝါသနာကို အခြေခံပြီး ဖြစ်တည်လာတယ်လို့ ကျနော်ထင်မိတယ်။ 

နောက်တစ်ခုက ဘလော့ဂါတွေရဲ့ ကြိုးစားမှုအပိုင်းပေါ့။ အဲဒီလိုပြောလို့ အမလေး ဘာတွေများ ကြိုးစားနေကြရပါလိမ့်လို့ ဘလော့ဂါမဟုတ်သူတွေက မြင်ကောင်း မြင်ကြပါလိမ့်မယ်။ မြင်လည်း မြင်သင့်ပါတယ်။ သူတို့ ဘာတွေ ကြိုးစားရသလဲ။ ကိုယ်မျှဝေချင်တာလေးတွေရဲ့ အကြောင်းအရာ၊ အဆိပ်အတောက် ကင်းစေရေး၊ ခံစားမှုရသ အချိုးအစား၊ ဖန်တီးမှုရဲ့ ပုံစံ၊ အကျိုးဖြစ်ထွန်းစေရေး ဒါတွေပါပဲ။  အဲဒီလိုပြောလို့ ကြီးကျယ်လိုက်တာလို့ ဖြစ်ချင် ဖြစ်သွားလိမ့်မယ်။ သေချာပါတယ် ဘလော့ဂါတွေရဲ့ မျှဝေမှုတွေထဲမှာ ထိုသို့သော အချက်အလက်တွေ ပေါင်းစပ်ပါဝင်နေပါတယ်။ 

နောက်တစ်ခုက ဘလော့ဂါတွေရရှိတဲ့ အကျိုးအမြတ်ပါ။ ဘာမှမရဘူးတော့ မဟုတ်ပါဘူး။ ဘလော့ဂါတွေ ရလိုက်ပါတယ်။ အဲဒါကတော့ ပီတိပါ။ ဟုတ်ပါတယ် ကျနော့်အထင်ပြောရရင် ဘလော့ဂါတွေ မမောတမ်း ဘလော့ဂင်းနေကြတာ အဲဒီပီတိကြောင့် လို့ပြောရင် မမှားနိုင်ဘူးလို့ ထင်မိပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ ဖန်တီးမှုလေးကြောင့် စာဖတ်သူမှာ ရသလေးတစ်ခုခု ဒါမှမဟုတ် အသိလေးတစ်ခုခု ရရှိသွားတယ်ဆိုရင် အဲဒီလိုရရှိတယ်ဆိုတဲ့ အကြောင်းအရာလေးက ဘလော့ဂါတွေရဲ့ အကျိုးအမြတ် ဒါမှမဟုတ် ပန်းတိုင်ပါပဲ။ 

နောက်ထပ် အကျိုးအမြတ်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ အသိနဲ့ ဗဟုသုတပါ။ ဒါက ဘလော့ဂါက ရလိုက်တဲ့ အပိုင်းပါ။ သူတစ်ပါးကို မျှဝေချင်တော့ ဘလော့ဂါတွေက အရင် လေ့လာမှတ်သားရပါတယ်။ ဥပမာ ဆေးပညာဆိုပါစို့။ ရောဂါတစ်ခုရဲ့ ကုထုံးတစ်ခုကို မျှဝေဖို့အတွက် သူအရင်သိမှ ဖြစ်မှပါ။ အဲဒါကြောင့် ရှာဖွေလေ့လာ မှတ်သားရတာဟာ အမှန်ပါပဲ။ 

ဆိုတော့ ဘလော့ဂါတွေဟာ သူများတွေထက် ပိုသိ၊ ပိုတတ်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘလော့ဂါမဟုတ်ဘဲ လေ့လာဖတ်မှတ်နေတဲ့ လူတွေ အများကြီးပါ။ ဘလော့ဂါတွေဟာ အဲလိုလုပ်လို့ ဘလော့ဂါတွေက အဲလိုရတယ်လို့ ကျနော်က ဆိုလိုချင်တာပါ။ 

အချုပ်ဆိုရရင်တော့ “ဘလော့ဂါဆိုတာ ဝါသနာ၊ ဖန်တီးမှု၊ မျှဝေမှု၊ ခံစားမှု၊ ပီတိတွေနဲ့ လုံးထွေးနေသူ” လို့ ကျနော်ကတော့ အဓိပ္ပါယ်ဖွင့်လိုက်ချင်ပါတယ် ခင်ဗျား။

ပြည်သူဘလော့ဂါမလေး အင်ကြင်း ရဲ့ တဂ်ပို့စ်လေးကို ကျနော် သိသလောက်၊ ကျနော် နားလည်မိသလောက် ချရေးလိုက်ပါတယ်။ သဘောထားတွေ၊ ခံယူချက်တွေ ကွဲပြားမှုများ ရှိခဲ့ရင် ကျနော့်လိုအပ်ချက်သာ ဖြစ်ပါတယ် ခင်ဗျား။

Sunday, September 4, 2011

ကြိုတင်မမြင်နိုင်သောအရာရာများ

ကားခေါင်းခန်းထဲမှာ ဖွင့်ထားသော လေးအေးပေးစက်မှ အေးစက်စက်လေအေးများက သူ့မျက်နှာပြင်သို့ တိုးဝှေ့နေသည်။ သူ့ရဲ့စိတ်အစဉ်ကတော့ ပြင်ပနှင့်မတူပဲ ပူလောင်လျှက်။ ခုနက တွေ့ခဲ့ရသောမြင်ကွင်းက မျက်လုံးထဲကမထွက်နိုင်ပဲ ရှိတော့သည်။ 

စင်ကာပူ NUH ဆေးရုံပေါ်ရှိ ခုတင်ပေါ်မှ လူနာ၏ ဖျော့တော့တော့ အပြုံးက သူ့ကိုနွမ်းလျစေခဲ့သည်။ တင်ပါးဆုံရိုးခွဲထားသော လူနာတစ်ယောက်၏ နာကျင်မှုကို သူနားလည်နိုင်ပါသည်။နောက် မိသားစုနှင့်ဝေးနေရသော လူတစ်ယောက်၊ ကိုယ့်နိုင်ငံလို နွေးထွေးမှုကို ရှာမတွေ့နိုင်သောနေရာ၊ အားငယ်မှုတွေ၊ စိုးရိမ်မှုတွေနှင့်မျက်နှာ ဒါတွေကို သူမြင်နေရသည်။

“သူငယ်ချင်း မင်းနေလို့ကောင်းတယ်နော်” ပဋိသန္ဓာရ စကားကို စဆိုရသည်။ မှိန်နေသော မျက်လုံးများ အရောင်လက်လာတာ သူမြင်တွေ့လိုက်ရသည်။ နောက် လက်ကလေးတစ်ဖက် မြောက်တက်လာသည်။ သူအလိုက်သင့်ကလေး ကိုင်ထားပေးလိုက်ရသည်။ အေးစက်စက် လက်တဖက်ရဲ့ အထိအတွေ့က သူ့ကိုပိုပြီး ဆို့နင့်စေခဲ့ရသည်။ တစ်စက်ရုံထဲအလုပ်လုပ်ခဲ့သူ၊ တစ်အိမ်ထဲနေခဲ့သူ၊ နောက် မြန်မာစကားကို မပီကလာပီကလာပဲပြောတတ်သူ၊ ဘာသာခြားတိုင်းရင်းသားတစ်ယောက်ဖြစ်သော သူ့ကိုတော့ သူပိုခင်တွယ်မိသည်။ 

“သူငယ်ချင်း ဘာမှစိတ်မပူနဲ့သိလား တို့အားလုံး မင်းအတွက်လိုအပ်တာတွေ အကုန်လုံးလုပ်ပေးထားတယ်။ မင်းရဲ့ညီကိုလည်း ဖုန်းဆက် ပြီးသွားပြီ။” ခေါင်းလေးငြိမ့်ပြသည်။ နောက် ခပ်တိုးတိုးလေးသူပြောသည်။ 

“သံတုံးကြီးပြုတ်ထွက်လာတာ ငါမြင်လိုက်တယ်…….. ငါပြေးသေးတယ်….ငါ့နောက်မှာ အန်ကယ်ကြီးရှိနေတယ်…..ငါသူ့ကိုတွန်းဖယ်လိုက်တာ……မဟုတ်ရင် ငါရောသူရောပိမှာ……..” 

