Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....
Showing posts with label ရသစာစု. Show all posts
Showing posts with label ရသစာစု. Show all posts

Friday, October 14, 2011

ရိုးရာရာသီ ခါတော်မှီ

ပြောရမယ်ဆိုရင်တော့ ဟိုးအရင်ကလေးဘဝက စတာပါပဲ။ ဘာလဲဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုး တော်တော်များများမှာ ရှိတတ်ကြတဲ့ နတ်တင်ခြင်း ဓလေ့တစ်ခု အကြောင်းပါ။ 

ဖိုးကြယ်တို့ ငယ်ငယ်ကဆို နတ်တွေက အရမ်းကို ပူဇော်ပသ တင်မြှောက်ခြင်း ခံရပါတယ်။ တော်ကြာ မုန့်ဆီကြော်နဲ့တင်လိုက် ၊ တော်ကြာ ငှက်ပျောပွဲနဲ့ တင်လိုက် မျိုးစုံကို အတင်ခံတော့တာ။ နတ်တွေခမျာ သနားစရာလည်း ကောင်းပါတယ်။ နတ်တင်ရာသီဆို ဟိုပြေးရ ဒီပြေးရနဲ့။ ကလုန်းတွေရှိရင်တော့ တစ်မျိုးပေါ့။ အဲဒီလို အမျိုးမျိုးတွေ တင်ကြပေမယ့် မတူညီတဲ့ ရိုးရာတွေအလိုက် ပုံစံကွဲပြားမှုတွေတော့ ရှိတတ်ကြပါသေးတယ်။ 

အဲဒီထဲကမှ အနှီမောင်ဖိုးကြယ်တို့ မျိုးရိုးကြတော့ တစ်မျိုးခင်ဗျ။ တင်သာတင်တာ ဘာနတ်မှန်းတောင် မသိခဲ့ရိုး အမှန်ပါပဲ။ အမေ့ကို မေးတော့လည်း ရိုးရာတဲ့။ အဲဒီ တစ်ခွန်းထဲနဲ့တင် ပတ်တောပိတ်တော့တာပဲ။ သူတို့တောင် ရိုးရာဆိုမှတော့ ကိုယ်တွေကလည်း ဘာကွန်ပလိန်းမှ တက်မနေတော့ဘူး။ နောက်တစ်ခုက အဲဒီရိုးရာတင်တဲ့နည်းက နည်းတကာ့နည်းတွေထဲမှာ လူတွေအတွက် ဗိုက်အဝဆုံးနတ်တင်နည်း ဆိုတော့ ကလေးတစ်သိုက် ပတ်တောပိတ်တာ မဆန်းပါဘူးလေ။ 

တစ်ခြားနတ်တွေဆို မုန့်ဆီကြော်လောက် စားရတာဆိုတော့ အဲဒီလိုနတ်မျိုးဆို သိတ်အာသီသ မရှိပေဘူး ဆိုရမယ်။ ဒီရိုးရာကတော့ ခုထိကို အမှတ်တရနဲ့ ပြောနေကြရတုန်းရယ်။ ဘာလို့ အမှတ်တရ ပြောရသလဲဆိုတော့ ခုချိန်မှာ မောင်ဖိုးကြယ်တို့ တစ်မျိုးလုံး အိမ်တွင်းနတ်တောင် မရှိကြတော့တဲ့အပြင် ဘာနတ်မှ တင်လည်းမတင်၊ ကိုးလည်းမကိုးကွယ်ကြတော့လို့ပါပဲ။ ဆိုတော့ကာ ဒီနေရာမှာ နည်းနည်းလောက်တော့ ပြန်လွမ်းပါရစေ။ 

ဒီရိုးရာနတ်တင်ပုံလေးက တော်တော် လန်းတယ်ဗျ။ ကဗျာလည်းဆန်တယ်လို့ ပြောရမယ်။ အရင်ဆုံး နတ်တင်ပုံကို စပြောရမယ်ဆိုရင် တစ်ဆွေလုံး တစ်မျိုးလုံး သုံးတဲ့ ကြေးလင်ပန်းကြီးက စပြောရမယ်ပေါ့။ သူမပါရင် မပြီးဘူးလေ။ ဒီလင်ပန်းကြီးက တစ်နှစ်နီးပါးလောက် ချောင်ထိုးခံရပြီးတော့မှ တစ်နှစ်မှတစ်ခါ ထီးဖြူထဆောင်းရတာကိုး။ ရိုးရာနတ်တင်ရာသီ ရောက်ပြီဆို ကြေးလင်ပန်းကြီးကို အစရှာရပြီ။ "ဟဲ့....ပြီးခဲ့တဲ့နှစ်က ဘယ်သူနောက်ဆုံးတင်တာလဲ..... ဘယ်အိမ်မှာလဲ" စသည်ဖြင့် လိုက်မေးကြရတော့တာ။ 

မေးရဆို ရာသီချိန်တုန်းက တစ်ပတ်တစ်အိမ် တင်ခဲ့ကြတာ ဆိုတော့ ရှိသမျှအမျိုးတွေအိမ် တစ်ပတ်စီ လှည့်လည်သွားပြီးတဲ့ သကာလ ဘယ်မှာဆုံးလို့ ဘယ်မှာပုန်းနေမှန်း မေ့နေကြတော့တာကိုး။ ဒါပေမယ့် သူကြာကြာ မပုန်းနိုင်ရှာပါဘူး။ နောက်ဆုံးတော့...ကဲ ဒီမှာ.... တွေ့ပါပြီ လင်ပန်း (((ဟမ်)))။ 

လင်ပန်းရပြီဆို ဘယ်နေ့ဘယ်ရက်က ဘယ်သူ့အိမ်ဆိုတာ result ထွက်လာပါပြီ။ အဲဒီနေ့မတိုင်ခင် တစ်ရက်မှာတော့ ဆိတ်သားကို ရောင်းတဲ့လူဆီ ကြိုတင်အော်ဒါမှာရပြီ။ တစ်မျိုးလုံး လာစားကြမယ့် ဆိတ်သားဟာအဲဒီလိုမှ ကြိုမမှာရင် ရကိုမရနိုင်ဘူး ဆိုသကိုး။ ကဲ ဆိတ်သားရောက်ပြီ (((မြန်ထှာ)))။ 

ဆိတ်သားဟာ အနည်းဆုံး ပိတ်သာနဲ့တော့ ချီဝယ်ရတယ်။ အဲဒီဆိတ်သားတွေကို မဆလာနိုင်နိုင်နဲ့ နူးနေအောင် ဆီပြန်ချက်ရပါတယ်။ ကရဝေးရွက်တွေ ဖာလာစေ့တွေ တောင်ပါသေး။ ဆိတ်သားချက်နေတုန်း ဒန်အိုးကြီးတစ်လုံးရယ်၊ နောက် ပေါင်းအိုးလေးလုံးလောက်ရယ်နဲ့က ထမင်းချက်နေရပြီ။ 