“ငါသိတယ်သူငယ်ချင်း မင်းအဲဒီလိုတွန်းလိုက်လို့လည်း အန်ကယ်ကြီး လွတ်သွားတာ။ အားလုံးကလည်း မြင်တယ်ကွ။ မင်းကိုလည်း ချီးကျူးနေကြပါတယ်။ မင်း အဲဒီပီတိလေးကို စားထားပါကွာ။ မင်းအတွက် အားဖြစ်လာပါလိမ့်မယ်နော် သူငယ်ချင်း။” 

လူတော်တော်များများက ဘေးအန္တရာယ် ကြုံလာရင် ဘေးဘီကို သတိမေ့တတ်ကြတာ သဘာဝလိုပါပဲ။ သူကတော့ မမေ့ခဲ့ပါ။ ကြီးမားတဲ့ ပစ္စည်းကြီးတွေကို စက်ခုတ်စားတဲ့အခါမှာ စက်ရုံက လူနှစ်ယောက်လောက် ထားပေးတတ်ကြသည်။ပေါ့လျော့မှုကြောင့်ဖြစ်လာမည့်ဘေးအန္တရာယ်တွေကိုကြိုတင် သိမြင်နိုင်ဖို့အတွက်ပါ။ ကြိုတင်သိမြင်လို့ ဘေးအန္တရာယ်က လွတ်သွားတဲ့ သာဓကတွေလည်း ရှိခဲ့ပါသည်။ သို့သော် ယခုလို စက်ချို့ယွင်းမှုကြောင့် ဖြစ်လာတာကတော့ ဘယ်သူမှ ဘာမှမတတ်နိုင်တော့ပါ။ တာဝန်ယူထားတဲ့ လူနှစ်ယောက်ထဲကမှ အခုတစ်ယောက်က အတွင်းလူနာအဖြစ် ဆေးရုံကိုရောက်ရှိနေပြီ။ 

“သူငယ်ချင်း အချိန်တိုင်း မင်းတို့ရဲ့ ဘုရားကို အာရုံပြုထားနော်။ မင်းရဲ့ ဆွဲကြိုးလေးရော....သူတို့သိမ်းပေးထားတယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် စိတ်ထဲကနေ အာရုံညွှတ်ထားပေါ့ကွာနော်။ ငါတို့ထပ်လာခဲ့ပါဦးမယ်။ ခုတော့ မင်းနားလိုက်ဦးနော်။” 

နှုပ်ခမ်းလေး ကွေးတက်သွားတာကို သူပြုံးပြတယ်လို့ပဲ မှတ်ယူလိုက်ပါသည်။ နာကျင်မှုတွေ ကြားထဲက လူတစ်ယောက်ရဲ့ အပြုံးဟာ ဒီလောက်နဲ့တင် လုံလောက်ပါပြီ။ ဘေးအန္တရာယ်ကြားကနေ ကိုယ့်အတွက်ကို ပဓာနမထားဘဲ သူတစ်ဖက်သားကို လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့ စိတ်ထားလေးရဲ့ အကျိုးကျေးဇူးကြောင့် သူတို့ ဘုရားသခင်က သူ့ကို စောင်မကြည့်ရှုလိမ့်မည်ဟု သူယုံကြည်ပါသည်။


မောင်းနေတဲ့ကားရဲ့ စက်သံညက်ညက်ရယ် ဂီယာထိုးသံတွေရယ်က သူ့ကိုအတွေးထဲမှပြန်ဆွဲခေါ်သွားသည်။ရှေ့မှာမြင်နေရတာက လမ်းမကြီးပေါ်မှာ ဥဒဟိုသွားလာနေကြသော ကားများ ၊ ဆိုင်ကယ်များ၊ ရည်မှန်းချက်ကိုယ်စီနဲ့ လူများ၊ လမ်းမကြီးပေါ်မှာပဲ မျက်လုံးတွေဖွင့်လျှက်က ကြိုတင်မမြင်နိုင်သော အရာရာများ……။

Tuesday, August 30, 2011

ဘလော့ဒေး အမှတ်တရ

“ဘလော့ဘလော့ ဘယ်ကစ၊ ပေါ့ဆိမ့်ကြီးကစ” လို့တောင် ပြောရမလိုပါပဲ။ ဒီစင်ကာပူကိုရောက်ပြီးရော  ၊ မရောက်ခင်တုန်းကရော ဘလော့ဆိုတာ ဘာကြီးမှန်းတောင် မသိခဲ့ရိုးအမှန်ပါခင်ဗျ။ တစ်နေ့လား မောင်ပေါ့ဆိမ့်က ဖုန်းဆက်ပါလေရော။ ဟေ့ကောင်တဲ့ ငါဘလော့လေးတစ်ခုလုပ်ထားတယ်တဲ့၊ ငါတို့ရွာနာမည်လေးနဲ့တဲ့။ အဲဒီမှာ မင်းက ကဗျာတွေဘာတွေ ရေးပေးတဲ့။ ငယ်ငယ်တုန်းကလည်း မင်းလက်တည့်စမ်းစမ်းနေတာပဲတဲ့။ ဟင်….အင်း….လို့ပဲပြောနိုင်ပါတယ်။ သူပြောတဲ့ ဘလော့ဆိုတာ သူပြောလို့သာ ကြားဖူးတာကလား။ “ဟဲ့ဟဲ့ အဲလိုတော့မလုပ်နဲ့လေ ၊ ငါ့ကိုနားလည်အောင်ရှင်းပြပါဦး ” ဆိုတော့မှ မောင်မင်းကြီးသားပြောသမျှ သိပြီး ဘလော့ဖြစ်ခဲ့တယ် ပြောပါတော့။ 