ဒီနေရာမှာတော့ ဒန်အိုးက အကြီးကြီးတစ်လုံး လိုတယ်။ အဲဒီဒန်အိုးရဲ့ လုံးပတ်က ခုနကကြေးလင်ပန်း အဝန်းဝိုင်းထက် နည်းနည်းငယ်မယ်ပေါ့။ ကဲ....ရပါပြီ ထမင်း။ နောက် ငရုတ်သီး အပွတောင့်တွေကို ဒယ်အိုးထဲထည့်ပြီး ဆီနည်းနည်းနဲ့ ကြော်ပါလေရော။ နောက် ဒန်ခွက် ခပ်ကြီးကြီးတစ်လုံးကတော့ လဖ္ဘက်အသားရယ်၊ နှမ်းရယ်၊ ကြက်သွန်ကြော်ရယ်ကို ဆီနိုင်နိုင်နဲ့ မွှေပြီးသုတ်ထားလေရဲ့။ ကဲ…ထမင်းရယ် ဆိတ်သားချက်ရယ်၊ လဖ္ဘက်သုတ်ရယ်၊ ငရုတ်သီး အပွတောင့်ကြော်ကြီးတွေရယ် ဟုတ်ပြီနော်။ မှတ်မိတယ်နော် :P ။ 

အရင်ဦးဆုံး ကြေးလင်ပန်းထဲကို ဒန်အိုးကြီးထဲက ထမင်းတွေကို ပုံမပျက်အောင် မှောက်ထည့်ရပါတယ်။ ဆိုတော့ လင်ပန်းကြီးထဲမှာ ထမင်းအိုးအရာအတိုင်း ထမင်းတွေ ရောက်ပါပြီ။ နောက် အဲဒီပုံမပျက်တဲ့ ထမင်းတုံးကြီးကနေ အလည်အူတိုင်ကို ဖောက်၊ တစ်ခြားပန်းကန်ထဲ ပြောင်းထည့်လိုက်ပြီးတဲ့သကာလ ဆိတ်သားချက် အနည်းငယ်ကို အူတိုင်ဖောက်ထားတဲ့ ထမင်းတုံးကြီးရဲ့ အလည်အပေါက်ထဲမှာ ပုံလိုက်ပါတယ်။ နောက် ငရုတ်သီးအပွတောင့်တွေက ထမင်းတုံးကြီးရဲ့ ဘောင်ပတ်ပတ်လည်ပေါ်မှာ ခန့်ခန့်ကြီးတွေ နေရာဝင်ယူကြတယ်။ ဘေးကပိုနေတဲ့ လင်ပန်းကြီးရဲ့ နှုပ်ခမ်းနားသားပေါ်မှာတော့ လဖ္ဘက်တွေက ပုံ့ပုံ့လေးတွေထိုင်လို့ပေါ့။ ဒါကတော့ နတ်တင်ဖို့အတွက် ခန်းဝင်ပစ္စည်းတွေပါ။ 

ဒါတွေ အဆင်သင့်ရင်တော့ ဖိုးကြယ်တို့ရဲ့ နတ်သမီးလေး ကြွလာပါပြီ။ သူကတော့ အမေ့ရဲ့အမေ ဖိုးကြယ်ရဲ့အဖွား တစ်ပင်တိုင် နတ်သမီးလေးပါပဲ။ နတ်ကနားဆို မသွားဖူးတဲ့၊ နတ်ကတာဆို ယောင်လို့တောင် သွားမကြည့်ဖူးတဲ့အဖွားက ရိုးရာနတ်တင်ပြီဆိုရင်တော့ သူက နတ်ဝင်သည်ပဲ။ ဖိုးကြယ်တို့ကတော့ နာမည်ပေးထားတယ်။ နတ်သမီးဖွားဖွား လို့။ 

သနပ်ခါးအဖွေးသားနဲ့ အဖွားဟာ လက်ထဲက နံသာဖြူသွေးထားတဲ့ ခွက်ကလေးကိုကိုင်၊ ပဝါလေးခြုံပြီး လင်ပန်းကြီးကို မကာ မကာနဲ့ နတ်စဝင်ပါပြီ။ ဆွေမျိုးတွေကလည်း ဝိုင်းမေးကြတယ်။ သာရေး၊ နာရေး ၊  စီးပွားရေး အို…အစုံပဲ။ ကိုယ်တို့ လူငယ်တွေကတော့ ဘာပြောမလဲ ရေငုံနှုပ်ပိတ် နေကြရုံပေါ့။ မဟုတ်လို့ နတ်သမီးဖွားဖွား ပါးစပ်ညောင်းသွားရင် နောက်ပိုင်းပွဲစဉ်တွေအတွက် ခက်ရချည်ရဲ့။ အဲ…မေးလဲမေး ပြောလဲပြော သုံးလုံးတွေလည်း ပါတယ်။ အဲဒီတုန်းက တစ်လုံးတွေ နှစ်လုံးတွေက မရှိသေးလို့ တော်သေးတာ။ မဟုတ်ရင် နတ်သမီးခမျာ မလွယ်ဘူး ။ 

အဲဒီလိုတွေ မေးစမ်းပြီးတဲ့ သကာလမှာတော့ ရှိရှိသမျှ ဆွေတွေမျိုးတွေ ၀ိုင်းဝန်းစားကြ သောက်ကြ ပါလေရောခင်ဗျာ။ ခေါင်းတောင် မဖော်ကြတော့ဘူး။ ဖော်တဲ့လူ အရှုံးလို့များ မှတ်ယူထားကြသလား မပြောတတ်ပါဘူး။ အဲ....မောင်ဖိုးကြယ်လည်း မဖော်ဘူးခင်ဗျ။ တနင့်တစ်ပိုးတွေဖြစ်ပြီး အားလုံး စားသောက်ပြီးတော့မှ ဆွေမျိုးတွေ ဝိုင်းဖွဲ့ထိုင်ကာ စကားတွေပြောကြတယ်။ အရေးကြီးတာကို အရင်လုပ်ထားလိုက်ကြတဲ့ သဘောပေါ့။ ရပ်ဝေးရောက်နေတဲ့ အမျိုးတွေကိုတော့ "ဟဲ့….နင်က အခုဘယ်မှာလဲ အဆင်ရောပြေရဲ့လား၊ သာရဲ့လား၊ မာရဲ့လား" ဘယ်သူကဖြင့် ဘယ်လို၊ ဘယ်ချမ်းသာနဲ့ စုံနေကြတာပါပဲ။ ကလေးတွေကတော့ အဲဒီအချိန်ဆို ရှေ့ရေးအတွက် မျှော်တွေးကာ၊ ဗိုက်လေးပြီး မှေးနေကြပြီလေ။ နောက်ထပ်စားရမယ့် တစ်အိမ်က ဘယ်သူ့အိမ်ဖြစ်မလဲပေါ့။ ကလေးတွေတွေးနေတဲ့ ရှေ့ရေးဆိုတာ အဲဒါပါ။ 