အဲဒီကစပြီး “ဆင်တဲကဖေး” ဆိုတဲ့ဘလော့လေးဖြစ်လာပြီး “ချိုကျ” ဆိုတဲ့နာမည်နဲ့ တိုတိုထွာထွာလေးတွေ ရေးပါလေရော :) ။ မှတ်မှတ်ရရ ဆင်တဲကဖေးက အရင်က blogspot ဆိုဒ်တစ်ခုပေါ့။ ၉ရက် ၉လ ၂၀၀၉ မှာစလုပ်ဖြစ်ခဲ့တယ်။ ပေါ့ဆိမ့်၊ ကျဆိမ့်၊ ဘလက်ကော်ဖီ၊ ရေနွေးကြမ်း၊ ကပူချီနို၊ iceကော်ဖီနဲ့ ရှယ်တို့ ပါပါတယ်။ နောက် ၁၃ရက် ၂လ ၂၀၁၀ မှာ မောင်ပေါ့ဆိမ့်က .com ပြောင်းရင်ကောင်းမယ်။ အဲဒါမှ မြန်မာပြည်က လူတွေ ကြည့်ရတာအစဉ်ပြေမယ်ဆိုပြီး .com ကိုပြောင်းခဲ့ကြပါတယ်။ အဲဒီနောက်မှာမှ ပတ္တမြားကျောက်စီဓားဆွဲပြီး လင်ခရူဆာစီးတဲ့ မောင်ပုံမှန်တစ်ယောက် ပါလာတော့တာပဲ။ ဒီလိုရေးရင်းနဲ့က ကိုရေသန့်ကြီးက “ဆင်တဲ”ဆိုတဲ့နာမည်ကိုတွေ့လို့မွေးရပ်မြေလေးသတိရလိုက်တာကွာ ဆိုပြီး ရေသန့်တွေ ရောင်းတော့တာပါပဲ။ 

အဲလိုရေးနေရင်းက မောင်ချိုကျတစ်ယောက် စိတ်ဖောက်ပြီး ကိုယ်ပိုင် ဘလော့ကလေးတစ်ခု လုပ်ချင်လာပါလေရောလား။ ဒါနဲ့ပဲ အရပ်ကူပါ လူဝိုင်းပါနဲ့ ဘာ..ဘာ..... ဘာမှမသိတဲ့ html တွေ template တွေ ဆီပုံးတွေ၊ java တွေ အို….ဘာတွေ ဘာတွေမှန်းကို မသိပါဘူး (ခုထိလည်း မသိသေးပါဘူး :) ။ ဂလိုနဲ့ပဲ မောင်ဖိုးကြယ် ဖြစ်လာပါလေရော။ 

ဘယ်အရာတွေဘယ်လိုပဲပြောင်းပြောင်း ဘလော့ဂါမိတ်ဆွေအပေါင်းကတော့ ဟောင်းမသွားဘူး။ ဘလော့ရေးခဲ့တဲ့ တစ်လျှောက် ရင်နှီးခဲ့တဲ့ ဘလော့ဂါတွေက ချိုပြီးပဲကျကျ ဖိုးပြီးပဲကြယ်ကြယ် အဲအဲ….နွေးထွေးစွာအားပေးလျှက်ပဲ :) ။ ခုချိန်ထိကိုရော၊ နောင်ဘယ်ဘဝအခြေနေရောက်ရောက် မမေ့နိုင်တဲ့ ဘလော့ဂါတွေကို ချရေးလိုက်ဦးမယ်။ (သူများတွေလဲ ဂလိုပဲ ရေးကြတယ် ဟဲဟဲ) 

ပထမဆုံးနဲ့ထိပ်ဆုံးကတော့ အစိမ်းရောင်မင်းသမီးလေး ကျနော့်မမ စိမ်း အဲအဲ ကျနော့်အစ်မ မချော၊ နောက် သူ့ရဲ့ချစ်ချစ်ကြီးအကြောင်းကိုရေးရေးပြီး ကြွားတတ်တဲ့ အစ်မရွှေစင်ဦး (ထမင်းဖိတ်ကျွေးဦးနော် နောက်တစ်ခါလောက် :)) ၊ နောက် လ ပဲကွယ်နေသလိုလို၊ လ ပဲကြပ်နေသလိုလို ဖြစ်ဖြစ်နေတဲ့ မမလသာည၊ နောက် ချိုကျဆိုရင် လဖ္ဘက်ရေပဲ ပြေးပြေးမြင်တတ်တဲ့ အစ်မချစ်၊ နောက် အမြဲတမ်း ကြည့်လိုက်ရင် အေးချမ်းနေတတ်တဲ့ အစ်မဇွန်၊ နောက်ဘလော့မှာ ဘယ်ရောက်နေမှန်းကို မသိရတော့တဲ့ဒေါ်အင်ကြင်းသန့် (မှတ်ထား....ဒေါ်တပ်ပစ်လိုက်ပြီ:)၊ တစ်ယောက်တည်းမနေပဲ မိုးငွေ့နဲ့မှ အတူတူသွားနေတဲ့ အစ်မမိုးငွေ့ဟိုတလောက ပထမဆုရသွားတဲ့၊ “ကျားယို”လို့ ပြောပြောသွားတတ်တဲ့ မွန် (ခုချိန်ထိ ကျားယိုရဲ့အဓိပ္ပါယ်ကို ဘာမှန်းကို မသိသေးဘူး :D)၊ နောက် အိမ်ထဲမှာ တစ်ယောက်ထည်းနေပြီး ပျောက်ပျောက်နေတယ်ဆိုတဲ့ အစ်မ မအိမ်သူ၊ နောက် ကျနော့်အစ်ကိုကြီး လူပျိုကြီး ကငြိမ်းနိုင်၊ နောက် အစ်ကိုကြီး လူပျိုကြီး လူပျိုအကြီးကြီး (အဲအဲ နဲနဲများသွားပြီ ):P....ကိုကြီးမြစ်၊ နောက် တစ်ခါတွေ့ရင် တစ်ခါပုံပြောင်းသွားတဲ့ ညီလေးညီသူ၊နောက် ဇာတ်လမ်းကောင်းလေးတွေကို လည်ရှည်အောင် စောင့်ဖတ်ရလောက်အောင် ရေးတတ်တဲ့ ကိုကြီးဆိုစီ၊ ဟိုတလောက မန္တလေး ပြန်သွားမှ အရှင်လတ်လတ်ကြီး တွေ့ဖူးခဲ့တဲ့ နတ်ဆိုးလေး (တွေ့ခဲ့တုန်းက လူပါ )၊ နောက် blackroze လို့ခေါ်ပေမယ့် black လို့ပဲခေါ်တဲ့ ခံစားမှုသံစဉ်လေး၊ နောက် လူ့လောကထဲကို ကလေးလေးတစ်ယောက် ခေါ်ဖို့ အစဉ်သင့်ဖြစ်နေတဲ့ ဒေါ်ယွန်း၊ နောက် မြန်မာပြည်ကိုလွမ်းတယ်ဆိုပြီး ထပ်မတွေ့ရတော့တဲ့ ညီမလေး ပျိုမွန်လေး၊ နောက် ဝဋ္ဋ်နာ ကံနာ ညီရဲသစ်... အဲလေ ယောင်လို့ ....ဝဋ္ဋ်နာ ကံနာဆိုတဲ့ ဝတ္တုတိုလေးနဲ့ စတင်ပြီး ကိုယ်ပိုင်ဘလော့လေး လုပ်ဖြစ်သွားတဲ့ သူငယ်ချင်း black coffee ။ နောက်သူငယ်ချင်းပုံမှန်ပြောတဲ့ ယောဂီရောင်ဝတ်စုံလေးနဲ့ မိုး

ဒီအထဲမှာမှ တွေ့ဖူးတဲ့ ဘလော့ဂါတွေလည်းရှိသလို မတွေ့ဖူးတဲ့ ဘလော့ဂါတွေလည်းရှိတယ်။ ဘာပဲပြောပြော ဒီဘလော့ရပ်ဝန်းလေးထဲမှာ တွေ့ဆုံခဲ့တဲ့ ညီအစ်ကိုမောင်နှမများကိုတော့ ဒီဘလော့ဒေးလေးနဲ့အတူ  ဘဝတစ်လျှောက်လုံးထိ ဘယ်နေရာရောက်ရောက် သယ်သွားဖြစ်မှာကတော့ သေချာတဲ့ ခံစားချက်ကလေးတစ်ခုပါပဲ ။