အဲဒီနောက်မှာတော့ အချိန်လည်းလင့်လို့ ကိုယ့်အိမ်ကိုယ် ပြန်ခါနီးကြပြီဆိုတဲ့အခါကျတော့ result  က ထပ်ထွက်လာပြီလေ။ နောက်တစ်ပါတ် ဘယ်သူ့အိမ် ဆိုပြီး.... ။ ကဲ…အဲဒီလိုနဲ့  ဆွေမျိုးတွေအိမ် တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ကုန်တော့မှ ခုနက ဇာတ်လိုက်ကျော် လင်ပန်းကြီးဟာ သူနောက်ဆုံး တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပုန်းခိုနေရင်း နောက်တစ်နှစ် ရိုးရာရာသီခါတော်မှီကို စောင့်နေရရှာပါတော့တယ်။ 

ခုတော့လည်း ဒါတွေအားလုံး လွမ်းစရာလေးတွေ ဖြစ်ကုန်ပါပြီ။ နတ်ဆိုတာ ဖိုးကြယ်တို့ အမျိုးထဲက နောက်ပေါက်ကလေးတွေလည်း မသိရှာတော့ပါဘူး။ သူများအိမ်သွားမှပဲ မြင်ရရှာတော့တယ်။ ခုတော့လည်း ပါးစပ်ရာဇဝင်လေး ဖြစ်သွားပြီပေါ့လေ။ ဒါပါပဲ ပြီးပါပြီ။ (((ဟင်)))

Sunday, September 18, 2011

မျက်နှာဖုံးများရဲ့အဇ္ဇျတ

နေသားမကျခဲ့တဲ့ ဘဝထဲက နေ့တစ်နေ့မှာ ကိုယ့်အလံ ကိုယ်ထူပြီး မျက်နှာဖုံးတွေ ရှိတဲ့အရပ် လှမ်းတက်ခဲ့မိတယ်။ ဘဝအစ မဟုတ်ခဲ့ပေမယ့် တွေ့လိုက်ရတဲ့ အရာရာကတော့ အသစ်အသစ်တွေပဲ။ နားလည်ချင်ယောင် ဆောင်ကြတာတွေနဲ့အတူ ဆေးဆိုးပန်းရိုက် နားလည်မှုတွေရယ်၊ ညှီစော်နံနေတဲ့ အပြုံးတွေရယ်က အကြည်ဓာတ်ကို ပြည်ဖုံးကားချကြတယ်။ အဲဒါကြောင့် အဲဒီအရပ်မှာ တိမ်ထူပြီး လေပူတိုက်တယ်။ အဲဒီအရပ်ဆီကပဲ အမျှဝေသံတွေ ဆူညံတယ်။ တကယ်တော့ ကြက်ဆူပင်တွေရဲ့ လေးတင်သံတွေပါပဲ။ အဲဒီအရပ်ပေါ့ ကန္တာရရဲ့ မာယာနဲ့ အိုအေစစ်အသွင် ဆောင်တယ်။ မျက်နှာဖုံးတွေ ကတဲ့ဇာတ်မှာ ဘဝကို သံစဉ်တူဖို့ စိတ်ကို အခါခါ ပင့်တင်ထားရတယ်။ မျက်နှာဖုံးတွေ အူတဲ့အရပ်မှာ မတူတာတွေ လွှတ်ချနိုင်ဖို့အရေး မနက်ဖြန်ပေါင်း များစွာလည်း စွန့်လွှတ်ခဲ့ပြီးပြီ။

မျက်နှာဖုံးတွေပေါ့ သူတို့ကိုယ်သူတို့ အလှဆင်ဖို့ သားကောင်တွေ ချချနင်းတယ်။ နောက်တော့ မျက်နှာဖုံးတွေက မျက်နှာဖုံးတွေ ပြန်ဖြစ်သွားတယ်။ အရာရာဟာ နေသားကျတယ်။ ငါ့ကိုယ်ငါလည်း မိုးလင်းအောင် လုပ်ရဦးမယ်။ အဲဒါကြောင့် မိုးလင်းတာကို ထိုင်စောင့်တယ်။ မိုးက ဖြတ်ခနဲ လင်းသွားတယ်။ ဒါပေမယ့် ငါ့အခန်းထဲထိ အလင်းရောင် ဆင်းမလာခဲ့ဘူး။ မျက်နှာဖုံးတွေအတွက်က အလင်းရောင် မလိုပါဘူး။ အပျင်းဓာတ်ခံ ရှိပြီးသားပဲ။ သားကောင်တွေ ချနင်းတတ်ဖို့ပဲ လိုတယ်။ မနေ့ကတော့ မျက်နှာဖုံးတစ်ခုနဲ့ ငါ စကားနည်းနည်း ပြောဖြစ်တယ်။ သူက အရာရာကို ပေးဆပ်နိုင်ဖို့ သူ့မှာ အရာရာရှိနေဖို့ လိုတယ်တဲ့။ သူ နည်းနည်း စပ်စုလိုက်တယ်။ ပေးဆပ်နိုင်ပေမယ့် ပေးဆပ်ချင်စိတ် မရှိရင်ကော ဘယ်လိုဖြစ်လာမလဲ ဆိုတော့ မျက်နှာဖုံးက တောင်တောင်အီအီ ပြောတယ်။ ပြည့်စုံခြင်းရဲ့ ငြီးငွေ့မှုကို မြင်းဟီသလို တစ်ချက်ထဟီတယ်။ သူက “ရော့” ဆိုပြီး ဓားနဲ့ ပစ်ပေါက်လိုက်တယ်။ မျက်နှာဖုံးက ခြေကားယားလက်ကားယားနဲ့ ရှောင်တယ်။ မင်းဓားပေါက်ခံနိုင်မှ သူများကို ပေါက်လို့ရမှာ ဆိုပြီး သူထွက်လာခဲ့တယ်။ သူ့ကြည့်ရတာ လိပ်တစ်ကောင်နဲ့ ပိုတူတယ်။ ဒါကြောင့် မျက်နှာဖုံးတွေဟာ လိပ်တွေနဲ့ တိုက်ရိုက် အချိုးကျတယ်။