Thursday, August 18, 2011

ဧရာဝတီအတွက် တိုလွန်းတဲ့ကဗျာ



ရာဇဝင်ထဲမှာချပြထားခဲ့တဲ့နေ့ရက်တွေက
လတ်ဆတ်ဆဲသူ့အလှလို
ဟောင်းမသွားတာကိုက
တစ်မျိုးလှနေတာ....။

သူ့ရင်ခွင်ကိုစတေး
သမိုင်းတစ်လျှောက်ကျွေးမွေးပြီး
တစ်သွေးတစ်မွေးလှစေတာလည်း
သူ့ကြောင့်...... ။

ကံကြမ္မာရယ် မမှောက်မှားလိုက်ပါနဲ့
ထောက်ထားစေလိုတဲ့အတွေးတွေနဲ့အတူ
မျှော်လင့်ချက်လေးတွေလည်း
တဒေါက်ဒေါက်ကျလို့.....။

သူ့ကိုကြည့်ရင်း ငါတို့ကိုယ်တိုင်ကိုပြန်ကြည့်ရင်း
တိမ်ခိုးဝေနေတဲ့ မျက်ရည်ရာသီတွေ
ကျင်းပရတော့မှာတဲ့လားကွယ်......။

ဧရာဝတီရယ်.......
တစ်ကယ်တော့နင်ဟာ
အားလုံးထက်ကမြစ်တစ်စင်း
အဲဒီနှင်းခါးတွေမကွဲသ၍တော့
အားလုံးနဲ့အတူတူ
စုန်းကဝေမြူးတဲ့ နှစ်ရူးတွေကို
ဖြတ်.....ဦး.......စို့.........။

Wednesday, July 27, 2011

ကျွန်တော်ကြိုက်၏မကြိုက်၏


"ကြိုက်၏မကြိုက်၏" တဲ့။ ကိုကြီးကိုမောင်လေး က တဂ်ထားတယ်။ ရေးမယ် ရေးမယ်ပေါ့လေ။ ဆိုတော့ကာ ကိုယ့်မှာလည်း ကြိုက်တာလေးတွေရော မကြိုက်တာလေးတွေရော ချရေးကြည့်လိုက်မိတယ်။ အဲဒီထဲကမှ တစ်ချို့အချက်လေးတွေကိုပဲ တင်လိုက်တော့မယ်။ ကြိုက်တာတွေ မကြိုက်တာတွေက သိပ်အများကြီးမရှိဘူးတော့ ထင်တာပါပဲ။ ကိုမောင်လေးရေးသလိုပဲ ရေးလိုက်တော့မယ်။ 

အရင်ဆုံးကတော့ ကိုယ်ခန္ဓာ ပေါ့လေ....
ဗလတောင့်တောင့် အဖုအထစ်တွေ မရှိပေမယ့် အဲလိုရှိတဲ့လူတွေကို အားကျပါတယ်။ အဲ ...... အဲလိုရှိချင်လား ဆိုတော့လည်း မရှိချင်ပြန်ဘူး :) ။ အသားမဲတဲ့လူတွေ ညိုတဲ့လူတွေအပေါ် ဘယ်လိုမှ မခံစားရပေမယ့် ကိုယ်ကတော့ နေပူထဲထွက်တာများလို့ အရောင်ပြောင်းရင် မကြိုက်ချင်တဲ့သူပေါ့ :) ။  အရပ်ရှည်တာကို နှစ်သက်ပေမယ့် ကိုယ့်လောက်ရှည်တာတော့ မကြိုက်ချင်ပြန်ဘူး :) ။ ၅ပေနဲ့ ၁၀လက်မလောက် ရှိမယ်ထင်တာပဲ :)။ အရမ်းပိန်ကပ်နေတာကို မကြိုက်ပေမယ့် ကိုယ်ကကို အဲလို ခပ်ပိန်ပိန်ရယ် :P ။ ဆံပင်ကတော့ အမြဲတန်း ခပ်တိုတိုပဲ ထားဖြစ်တယ်။ ဆံပင်ရှည်တွေကို နှစ်သက်တယ်။ ကိုယ်တိုင်လည်း ထားခဲ့ဖူးတယ်။ ၂၀၀၄ လောက်တုန်းက ဆံပင်က ကျောလောက်နီးပါး ရှိခဲ့ဖူးတယ်။ ဆံပင်ရှည်လာတော့ စိတ်ပိုရှုပ်လာသလို ခံစားရလို့ ပြန်တိုလိုက်တာ ဒီနေ့ထိပဲ။

အပြုအမူ
 ဘယ်နေရာပဲသွားသွား ဘေးဘီသိပ်မကြည့်တတ်ဘူး။ မတတ်သာလို့ကြည့်ရင်လည်း လမ်းကူးဖို့ ကားတို့ဆိုင်ကယ်တို့လောက်တော့ ကြည့်တယ်။ အဲဂလိုပေမယ့်လည်း အကွေ့မှာဝင်တိုက်တဲ့ ဇာတ်လမ်းလေးတွေ ဘာတွေ လုံးဝလုံးဝ မရှိခဲ့ဘူး။ စိတ်ညစ်စရာပဲနော် :) ။ နောက်တစ်ခုက လက်…. ဘယ်နေရာထားရမှန်းကို မသိဘူး။ တစ်ခါတစ်လေမှာ ဒီလက်က တော်တော်ရှုပ်တယ်။ နောက်ထပ်တစ်ခုက ရယ်တဲ့အခါ တော်တော်ဂွကျရတယ်။ အူလှိုက်သည်းလှိုက်ရယ်ဖို့ ပါးစပ်ကို အကျယ်ကြီးဖွင့်ရမှာ နှမျောသလိုသလို ဘာလိုလိုနဲ့ လက်နဲ့ပိတ်ပိတ်ပစ်တတ်တာ... အဲဒါကိုက ဂွကျနေတာ :) ။

အစားအသောက်
အမဲသားတော့ သိပ်မစားဖြစ်ဘူး။ တခြားဟာဆိုရင်တော့ ဆင်တဲကဖေးက သူငယ်ချင်း ပုံမှန်ရေးတဲ့ တွဲဖက်စားသုံးရန်မသင့်တဲ့ အရာတွေပဲ ရှောင်တယ် :)။ အထူးသဖြင့်တော့ အာလူးနဲ့ လက်ဖက်ကို ကြိုက်တယ်။ ဘာလိုလို ညာလိုလိုအသားတွေ စားမရဘူး။ ကြွက်တို့ ကြောင်တို့ ဖားတို့ ဘာညာကွိကွတွေပေါ့။ အိမ်ကလည်း မစားဘူး။ ကိုယ်တိုင်ကလည်းမကြိုက်ပေဘူးလေ :) ။ အဲ..ထွေလီကာလီ သုတ်တာလေးတွေတော့ ကြိုက်တယ်။ မြန်မာပြည်ကို အလည်ပြန်သွားတုန်းက ဆွမ်းဦးပုညရှင်ကို ရောက်တော့ ထမင်းဆိုင်မှာ ကြောင်လျှာပွင့်သုပ်တို့၊ တရုပ်စကားပွင့်သုပ်တို့ရတယ်လည်း ဆိုရော ကြိတ်လိုက်တာ ညနေမန္တလေး ပြန်ရောက်တော့ အစ်မရွှေစင်ဦးတို့ ဖိတ်ကျွေးတဲ့ ဟင်းပေါင်းမျိုးစုံနဲ့ ညစာထမင်းကိုတောင် အနိုင်နိုင်စားယူရတယ် :) ။ အသားတွေထက် အရွက်တွေပိုကြိုက်တဲ့သဘောပေါ့။