နောက်တော့ မျက်နှာဖုံးတွေရှိတဲ့ အရပ်မှာ ငါ့ကိုယ်ငါ ပြန်ပြီး ချိန်ခွင်ထဲ ထည့်ကြည့်တယ်။ အိုးးးး ကျပ်မပြည့်သေးဘူး။ အတ္တအချိုးအစား နည်းနည်း လိုနေသေးတယ်။ ဒီလိုနဲ့ နောက်တစ်ရက် နောက်တစ်ရက်နဲ့ နေ့ရက်တွေသာ ပြောင်းသွားတယ်။ မျက်နှာဖုံးတွေက ဟောင်းမသွားဘူး။ သားရဲတွင်းဆန်တဲ့ အမျှော်အမြင်တွေနဲ့ အတူ ဖုတ်ဖက်လူးပြီး သားရဲတွင်းထဲမှာပဲ ပျော်မြူးကြတယ်။ ဒီလိုနဲ့ မျက်နှာဖုံးတွေက မိတ်ဖြစ်ဆွေဖြစ် ညစာစားကြတယ်။ မျက်နှာဖုံးတွေ အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်ကြတယ်။ ငါ့ကိုလာမခေါ်လို့ ငါပျော်တယ်။ အဲဒါကြောင့် လူ့ကျင့်ဝတ်ထဲကို နှလုံးသွေးရောပြီး ငါ့ရင်ဘတ်ကို ငါစည်တီးမိတယ်။ ငါ့ရင့်ကျူးတဲ့ သံစဉ်က မျက်နှာဖုံးတွေအတွက် အစိမ်းဆန်တယ်။ ငါဟာ ကမ္ဘာဦး လူသားမျိုးနွယ်ပါ။ ဒါပေမယ့် ငါ အမဲမလိုက်ခဲ့ဘူး။  အဲဒါကြောင့် ငါဟာ မစို့မပို့တော့ ငတ်ချင် ငတ်နေလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ဖြစ်တည်မှုတစ်ခုရဲ့ ခန်နားထည်ဝါမှုကို အဖြူရောင်ပေါ်မှာ ဘောင်ခတ်ပြလိုက်တာပဲ။ ဒီလိုနဲ့ ညရဲ့ လကွေးလေးဟာ ငါ့အတွက် ဖြတ်ခနဲ လင်းသွားတယ်။ ငါဘာလုပ်ရမယ်ဆိုတာ သိတယ်။ အဲဒါကြောင့် လကွေးလေးရဲ့ အလင်းနဲ့ ငါ့လမ်းငါခင်းပြီး နင်းတက်ခဲ့လိုက်တယ်။ စိတ်ကူးတွေရှိရာ…………. ။

Sunday, September 4, 2011

ကြိုတင်မမြင်နိုင်သောအရာရာများ

ကားခေါင်းခန်းထဲမှာ ဖွင့်ထားသော လေးအေးပေးစက်မှ အေးစက်စက်လေအေးများက သူ့မျက်နှာပြင်သို့ တိုးဝှေ့နေသည်။ သူ့ရဲ့စိတ်အစဉ်ကတော့ ပြင်ပနှင့်မတူပဲ ပူလောင်လျှက်။ ခုနက တွေ့ခဲ့ရသောမြင်ကွင်းက မျက်လုံးထဲကမထွက်နိုင်ပဲ ရှိတော့သည်။ 

စင်ကာပူ NUH ဆေးရုံပေါ်ရှိ ခုတင်ပေါ်မှ လူနာ၏ ဖျော့တော့တော့ အပြုံးက သူ့ကိုနွမ်းလျစေခဲ့သည်။ တင်ပါးဆုံရိုးခွဲထားသော လူနာတစ်ယောက်၏ နာကျင်မှုကို သူနားလည်နိုင်ပါသည်။နောက် မိသားစုနှင့်ဝေးနေရသော လူတစ်ယောက်၊ ကိုယ့်နိုင်ငံလို နွေးထွေးမှုကို ရှာမတွေ့နိုင်သောနေရာ၊ အားငယ်မှုတွေ၊ စိုးရိမ်မှုတွေနှင့်မျက်နှာ ဒါတွေကို သူမြင်နေရသည်။

“သူငယ်ချင်း မင်းနေလို့ကောင်းတယ်နော်” ပဋိသန္ဓာရ စကားကို စဆိုရသည်။ မှိန်နေသော မျက်လုံးများ အရောင်လက်လာတာ သူမြင်တွေ့လိုက်ရသည်။ နောက် လက်ကလေးတစ်ဖက် မြောက်တက်လာသည်။ သူအလိုက်သင့်ကလေး ကိုင်ထားပေးလိုက်ရသည်။ အေးစက်စက် လက်တဖက်ရဲ့ အထိအတွေ့က သူ့ကိုပိုပြီး ဆို့နင့်စေခဲ့ရသည်။ တစ်စက်ရုံထဲအလုပ်လုပ်ခဲ့သူ၊ တစ်အိမ်ထဲနေခဲ့သူ၊ နောက် မြန်မာစကားကို မပီကလာပီကလာပဲပြောတတ်သူ၊ ဘာသာခြားတိုင်းရင်းသားတစ်ယောက်ဖြစ်သော သူ့ကိုတော့ သူပိုခင်တွယ်မိသည်။ 

“သူငယ်ချင်း ဘာမှစိတ်မပူနဲ့သိလား တို့အားလုံး မင်းအတွက်လိုအပ်တာတွေ အကုန်လုံးလုပ်ပေးထားတယ်။ မင်းရဲ့ညီကိုလည်း ဖုန်းဆက် ပြီးသွားပြီ။” ခေါင်းလေးငြိမ့်ပြသည်။ နောက် ခပ်တိုးတိုးလေးသူပြောသည်။ 

“သံတုံးကြီးပြုတ်ထွက်လာတာ ငါမြင်လိုက်တယ်…….. ငါပြေးသေးတယ်….ငါ့နောက်မှာ အန်ကယ်ကြီးရှိနေတယ်…..ငါသူ့ကိုတွန်းဖယ်လိုက်တာ……မဟုတ်ရင် ငါရောသူရောပိမှာ……..” 

“ငါသိတယ်သူငယ်ချင်း မင်းအဲဒီလိုတွန်းလိုက်လို့လည်း အန်ကယ်ကြီး လွတ်သွားတာ။ အားလုံးကလည်း မြင်တယ်ကွ။ မင်းကိုလည်း ချီးကျူးနေကြပါတယ်။ မင်း အဲဒီပီတိလေးကို စားထားပါကွာ။ မင်းအတွက် အားဖြစ်လာပါလိမ့်မယ်နော် သူငယ်ချင်း။” 

လူတော်တော်များများက ဘေးအန္တရာယ် ကြုံလာရင် ဘေးဘီကို သတိမေ့တတ်ကြတာ သဘာဝလိုပါပဲ။ သူကတော့ မမေ့ခဲ့ပါ။ ကြီးမားတဲ့ ပစ္စည်းကြီးတွေကို စက်ခုတ်စားတဲ့အခါမှာ စက်ရုံက လူနှစ်ယောက်လောက် ထားပေးတတ်ကြသည်။ပေါ့လျော့မှုကြောင့်ဖြစ်လာမည့်ဘေးအန္တရာယ်တွေကိုကြိုတင် သိမြင်နိုင်ဖို့အတွက်ပါ။ ကြိုတင်သိမြင်လို့ ဘေးအန္တရာယ်က လွတ်သွားတဲ့ သာဓကတွေလည်း ရှိခဲ့ပါသည်။ သို့သော် ယခုလို စက်ချို့ယွင်းမှုကြောင့် ဖြစ်လာတာကတော့ ဘယ်သူမှ ဘာမှမတတ်နိုင်တော့ပါ။ တာဝန်ယူထားတဲ့ လူနှစ်ယောက်ထဲကမှ အခုတစ်ယောက်က အတွင်းလူနာအဖြစ် ဆေးရုံကိုရောက်ရှိနေပြီ။ 