အဝတ်အစား
လက်တို လုံးဝမကြိုက်ဘူး။ ပူမှဝတ်တယ်။ မပူရင် လုံးဝမဝတ်ဘူး :) ။ အထူးသဖြင့် လက်ရှည်ကို Alter  Shirt လေးတွေ ပိုကြိုက်တယ်။ ဝယ်ထားသမျှလည်း အဲလိုတွေချည်းပဲ။ အရောင်ကတော့ အနက်၊ အဖြူနဲ့ မီးခိုးရောင် ခပ်မှိုင်းမှိုင်းတွေ ဝယ်ဖြစ်တယ်။ နောက် Jean  Pant ကို သိပ်ကြိုက်တယ်။ စတိုင်ကတော့ ဒေါက်ပျောက်လောက်ပဲ ဝယ်ထားတယ်။ သိပ်လည်းမကြိုက်တော့ သိပ်လည်းမဝတ်ဖြစ်ပါဘူး။ ထူးထူးရှယ် ကြိုက်တာကတော့ ဦးဂျမ်းပုဆိုး အကွက်စိပ်လေးတွေပါ။ အိမ်ပြန်ရင် အဖေက အသစ်လေးတွေ ဝယ်ထားတယ်။ သားလေးပြန်လာရင် ဝတ်ဖို့တဲ့။ အရောင်လေးတွေက ကျနော့်အကြိုက်တွေချည်းပဲ :) ။ အဲဒါကြောင့် ကျနော့်အဖေဖြစ်နေတာနေမှာ :) ။ ဒီနေရာမှာတော့ ကိုဂျီးကိုမောင်လေး နဲ့ တော်တော်တူတယ်ပြောရမယ် :) ဦးဂျမ်းကြိုက်တာခြင်းပေါ့။ မြန်မာဖိနပ်ဆိုရင်တော့ အောကတီပါ ဇီးရောင်ပေါ့။ ဂျင်းနဲ့ဆိုရင်တော့ All Star ကိုကြိုက်တယ်။ ကိုယ်က မင်းသားလည်း မဟုတ်တော့ အဲဒီလောက်ပဲ ဆင်ဖြစ်တယ်လေ :) ။

ကဲ…ကိုမောင်လေးရေ...ကြိုက်၏မကြိုက်၏ တွေကတော့ တတ်သလောက်မှတ်သလောက် ဒါအကုန်ပဲဗျို့ :) ။ အဲဒါကတော့ အနှီမောင်ဖိုးကြယ်ရဲ့ ရှိတာအကုန်ထုတ်ကြွားရခြင်းပါ။ ဒါပါပဲ….တော်သေးပြီ :P ။


Thursday, July 21, 2011

ခရီးသွားမှတ်တမ်း [ ၁ ] - ရွှေကျောင်းတော်

ပြီးခဲ့တဲ့လက အလည်ပြန်သွားခဲ့ပါတယ်။ အလည်ဆိုတော့ လည်တာပေါ့။ သွားတယ် ရောက်တဲ့နေရာ စားတယ်။ နောက်ထပ် ထပ်သွားတယ် ထပ်ရောက်တယ်။ ခုတော့တင်လိုက်တော့မယ် :)။ မေးတဲ့သူတွေက မေးကြတယ်လေ။ ဘာမှမတင်ဘူးလားတဲ့။ ရိုက်လာတဲ့ ပုံတွေတင်မယ်လို့ စဉ်းစားလိုက်တယ်။

ကဲ.....တင်ပါပြီ :) ။ 













ဒါကတော့ ဂုဏ်ယူစရာ မန္တလေးက ရွှေကျောင်းတော်ကြီးပါ။ ခမ်းနားလှတဲ့ အနုလက်ရာတွေ ၊ နောက် ရှေးမြန်မာ ဗိသုကာပညာရှင်တွေရဲ့ ညာဏ်ပညာ ထက်မြက်ပုံတွေ [ ရှေးမြန်မာတွေနော် :) ] နောက် မြန်မာလူမျိုးတွေရဲ့ ဘာသာတရားအပေါ်ထားတဲ့ ဒါန.... ။



တံခါးတွေ မင်းတုန်းတွေမှာ သံမသုံးပဲ စရွေးကိုက် အပေါက်ဖောက်ပြီး ထည့်ထားတယ်။ အို.....ရင်သပ်ရှုမောဖွယ်ပါပဲ... :)


ဒါကတော့ ရာဇဝင်ထဲက နေရာလေးပါ ။ ငယ်ငယ်ကတည်းက ပုံတွေထဲမှာ တွေ့ဖူးနေကြ နေရာလေးမို့ ရိုက်လာခဲ့တယ်။


ရွှေကျောင်းတော်ကြီး ဆိုတဲ့အတိုင်း ရွှေတွေပိန်းနေအောင်းချထားခဲ့တာ ခုတော့ရသလောက် ကျန်သလောက် ကလေးကိုပဲ ရိုက်လာခဲ့ရတယ်....ဝမ်းနည်းစရာပဲ။ သေခြာကြည့်နော် ပြူးပြီးသာကြည့် မြင်ရလိမ့်မယ် :) ။














ဒါကတော့ ကျောင်းရဲ့အောက်က နေရောင်ကျနေတာ တစ်မျိုးလေးလှလို့ရိုက်လာတာ။ 

ဒီကျောင်းကြီးကို မန္တလေးက Blogger အစ်မရွှေစင်ဦးနဲ့ မစည်းစိမ် တို့လိုက်ပို့ပေးခဲ့တာပါ။ ကျေးဇူးပါအစ်မတို့ :)။ အခုပိုစ့်ကတော့ ခရီးသွားမှတ်တမ်းအစပေါ့။ နောက်ဆို Europe တို့ UK တို့ရောက်ရင်လည်း ရေးတင်ပါ့မယ်။ ဘယ်တော့လည်းတော့မမေးပါနဲ့ :) ။

Saturday, May 28, 2011

ရေးလို့မရတဲ့ကဗျာ

အစရှာမရတဲ့ စကားလုံးပျက်ကပ်ထဲမှာ
ကဗျာတွေလေ သေငယ်ဇောနဲ့ မျောနေလိုက်ကြတာ
ကကြိုးကကွက်ပျက်တဲ့ မင်းသမီးတစ်လက်လိုပ
ဒုက္ခနဲ့သုခကိုအရောင်တင်ဖို့
စကားလုံးတွေကိုဆူးထိုးရင်း
မိုးစင်စင်လင်းခဲ့ရပေါင်းများပြီ.....။
ဒီလိုနဲ့ပဲ
မုန်တိုင်းက လေကိုဗဟိုပြုတော့
ငါ့ကဗျာတွေဘယ်ကိုခြေဦးတည့်ရပါ့.......။
လက်ဖျားမှာကဗျာမသီးတာကြာပြီ
ခါခါချတိုင်းလက်ကြားကရေယို
ဆင့်ပါးစပ်နှမ်းပက်နေသလို
တစ်ပိုင်းတစ်စကဗျာတွေလည်း အိုအိုသွားကြ
ဟောဒီမှာဗျ......
စကားလုံးပျက်ကပ်ထဲ
ရေးလို့မရတဲ့ကဗျာလည်းပါသေးတယ် ။

Friday, May 6, 2011

ရင်ကိုထိစေတဲ့ ကဗျာ

စင်ကာပူရဲ့ ဒုတိယအကြိမ် စာပေဟောပြောပွဲ (2010) တုန်းက ဆရာမောင်စိန်ဝင်းက ကဗျာတွေရွတ်သွားခဲ့ပါတယ်။ ခုတတိယအကြိမ်လည်း သွားနားထောင်ဖြစ်တယ်။ ဒါပေမယ့် ဆရာမောင်စိန်ဝင်း ရဲ့ ကဗျာလေးကိုတော့ ဒီနေ့ထိ စွဲနေတုန်းပဲ။ ဆရာကဗျာရွတ်တုန်းကလည်း နားထောင်ရင်း ရင်ထဲမှာ လှိုက်ခနဲ ဖြစ်ခဲ့ရတယ်။ အဲဒါကြောင့် ဒီကဗျာလေးကို အမှတ်တရအနေနဲ့ရော မျှဝေချင်တဲ့အတွက်ပါ blog လေးပေါ်မှာ အတူတူခံစားကြရအောင်ပါ ။ 

 ငှက်တို့၏တေး
                                
မလိုက်ရဲရင်တော့
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ
                                          
တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော်မာန်တင်းပါကွယ့်
ငှက် ဆိုတာက ပျံရင်းသေ
                                         
 ကဆုန်စိုင်းသလိုပေါ့
  မုန်တိုင်းကရှေ့မှာမွှေ
  တောမီးတွေက ရှေ့မှာဝိုင်း
                                          
  ခြင်္သေ့ကမြက်မစား
  ကျားက ကြွက်မချောင်း
  ဖွတ်တွေက မိကျောင်းလိုမနေ
  အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့   
  စိမ်းမြညို ဟောဟိုတောဆီသို့
  အမောခံ ဇောမာန်တင်း
  ပျံရင်းသေ ခရီးဆက်မယ်တဲ့   
  အဲဒါအဲဒါ   ငှက်တို့ရဲ့သမိုင်း ။


Saturday, February 19, 2011

လူ = ရေ

ဘာလိုလိုနဲ့ပေါ့ ဒီမှာနေတာ ၄နှစ်ပြည့်တော့မယ် ။ ဆိုတော့ကာ ဟိုနေ့ကပဲ ဆက်ပြီးနေထိုင်ဖို့အတွက် company နဲ့ပြောဆိုဆွေးနွေးပြီးတဲ့ သကာလ စာအုပ်ဝယ်ဖို့လုပ်ရပါတော့တယ် ။ ဘာစာအုပ်လဲလို့ မမေးပါနဲ့ဦး ။ နောက်တော့ပြောပါ့မယ် ။ ဒီလိုပါ အဲဒီစာအုပ်ကလေးက မရှိမဖြစ်ဆိုပါတော့။ သူက တော်တော်လေးအရာရောက်ပါတယ် ။ သူ့ကိုဝယ်ဖို့ တော်တော်လေးလည်း အလုပ်ရှုပ်ရပါတယ် ။ စိတ်လည်းရှည်ရပါတယ် ။ ဈေးလည်းတော်တော်လေးကို ကြီးပါတယ် ။ တစ်ခါဝယ်ဖို့အရေး တန်းစီရတာကို တော်တော်ကြာပါတယ် ။ လူတွေများလွန်းလို့ စီထားတဲ့ လူတန်းကြီးဟာ စာအုပ်ရောင်းတဲ့ ဆိုင်အပြင်ကိုတောင် ရောက်ပြီး ကွေ့ကာဝိုက်ကာနဲ့ကို သွယ်တန်းနေပါတော့တယ် ။ ဘာပဲဖြစ်ဖြစ် လူတွေက အဲဒီစာအုပ်ကလေးရဲ့ တန်ဖိုးကျသင့်ငွေလေးတွေကို [ ငွေလေးလို့ပြောတာမကျေနပ်ရင် ငွေကြီးလို့ပြောင်းဖတ်လို့ရပါကြောင်း :) ] ဆုတ်ကိုင်ထားကာ မရှည်တဲ့စိတ်ကို ဆွဲဆန့်ပြီး ရှည်အောင်ကိုစောင့်နေကြပေါ့ ။ အဲဒီလူတန်းကြီးမှာ အနှီမောင်ဖိုးကြယ်လည်း အပါအဝင်ပါ ။ ဒီလိုနဲ့ တစ်ရွေ့ရွေ့နဲ့ ချီတက်လာလိုက်တာ မောင်ဖိုးကြယ်ရှေ့မှာ နှစ်ယောက်ပဲလိုတော့တယ်ခင်ဗျ ။ နဲနဲလည်းဝမ်းသာစပြုနေပါပြီ ။ အဲဒီအချိန်မှာပဲ မောင်ဖိုးကြယ် ဘွားခနဲ မြင်လိုက်တာတစ်ခုကြောင့် ရီရမလို ငိုရမလိုတောင်ဖြစ်သွားရပါတယ် ။ သေသေခြာခြာထပ်ကြည့်ပါတယ် ။ မှားနေမှာစိုးလို့ပါ ။ ဟုတ်ကဲ့ မမှားပါဘူး သေသေခြာခြာ ကိုမှန်ပါတယ် ။ အဲဒါနဲ့ blog မှာစာလာဖတ်တဲ့  ထောင် သောင်း သိန်း သန်း သောပရိသတ်ကြီးအား :) မျှဝေလိုဇောနဲ့ ဓာတ်ပုံရိုက်ယူလာခဲ့ပါတယ် ။ ရိုက်ထားတာက ကွယ်ကာဝှက်ကာ ဆိုင်ရှင်တွေမမြင်အောင် ရိုက်ခဲ့ရတာဆိုတော့ နဲနဲ ဝါးတားတား ဖြစ်နေပါတယ် ။ ဒါပေမယ့် အရှင်းကြီးပါ ။ မြင်သူတိုင်း နှစ်ခါကြည့်စရာမလိုပါဘူး :) ။
              
နောက်တော့ မောင်ဖိုးကြယ် အလှည့်ရောက်လို့ လက်ထဲက ကိုင်ထားတဲ့ ပိုက်ဆံကို မပေးချင်ပေးချင်နဲ့ ပေးပြီး အဲဒီစာအုပ်အနီရောင်လေးကို ယူလာခဲ့ပါတယ် ။ နောက်ဆုံးတော့ ရခဲ့ပါပြီ ။ ဒါပေမယ့် မြင်ခဲ့ရတဲ့ မြင်ကွင်းကြောင့် မအီမလည်ကြီးတော့ ဖြစ်သား :) ကြည့်ကြပါကုန် ပရိတ်သတ် :) ။ 


 
အနှစ်ချုပ်ဆိုရသော်....လူသည်ရေနှင့်တူ၏ ၊ ရေသည်ငွေနှင့်တူ၏ ဆိုသော် ကန်သည် မည်သည့်အရာနှင့်တူပါသနည်း :))) ။

Saturday, February 12, 2011

ဝဲများကင်းစေသတည်း.......