“သူငယ်ချင်း အချိန်တိုင်း မင်းတို့ရဲ့ ဘုရားကို အာရုံပြုထားနော်။ မင်းရဲ့ ဆွဲကြိုးလေးရော....သူတို့သိမ်းပေးထားတယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် စိတ်ထဲကနေ အာရုံညွှတ်ထားပေါ့ကွာနော်။ ငါတို့ထပ်လာခဲ့ပါဦးမယ်။ ခုတော့ မင်းနားလိုက်ဦးနော်။” 

နှုပ်ခမ်းလေး ကွေးတက်သွားတာကို သူပြုံးပြတယ်လို့ပဲ မှတ်ယူလိုက်ပါသည်။ နာကျင်မှုတွေ ကြားထဲက လူတစ်ယောက်ရဲ့ အပြုံးဟာ ဒီလောက်နဲ့တင် လုံလောက်ပါပြီ။ ဘေးအန္တရာယ်ကြားကနေ ကိုယ့်အတွက်ကို ပဓာနမထားဘဲ သူတစ်ဖက်သားကို လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့ စိတ်ထားလေးရဲ့ အကျိုးကျေးဇူးကြောင့် သူတို့ ဘုရားသခင်က သူ့ကို စောင်မကြည့်ရှုလိမ့်မည်ဟု သူယုံကြည်ပါသည်။


မောင်းနေတဲ့ကားရဲ့ စက်သံညက်ညက်ရယ် ဂီယာထိုးသံတွေရယ်က သူ့ကိုအတွေးထဲမှပြန်ဆွဲခေါ်သွားသည်။ရှေ့မှာမြင်နေရတာက လမ်းမကြီးပေါ်မှာ ဥဒဟိုသွားလာနေကြသော ကားများ ၊ ဆိုင်ကယ်များ၊ ရည်မှန်းချက်ကိုယ်စီနဲ့ လူများ၊ လမ်းမကြီးပေါ်မှာပဲ မျက်လုံးတွေဖွင့်လျှက်က ကြိုတင်မမြင်နိုင်သော အရာရာများ……။

Saturday, February 19, 2011

လူ = ရေ

ဘာလိုလိုနဲ့ပေါ့ ဒီမှာနေတာ ၄နှစ်ပြည့်တော့မယ် ။ ဆိုတော့ကာ ဟိုနေ့ကပဲ ဆက်ပြီးနေထိုင်ဖို့အတွက် company နဲ့ပြောဆိုဆွေးနွေးပြီးတဲ့ သကာလ စာအုပ်ဝယ်ဖို့လုပ်ရပါတော့တယ် ။ ဘာစာအုပ်လဲလို့ မမေးပါနဲ့ဦး ။ နောက်တော့ပြောပါ့မယ် ။ ဒီလိုပါ အဲဒီစာအုပ်ကလေးက မရှိမဖြစ်ဆိုပါတော့။ သူက တော်တော်လေးအရာရောက်ပါတယ် ။ သူ့ကိုဝယ်ဖို့ တော်တော်လေးလည်း အလုပ်ရှုပ်ရပါတယ် ။ စိတ်လည်းရှည်ရပါတယ် ။ ဈေးလည်းတော်တော်လေးကို ကြီးပါတယ် ။ တစ်ခါဝယ်ဖို့အရေး တန်းစီရတာကို တော်တော်ကြာပါတယ် ။ လူတွေများလွန်းလို့ စီထားတဲ့ လူတန်းကြီးဟာ စာအုပ်ရောင်းတဲ့ ဆိုင်အပြင်ကိုတောင် ရောက်ပြီး ကွေ့ကာဝိုက်ကာနဲ့ကို သွယ်တန်းနေပါတော့တယ် ။ ဘာပဲဖြစ်ဖြစ် လူတွေက အဲဒီစာအုပ်ကလေးရဲ့ တန်ဖိုးကျသင့်ငွေလေးတွေကို [ ငွေလေးလို့ပြောတာမကျေနပ်ရင် ငွေကြီးလို့ပြောင်းဖတ်လို့ရပါကြောင်း :) ] ဆုတ်ကိုင်ထားကာ မရှည်တဲ့စိတ်ကို ဆွဲဆန့်ပြီး ရှည်အောင်ကိုစောင့်နေကြပေါ့ ။ အဲဒီလူတန်းကြီးမှာ အနှီမောင်ဖိုးကြယ်လည်း အပါအဝင်ပါ ။ ဒီလိုနဲ့ တစ်ရွေ့ရွေ့နဲ့ ချီတက်လာလိုက်တာ မောင်ဖိုးကြယ်ရှေ့မှာ နှစ်ယောက်ပဲလိုတော့တယ်ခင်ဗျ ။ နဲနဲလည်းဝမ်းသာစပြုနေပါပြီ ။ အဲဒီအချိန်မှာပဲ မောင်ဖိုးကြယ် ဘွားခနဲ မြင်လိုက်တာတစ်ခုကြောင့် ရီရမလို ငိုရမလိုတောင်ဖြစ်သွားရပါတယ် ။ သေသေခြာခြာထပ်ကြည့်ပါတယ် ။ မှားနေမှာစိုးလို့ပါ ။ ဟုတ်ကဲ့ မမှားပါဘူး သေသေခြာခြာ ကိုမှန်ပါတယ် ။ အဲဒါနဲ့ blog မှာစာလာဖတ်တဲ့  ထောင် သောင်း သိန်း သန်း သောပရိသတ်ကြီးအား :) မျှဝေလိုဇောနဲ့ ဓာတ်ပုံရိုက်ယူလာခဲ့ပါတယ် ။ ရိုက်ထားတာက ကွယ်ကာဝှက်ကာ ဆိုင်ရှင်တွေမမြင်အောင် ရိုက်ခဲ့ရတာဆိုတော့ နဲနဲ ဝါးတားတား ဖြစ်နေပါတယ် ။ ဒါပေမယ့် အရှင်းကြီးပါ ။ မြင်သူတိုင်း နှစ်ခါကြည့်စရာမလိုပါဘူး :) ။
              
နောက်တော့ မောင်ဖိုးကြယ် အလှည့်ရောက်လို့ လက်ထဲက ကိုင်ထားတဲ့ ပိုက်ဆံကို မပေးချင်ပေးချင်နဲ့ ပေးပြီး အဲဒီစာအုပ်အနီရောင်လေးကို ယူလာခဲ့ပါတယ် ။ နောက်ဆုံးတော့ ရခဲ့ပါပြီ ။ ဒါပေမယ့် မြင်ခဲ့ရတဲ့ မြင်ကွင်းကြောင့် မအီမလည်ကြီးတော့ ဖြစ်သား :) ကြည့်ကြပါကုန် ပရိတ်သတ် :) ။ 


 
အနှစ်ချုပ်ဆိုရသော်....လူသည်ရေနှင့်တူ၏ ၊ ရေသည်ငွေနှင့်တူ၏ ဆိုသော် ကန်သည် မည်သည့်အရာနှင့်တူပါသနည်း :))) ။

Sunday, January 2, 2011

တစ်ပါးသွားနှစ်ကူး

ညနေခင်းလေးရဲ့ ကြိုဆိုသံက သူ့ ရင်ကို လှုပ်ခပ်နေလေရဲ့။ဒီနေ့ဟာ ဒီနှစ်ရဲ့နောက်ဆုံးနေ့။ သူခေါ်နေတယ် အမြန်သွားပါ။ ကားဂိတ်မှာ တစ်ယောက်ထဲတဲ့။ ခြေလှမ်းတွေက မြန်လိုက်တာ စိတ်နဲ့အတူတူပြေးနေလေရဲ့။ ကျေးဇူးပြုပြီး လမ်းနဲနဲပေးပါ။ ဒီခုန်မှာထိုင်လို့ရမလား။ ခြေထောက်ကိုတက်နင်းသွားတယ်။ ရပါတယ် နာလည်းခဏပေါ့။ ကားကနှေးလိုက်တာ မြန်မြန်မောင်းလို့မရဘူးလား။ မီးနီနေတာကြာတယ်။ မြန်မြန်စိမ်းပါတော့။ ချစ်သူကစိတ်ကောက်ခဲတယ်။ကောက်ရင်လည်း မလွယ်ဘူးဆိုတာ ငါသိတယ်။

ဟော.....ရောက်ပြီ။ သူဘယ်မှာလဲ လရိပ်ထဲမှာ ပုန်းနေတာလား။ ဟော....တွေ့ပြီ ။ ပိုးစိုးပက်စက်လှနေတယ် အရာရာတိုင်းက။ ကောက်ချင်ယောင်ဆောင်နေတော့ ဖြောင့်ရခက်တယ်။နောက် သူ ရယ်နေတယ်။ မျက်နှာလေးက ချစ်စရာလေး။ ကျေးဇူးပြုပြီး ဒီဘက်နဲနဲတိုးနော်။ လက်ကလေးတစ်ဘက် လာချိတ်တယ်။ အဲဒီအချိန် ကားကြီးတစ်စင်းထိုးဆိုက်လာတယ်။ တွဲလောင်းကြီးဆွဲထားတယ်။ အပြုံးတွေနည်းနည်း ကျဲပြီး တက်ခဲ့လိုက်တယ်။ ကြာလိုက်တာ မြန်မြန်မလာဘူးတဲ့။ ကဲ...ဘယ်သွားကြမလဲဆိုတော့ နှင်းမှုန်တွေမရှိပဲ ဆောင်းရာသီယောင်ဆောင်ထားတဲ့ နှစ်သစ်ကူး နန်းတော်ကိုတဲ့။ ချစ်စဖွယ်ကောင်မလေးပဲ။ အနမ်းလေးခပ်ဖွဖွပေးလိုက်တယ်။ သိမ်းထားနော်။

ဖုန်းကငှက်ဆိုးတွေ ရင်ကွဲသံနဲ့ ထ ပြီးမြည်တယ်။ ငါတို့ အဖုံးတွေဖွင့်ထားတယ်တဲ့။ တံခါးက ၅ပေကျယ်တယ်။ တစ်ကိုယ်စာတော့ ချောင်ချောင်ချိချိပဲတဲ့။ အော်...ဒါနဲ့မင်းတစ်ယောက်ထဲလား။ အော်....နှင်းတွေနဲ့အတူ ကနေတာပဲကိုး တဲ့။ ဘာပဲဖြစ်ဖြစ် အဖုံးတွေဖွင့်ထားလိုက်မယ်နော်တဲ့။သူ နာရီကိုကြည့်တော့ ၁၁နာရီ ၄၅ တဲ့။ မြန်လိုက်တာ နာရီက မြင်းတစ်ကောင်ကို ခွစီးထားသလိုပဲ။`' happy new year နော် ကို `' တဲ့။ အင်း နောက်ကျနေပြီပဲ။မျက်စိတစ်ဆုံးထိလိုက်ပို့လိုက်တယ်။ ကားဘယ်မှာလဲ...မြန်မြန်လာပါ။ အဖုံးတွေဖွင့်ထားတယ်တဲ့။ အဲဒီအချိန် ဖုန်းက ထ ပြီးမြည်ပြန်တယ်။ ဘယ်မှာလဲ....... အဖုံးတွေ ဖွင့်ထားတာကြာတော့ အငွေ့တွေပြန်ကုန်တယ်တဲ့။ အဲဒါတော့ သူဝမ်းသာတယ်။ အငွေ့ပြန်တော့ ကောင်းတာပေါ့။ အင်း လာပြီ အမြန်ဆုံးပဲနော်။ HAPPY NEW YEAR........ ဟင်....... နာရီက ၁၂ နာရီမှာ မားမားရပ်ပြနေတယ်။ ကဲပါ...အငွေ့ပြန်တာကြာပြီပဲ သူမရှိလဲ အဖုံးတွေဖွင့်ထားတာပဲ။ သူခေါင်းကို နောက်မှီချလိုက်ပြီး မျက်လုံးတွေမှိတ်ချလိုက်တယ်။ မျက်နှာလေးတစ်ခု။ အပြုံးလေးတစ်ခု တောင်ချိတ်ထားသေး။ မျက်နှာလေးနဲ့အတူ သူနှစ်ကူးလိုက်တယ်။ တစ်ကယ်တော့ ဒါဟာ နှစ်ယောက်အတူတူကူးခဲ့တဲ့ တစ်ပါးသွားနှစ်ကူးပေါ့။

Thursday, November 11, 2010

ကဗျာရဲ့" ငါ "

မခံချင်စိတ်တစ်ခုရယ် ဝမ်းနည်းခြင်းတရား ခပ်ပါးပါးတစ်ခုရယ်က အကြောင်းပေါင်းသင့်မှုတစ်ခုကို ဖန်တီးပြီး ညတစ်ဝက်တစ်ပျက်မှာ ကဗျာဟာ ဧရာဝတီကို စွန်ခွာခဲ့ပေါ့။ 

အပြုံးတုတဲ့..... ဘယ်ရာသီမှာမှ မပွင့်ဖူးတဲ့ပန်းလို အမည်နာမတပ်မရပဲ မျက်နှာပေါ်မှာ တွဲလောင်းဆွဲတတ်ခဲ့ပြီ။ 