        ဒီနေ့လေးပေါ့ ခင်မင်ရတဲ့ blogger တစ်ယောက်နဲ့ online မှာတွေ့တော့ သူက ဝဲစွဲနေလား ဖိုးကြယ်တဲ့ ။ အဲဒီကြမှပဲ အနှီမောင်ဖိုးကြယ်လည်း ဝဲစွဲမစွဲ စစ်မိတော့တယ်။ သိပ်တော့မများပါဘူး တစ်ခုထဲပါ :) ။ ညီအစ်ကို မောင်နှမတွေရဲ့ link တွေတော့ ခဏဖြုတ်ထားလိုက်ရတယ်။ ထပ်စစ်ကြည့်တော့ ရှိနေသေးတယ်။ template မှာ ချိတ်ထားတဲ့ recent comment မှာသွားတွေတယ်။ အဲဒါနဲ့ ထပ်ဖြုတ်လိုက်တော့မှ လားလား ရသွားတော့တယ် ။ ဘာပဲဖြစ်ဖြစ် ဝဲကတော့ ရှင်းသွားပါပြီ :) ။ သတိပေးပြီး ကူညီပြောပြပေးတဲ့ blogger မြတ်မွန် ကိုလည်း ကျေးဇူးတင်ပါ၏ ။ နောက်ကြုံရင် ဘာစားချင်လည်းပြောပါ ။ တကယ်ဝယ်မကြွေးရတဲ့အတွက် စိတ်ကြိုက်သာပြောပါ အားမနာပါနဲ့ :) ။ 
   
       စွဲနေတဲ့ ဝဲအတွက်တော ဒီမှာ သွားပြီး ဖတ်လိုက်ပါ။ လွယ်ပါတယ် ။ မခက်ပါဘူး ။ ကျွန်တော်ကိုတော့ သူများပြောပြလို့သိတာပါ :) ။

blogger အပေါင်း ဝဲကင်းစေကြောင်းပါ :) ။

Friday, February 4, 2011

အလင်းနှစ်နှင့်အတူပျံသန်း

စိတ်ကိုလွင့်နေအောင်ပင့်တင်ထားရင်း
ဒုတိယံပိဝင်သက်ထွက်သက်မှာ
ကိုယ်တိုင်ဖောက်ခဲ့တဲ့လမ်းကလေး
ငါလည်ပြန်ငေးရင်ဖေးမမယ့်ငါ့အတွေး
စက္ကူလှေလေးတွေလည်းတစ်လူလူလွင့်နေတယ် ။
ရှေ့ဆက်လျှောက်ရင်ပွင့်မယ့်ရောင်နီချို မြမြ
စိတ်ကူးအချီအချမှာသက်ဝင်လှုပ်ရှားနေတဲ့
ငါ့ခြေလှမ်းတွေဆိုတာ
ရက်လနှစ်တွေရဲ့မပျက်တဲ့ဆက်ထုံးတွေပေါ့ကွာ ။
ယုံကြည်ချက်တွေသာအတောင်ပေါက်ရင်
သန်းခေါင်ယံတွေအောက်လည်း
ငါ့ကမ္ဘာဒုတ်ဒုတ်ထိအလင်းပေါက်နိုင်ရဲ့
နောက်ဆုံးတော့ငါမရောက်နိုင်သေးတဲ့ငါ့အနာဂါတ်အတွက်
အတောက်ပဆုံးလင်းပြီးနှင်းတွေနဲ့အတူပျံသန်း
ဟောဟိုကမ္ဘာသစ်ပြတင်းတံခါးဆီ
အလင်းဘယ်နှစ်သန်းဝေးဝေးပေါ့....... ။


Sunday, January 30, 2011

မိုးတွေရယ်တစ်အုံးအုံး

အာကာတစ်ခွင်အုံ့အုံ့မှိုင်းလို့
ရွာလိုက်ပေါ့မိုးဒေဝါရေ
ဟေးဟေးဝေလေလေ....
ကန်ရေရယ်ဖွေးဖွေး
မိုးရိပ်တွေလေအသွေးမှာလ
ငယ်ရင်းတွေတူတူဆော့ရအောင်
မောင်ဖေငယ်ဘောလုံးပိုက်ကာပ
ရွာထိပ်ကကွင်းပြင်ကိုပြေးကာလေလှမ်းတော့
အချမ်းကိုယ်လုံးအပြုံးမျက်နှာတွေတစ်စု
အဖော်ပြုကာလုံးခြာလည်ဆော့တော့
မိုးတွေရယ်တစ်အုံးအုံး....


မှတ်ချက်......ဘာရယ်မဟုတ်ပါဘူး ခုတလောမိုးက ဒီမှာ တော်တော်လေးကိုရွာပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ချိန်းတော့လည်း မသွားချင်မလာချင် ကိုကိုယ်တိုင်ကလည်း ခပ်ပျင်းပျင်းဖြစ်နေခိုက် ငယ်ငယ်ကအကြောင်းလေးတွေးပြီး ရေးဖြစ်သွားတဲ့ကဗျာလေးပါ ။ :)

Sunday, January 23, 2011

နေရာလေးတစ်ခု



မျက်ရည်တွေကြားဝိုးတဝါးနဲ့
ငါ့ခြေလှမ်းတွေခိုးခိုးသွား
တစ်ထောက်နားတဲ့နေရာလေးပေါ့....။

စိတ်ရဲ့အသိ နေမထိလို့
လှမ်းထိခဲ့မိ အသိစိတ်က
ဆို့နင့်ကြေကွဲ ငါ့အပြစ်တွေပါပဲကွယ်....။

ချစ်သူတင်တဲ့လေးမှာ
ငါ့ကမ္ဘာငယ်မျက်ရည်တွေသီကုံး
လွမ်းစိတ်တို့ ဝုန်းခနဲရုန်းအကြွ
ဒီနေရာလေးမှာပဲ မျက်ရည်တွေ ခ မိပြန်ပြီ....။

နေ့ရက်တွေသာယာဖို့အရေး
အရာရာစွန့်ခွာပြေးတော့
မျှော်အတွေးနဲ့ ဆို့နင့်ရင်ဝှက်တေးမှာ
အလွမ်းတွေ တလူလူလွင့်တဲ့နေရာလေး........။

Wednesday, January 19, 2011

ကဗျာရွတ်တဲ့ည

အိပ်စက်ခြင်းဆိုတာကို အဖြေရှာဖို့
ဒီတလောမှာတော့ ငါမဝံရဲပါဘူး
ဒီကောင်ကပဲရူးနေတာလား
ကူးခပ်နေဆဲမြစ်ကိုအလျှားလိုက်
စိတ်ကြိုက်သာတွေးပါ
ညတွေဟာငါနဲ့အစေးသိပ်မကပ်လှဘူး ။

တစ်နေ့ရွှေ တစ်နေ့ငွေနဲ့
နောက်တစ်ကွေ့မှာတော့ ငါသေနေတယ်.....
မျက်ရည်တွေလည်းဝေတယ်
အရာရာဟာငါ့သမိုင်းမို့
ငါ့ကိုယ်ငါအောက်ကျို့မိတာ အခါခါပေါ့ ။

နှဖူးပေါ်လက်တင်လိုက်တိုင်း
ချစ်သူကငေးငေးကြည့်တယ်
ဒီလိုနဲ့.......ညတွေမှာ
တေးထပ်တွေအကြိမ်ကြိမ်ခူးစွတ်တော့
ငါ့ညတွေဟာ ကဗျာထထရွတ်တယ် ။

Sunday, January 9, 2011

ဝါဆိုတမ်းချင်း.........

ဘာတွေဝှက်ထားဖို့ကျန်ပါသေးလဲ
ရိုးရာအစဉ်အလာတဲ့
ငါ့ခေါင်းကိုရိုက်ချိုးပေးလိုက်တယ်
ဒီအချိန်ဟာသေနေ့စေ့တာပါပဲ
ငါ့ပါးစပ်ပေါက်လေးအသံမဲ့သွားတယ်
ဝါဆိုဆွဲပိတ်လိုက်သလားဟင်.......။
သက်ပြင်းကလေးချလိုက်ပါ
စမ်းချောင်းကလေးကခေါ်ယူသွားလိမ့်မယ်
မျက်ရည်တစ်စ ပေါက်ခနဲထွက်ကျလာတယ်
ကျွန်တော့်နောက်ကျောမှာ
ဓားတစ်လက်မရှိခဲ့ပါဘူး
နောက်တော့ကျွန်တော်ရူးသွားတယ်
ခြေလှမ်းတွေကနှေးသွားတယ်
ရင်ခုန်သံတွေတဖြေးဖြေး
ကျွန်တော့တက်မက်မှုလေးပြန်ပေးကြပါ
လွင့်နေတဲ့အလံတလူလူက
ကျွန်တော့ကြောင့်မြေခခဲ့ရတယ်
တောင်းပန်ပါတယ် ဝါဆို........ရယ်
ငါ့အကာရံအခွံတွေမှာ
တောက်ပမှုတွေလေလိုလွင့်တော့
အရာရာဟာဗလာပါပဲကွယ်.......။

Sunday, January 2, 2011

တစ်ပါးသွားနှစ်ကူး

ညနေခင်းလေးရဲ့ ကြိုဆိုသံက သူ့ ရင်ကို လှုပ်ခပ်နေလေရဲ့။ဒီနေ့ဟာ ဒီနှစ်ရဲ့နောက်ဆုံးနေ့။ သူခေါ်နေတယ် အမြန်သွားပါ။ ကားဂိတ်မှာ တစ်ယောက်ထဲတဲ့။ ခြေလှမ်းတွေက မြန်လိုက်တာ စိတ်နဲ့အတူတူပြေးနေလေရဲ့။ ကျေးဇူးပြုပြီး လမ်းနဲနဲပေးပါ။ ဒီခုန်မှာထိုင်လို့ရမလား။ ခြေထောက်ကိုတက်နင်းသွားတယ်။ ရပါတယ် နာလည်းခဏပေါ့။ ကားကနှေးလိုက်တာ မြန်မြန်မောင်းလို့မရဘူးလား။ မီးနီနေတာကြာတယ်။ မြန်မြန်စိမ်းပါတော့။ ချစ်သူကစိတ်ကောက်ခဲတယ်။ကောက်ရင်လည်း မလွယ်ဘူးဆိုတာ ငါသိတယ်။

ဟော.....ရောက်ပြီ။ သူဘယ်မှာလဲ လရိပ်ထဲမှာ ပုန်းနေတာလား။ ဟော....တွေ့ပြီ ။ ပိုးစိုးပက်စက်လှနေတယ် အရာရာတိုင်းက။ ကောက်ချင်ယောင်ဆောင်နေတော့ ဖြောင့်ရခက်တယ်။နောက် သူ ရယ်နေတယ်။ မျက်နှာလေးက ချစ်စရာလေး။ ကျေးဇူးပြုပြီး ဒီဘက်နဲနဲတိုးနော်။ လက်ကလေးတစ်ဘက် လာချိတ်တယ်။ အဲဒီအချိန် ကားကြီးတစ်စင်းထိုးဆိုက်လာတယ်။ တွဲလောင်းကြီးဆွဲထားတယ်။ အပြုံးတွေနည်းနည်း ကျဲပြီး တက်ခဲ့လိုက်တယ်။ ကြာလိုက်တာ မြန်မြန်မလာဘူးတဲ့။ ကဲ...ဘယ်သွားကြမလဲဆိုတော့ နှင်းမှုန်တွေမရှိပဲ ဆောင်းရာသီယောင်ဆောင်ထားတဲ့ နှစ်သစ်ကူး နန်းတော်ကိုတဲ့။ ချစ်စဖွယ်ကောင်မလေးပဲ။ အနမ်းလေးခပ်ဖွဖွပေးလိုက်တယ်။ သိမ်းထားနော်။

ဖုန်းကငှက်ဆိုးတွေ ရင်ကွဲသံနဲ့ ထ ပြီးမြည်တယ်။ ငါတို့ အဖုံးတွေဖွင့်ထားတယ်တဲ့။ တံခါးက ၅ပေကျယ်တယ်။ တစ်ကိုယ်စာတော့ ချောင်ချောင်ချိချိပဲတဲ့။ အော်...ဒါနဲ့မင်းတစ်ယောက်ထဲလား။ အော်....နှင်းတွေနဲ့အတူ ကနေတာပဲကိုး တဲ့။ ဘာပဲဖြစ်ဖြစ် အဖုံးတွေဖွင့်ထားလိုက်မယ်နော်တဲ့။သူ နာရီကိုကြည့်တော့ ၁၁နာရီ ၄၅ တဲ့။ မြန်လိုက်တာ နာရီက မြင်းတစ်ကောင်ကို ခွစီးထားသလိုပဲ။`' happy new year နော် ကို `' တဲ့။ အင်း နောက်ကျနေပြီပဲ။မျက်စိတစ်ဆုံးထိလိုက်ပို့လိုက်တယ်။ ကားဘယ်မှာလဲ...မြန်မြန်လာပါ။ အဖုံးတွေဖွင့်ထားတယ်တဲ့။ အဲဒီအချိန် ဖုန်းက ထ ပြီးမြည်ပြန်တယ်။ ဘယ်မှာလဲ....... အဖုံးတွေ ဖွင့်ထားတာကြာတော့ အငွေ့တွေပြန်ကုန်တယ်တဲ့။ အဲဒါတော့ သူဝမ်းသာတယ်။ အငွေ့ပြန်တော့ ကောင်းတာပေါ့။ အင်း လာပြီ အမြန်ဆုံးပဲနော်။ HAPPY NEW YEAR........ ဟင်....... နာရီက ၁၂ နာရီမှာ မားမားရပ်ပြနေတယ်။ ကဲပါ...အငွေ့ပြန်တာကြာပြီပဲ သူမရှိလဲ အဖုံးတွေဖွင့်ထားတာပဲ။ သူခေါင်းကို နောက်မှီချလိုက်ပြီး မျက်လုံးတွေမှိတ်ချလိုက်တယ်။ မျက်နှာလေးတစ်ခု။ အပြုံးလေးတစ်ခု တောင်ချိတ်ထားသေး။ မျက်နှာလေးနဲ့အတူ သူနှစ်ကူးလိုက်တယ်။ တစ်ကယ်တော့ ဒါဟာ နှစ်ယောက်အတူတူကူးခဲ့တဲ့ တစ်ပါးသွားနှစ်ကူးပေါ့။

Recent Comments