ငါသာယာတဲ့ ငါ့ရဲ့ရွာလေးရေ...... ဖြူစင်မှုတွေနဲ့အတူကျန်ရစ် ရာဇဝင်ရဲ့အစ မြစ်ဖျားခံရာဒေသပေါ့။ တစ်လှမ်းဝေးလေ အစိမ်းဓာတ်ထဲ စိတ်တွေချချစတေးရင်း အယူတိမ်းမှာ စိုးမိတယ်။ အစိမ်းဓာတ်ထဲက တိမ်းစောင်းနေတဲ့ အတ္တတွေလေ အမှန်တရားလို ဟန်ဆောင်ကိုးကွယ်ကြ တစ်ခါတစ်ခါ တွေးမရချင်တော့ဘူး။ မီးများမီးနိုင်တဲ့ အတ္တများရင် ပူလောင်တယ်။ 

ငါ...ငါ...ငါ...အရာရာကို ငါ နေကြ။ ငါ နေရင်းက ငါက ပျောက်ဆုံး ကဲ...ခင်ဗျားတို့ ငါတွေ သုံးကောရသေးရဲ့လား။ တစ်ဘဝစာသာယာဖို့ ငါ တွေကိုရှေ့တန်းတင် ပုပ်အဲ့အဲ့ ရင်ခွင်တွေနဲ့အတူ ငါ့အယူအဆ ငါ့ဝါဒနဲ့ မမြဲခြင်းတရားနား လက်တစ်လုံးခြား လှည့်ဖျား မြင်နေရတာ ခါးလိုက်တာ။ 

အတွေးသက်သက်ပါပဲ လာမေးခဲ့ရင်လည်း ကဗျာမှာ ငါ ရှိတာပဲ။ ဒီလိုပေါ့ ကဗျာက ငါကိုကိုင်စွဲ ချစ်ခြင်းတွေ ဖြန့်ဖြန့်ကျဲတတ်လေရဲ့။ 

ကဗျာဟာ ငါကိုကိုင်စွဲ လွဲနေခဲ့ရင်တောင် အဇတ္တတွေ မမှောင်စေရဘူး။ 
ကဗျာဟာ ငါကိုကိုင်စွဲ လူတစ်အုပ်နဲ့ ပတ်သက်လာရင် သွေးနည်းနည်းကျဲတတ်လေရဲ့။ 
ကဗျာဟာ ငါကိုကိုင်စွဲ လွဲနေတဲ့အကြောင်း တစ်စေ့တစ်စောင်းလောက်တော့ ပြောတတ်တယ်။ 
ကဗျာဟာ ငါကိုကိုင်စွဲ ကြွေးဟောင်းတွေလည်း ဆပ်နေဆဲပဲလေ။ 
ကဗျာဟာ ငါကိုကိုင်စွဲ ချစ်တဲ့အရိပ်နဲ့ ချစ်သူရဲ့စိတ်ကို အေးမြစေချင်ရဲ့။ 

နောက်ဆုံးတစ်နေ့ပေါ့... ကဗျာဟာ ငါကိုစွန့်လွှတ် ကဗျာမှာ ငါ မရှိတော့ရင် ငါဟာကဗျာ တစ်ပုဒ်မဟုတ်ဘူး။ ငါ ဆိုတာမှာ ကဗျာမရှိတော့ဘူး။ ကဗျာက ကဗျာဝါဒနဲ့ ဆက်လက်ရှင်သန်ပြီး ငါ ဆိုတဲ့အရာက အတ္တတွေရဲ့ သရုပ်လွန်ကခွာဖို့ ငါ ဆိုတာကျွတ်အောင် ငါ့တေးသွားငါ အကြိမ်ကြိမ်ရွတ်ရဦးမှာပေါ့......။

Saturday, November 6, 2010

ကြယ်နှင့်အတူ

အဲဒီနေ့လေးဆီကပေါ့ ရသတွေ အရည်ဖျော်ပြီး ပျော်ရွှင်မှုတွေကို ကြယ်လေးက ခေါ်ဆောင်လာခဲ့တယ်။

စိတ်တွေခေါက်တုံ့ခေါက်ပြန်နဲ့ အဲဒီနေ့ရဲ့ rhythm တွေနဲ့အတူ ကခုန်ပျော်မြူးတော့ ဘယ်သူခေါ်ခေါ် ပြန်မထူးမိဘူး။ 

အဲဒီနေ့လေးမှာပေါ့ ကြယ်လေးက နက္ခတ်တေးသွားတွေနဲ့ နွေးထွေးတဲ့လက်တစ်စုံမှာ အလင်းစတွေတပ်ပြီး ကျွန်တော့်မွန်းကြပ်မှုတွေကိုဖြေဖို့ မောဟတွေကို သေစေခဲ့တယ်။ 

အလင်းစတွေရယ် ကျေးဇူးတင်လိုက်တာ။ ကျွန်တော်ခူးဆွတ်မိတဲ့ အမှောင်တွေမှာ ကြယ်လေးကသာ အလင်းစတွေနဲ့အတူ ကျွန်တော့ရူးသွပ်မှုတွေကို လူလားမြောက်စေခဲ့တယ်။ 

ရက်စွဲအသေတွေရေ.....နေခဲ့လိုက်တော့။ တကယ်တော့ ချစ်ခြင်းတစ်ခုရဲ့ ရင်ဝှက်တေးဆိုတာ နှစ်ကိုယ်တူဘဝတွေရဲ့ အဝေးမှာမဟုတ်ဘူး။ ကြယ်လေးရဲ့အလင်းရောင်ကြောင့် တွန့်ခေါက်နေတဲ့ ရင်ထဲက တောင်တန်းလေးလည်း ပြေလို့ ဇာပနအသေတစ်ခုလို နိဂုံးချုပ်လို့ရတယ်။ 

တစ်နေ့တော့ ရောက်နိုင်ပါစေ။ ကြယ်လေးရဲ့ ပြတင်းပေါက်တွေကတစ်ဆင့် ဘဝရဲ့ ကံဆင့်ဆင့်ကို ရဲရင့်ခြင်းတွေနဲ့ ဆွဲဖွင့်လိုက်ချင်ပါရဲ့။ 

ကဲ.....အရှေ့ဆီမှာ ဆိုတာဘာလဲ။ မျက်နှာပေါ်မှာ ဘာတွေတင်ကြမလဲ။ ပျော်ရွှင်မှုတွေနဲ့အတူ ချစ်ခြင်းတွေကို တန်ဆာဆင်မလား။ မျက်နှာများတဲ့ ကံဇာတာတွေထက်မှာ တစ်ယောက်ရဲ့တေးသွား တစ်ယောက်ကြားဖို့ ဘယ်မြို့ရိုးရှေ့မှာ မားမားရပ်မလဲ။

ကြယ်လေးရေ.......တွေးမရခြင်းတွေက လက်မှိုင်ချဖို့မလို ကြိုဆိုချင်နေတဲ့ နေ့စွဲတွေအတွက် နေအထွက်မှာ အပြုံးတွေစက်လက်နဲ့  တို့........ပြေးထွက်ကြပါစို့ ။

Monday, October 25, 2010

သုံးဆယ့်ခြောက်နှစ် (၁၉၇၄ - ၂၀၁၀)

 အနတ္တတွေးမရခြင်းက ဒီမှာစပါတယ်။ ဘယ်လိုကြောင့်ပါလိမ့်....။

သူ့ရင်ခွင်ထက်က ပညတ်ချက်တွေက ဝေဝါးနေလို့လား။ အရာရာဟာ အရင်အတိုင်းပါပဲ။ လွဲနေတာက ဘာလဲ။

ကဲတွေးလိုက်ပါဦး။ သူဟာ သူပါပဲ ။ ဒုက္ခတွေကို ပန်းလိုဝေအောင် သူမဆောင်ကျဉ်းခဲ့သလို မျက်ရည်တွေ ပြိုကျခဲ့တဲ့ နေ့စွဲတွေထက်မှာ သူမသာယာခဲ့ပါဘူး။

ဒီနေရာပေါ့...... သူဟာ အရာရာရဲ့ရှေ့မှာ နေပေးခဲ့တာ။ ဘာများ မှားနေလို့ပါလိမ့်....။ တစ်ကယ်တော့ လေရူးတွေတိုက်ခံရတာပါ။ တစ်ကယ်ဆို ဒီနေရာမှာ သူနေဖို့ သူ့ကိုယ်သူ ရွေးချယ်ခဲ့ခြင်း မဟုတ်ပါ။ ထားရာမှာ နေပါတယ်။ စေရာကို သွားပါတယ်။

သူ့ကို မမွေးခင်က အရာရာတိုင်းအတွက်ရော၊ မွေးချင်းတူတဲ့ အရာရာတိုင်းအတွက်ရော၊ နောက်မှမွေးဖွားခဲ့တဲ့ အရာရာတိုင်းအတွက်ရော သူဟာ သင်္ကေတ သဘောဆောင်ပေးခဲ့တယ်။ နောင်လည်း သူဟာ အရာရာတိုင်းအတွက် ကိုယ်စားပြုနိုင်လိမ့်မယ် ထင်ခဲ့တယ်။

ကဲ......ခုတော့ဖယ် တဲ့။ ဟုတ်ကဲ့...... ရပါတယ်။ ဖယ်ဆိုလည်း ဖယ်ပါ့မယ်။ အရာရာတိုင်းရဲ့သဘော စစ်ကြောချင်မှ စစ်ကြောမယ်။ လေရူးတွေရဲ့ သဘောထားမှာ လှေတွေပါ လိုက်လူးကုန်ကြပေါ့။

ကဲ...ဟုတ်ပါပြီ သူ့ထက်ကြီးရင့်တဲ့ သူတွေအားလုံးရေ..... သူနဲ့ရွယ်တူမိတ်ဆွေတွေရေ..... သူ့ထက်ငယ်တဲ့ ညီ၊ ညီမလေးတို့တွေရေ..... နှုတ်ဆက်ပါတယ်။ သူဒီနေရာမှာ မရှိတော့ပေမယ့် အရာအားလုံးရဲ့ရင်ထဲ သူဟာ ထာဝစဉ်အမြဲ ဒီနေရာက ဒီနေရာပါပဲ။ ဒါကို သူလည်းသိပါတယ်။ ဝမ်းနည်းမျက်ရည် နေ့စွဲတွေကို အေးခဲသာထားလိုက်ပါတော့။
                        
" ကဲ...သူလည်း သုံးဆယ့်ခြောက်နှစ်ပြည့်ခဲ့ပြီပဲ..... "

Saturday, October 16, 2010

အိမ်မက်ရာသီ

အဲဒီညက ခခယယနဲ့ကို ငါ့စိတ်တွေမူးတယ်။ တကယ်ကိုမလှပဘူး။ ကံကြမ္မာက မှောက်လိုမှောက် လှန်လိုလှန် ငါ့စိတ်ရာသီတွေလည်း ရင်ခုန်သံတွေထဲ ပျာယာကိုခပ်တယ်။ ဘယ်လိုပါလိမ့် တွေးမရခဲ့တာကနေ့လည် အိမ်မက်တစ်ခုရဲ့ အစမှာပေါ့။ မသာယာဘူး အိမ်မက်ကို တေးထားလိုက်တယ်စိတ်ထဲမှာ။ နောက်တစ်ခါကြုံရင်ပေါ့။ ဒါရိုက်တာတစ်ယောက်လောက်ငှားပါ။ အိမ်မက်ကိုပြင်ရအောင်လို့။

ညက ချစ်သူစိတ်ဆိုးတယ်။ မီးကျိုးမောင်းပျက် စကားလုံးတွေ သဲ့သဲ့နဲ့ချစ်သူကိုချော့တော့ တေးသွားတွေပေါ့ အလီလီပြန်ကျော့ရတယ်။ တော်ပါပြီ အိမ်မက်တွေရယ် နာရီတွေတောင် သူ့ကြောင့် ကြွေကြွေကျပေါ့။ ကျွန်တော်လည်း အိပ်ချင်လို့ အိပ်တာ အိမ်မက်တွေမပါစေချင်သလို ချစ်သူကလည်း စိတ်မဆိုးချင်ပဲ စိတ်ဆိုးခဲ့ရတယ်။ ကျွန်တော်ကတော့ ဒီလိုပဲထင်တယ်။ တစ်ကယ်တော့ အိမ်မက်ဆိုတာ မက်တိုင်းမကောင်းသလို ကောင်းတဲ့အရာတွေပဲ မမက်တာခက်တယ် ချစ်သူရယ်။

တစ်ကယ်တော့ ခံစားချက်တွေဆိုတာ ရင်မှာပွင့်တဲ့ပန်းလို ခပ်လှမ်းလှမ်းမှာ ရှိမနေဘူး။ ရူးသွပ်မှုဆိုတာ တစ်ကိုယ်တော်ဆန်ပါတယ်လေ။ ကဲ....မြောက်ပြန်လေညှင်းရေ ပန်းခင်းထက်က လမင်းသာမှုတွေကို သယ်ယူလိုက သယ်ယူသွားပါ ရနံ့လေးတော့ထားခဲ့ပေါ့။ ဒီညတော့ အတွေးတွေ ပန်းဝင်နိုင်ဖို့ နွေနေပူမှာ ဝါးကူထိုးရဦးမယ်။ ငါ့ရဲ့ အိမ်မက်ရာသီတွေရယ် သူစိမ်းဆန်လိုက်တာလွန်ရော။ ကံကြမ္မာဆိုတာ ကွမ်းတစ်ယာဝါးတာလောက်ကိုမကြာဘူး။ တစ်ခါတစ်လေတော့လည်း ဘဝတစ်ခုလုံး အပိုင်းအခြားထိကို အချိန်တွေ တာသွားပြန်ရော။ မလောပါနဲ့ မိတ်ဆွေ..... မဖိတ်ခေါ်နိုင်သမျှ ချစ်သူကို လွမ်းနေရတာ ကြာပေါ့......။

Recent Comments