Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Friday, November 11, 2011

အရောင်ဆိုးခံလိုက်ရသော မေတ္တာ

အိမ်ရှေ့မြေကွက်လပ်တွင် ဆော့ကစားနေသော သားလေးဖိုးထွန်းကို ကိုမြင့်ဝေတစ်ယောက် ငေးကြည့်နေမိသည်။ သားလေးဖိုးထွန်းတောင် ဒီနှစ်ဆို ငါးတန်းတက်ရတော့မည်ပဲ။ ဖိုးထွန်းက စာတော်သည်မဟုတ်ပေမယ့် စာညံ့သည့်အထဲတွင်တော့ မပါပေ။ လက်ရေးလေးတွေဆိုလည်း သူသင်ထားသည့်အတိုင်း ဝိုင်းစက်နေအောင် ရေးနိုင်သည်။ သားနဲ့ရွယ်တူတွေထဲမှာတော့ ဖိုးထွန်းလေးက လက်ရေးအလှဆုံးဟု ပြောရမည်။ ထို့ကြောင့်လည်း သားရဲ့ပညာရေးနဲ့ပတ်သက်လို့ သူတတ်နိုင်သလောက် အစွမ်းကုန်ပံ့ပိုးပေးသည်။

ဟိုနေ့ကပဲ သားအတွက် စာရေးကိရိယာတွေ၊ ကျောင်းအိင်္ကျင်္ီတွေ သူဝယ်လာတော့ မိန်းမလုပ်သူက “တော်ကလည်း ခုမှ နွေရာသီကျောင်းစပိတ်ရုံရှိသေးတယ် အဖြစ်သည်းလိုက်တာလွန်ရော….” ဟု မှတ်ချက်ပေးနေသေးသည်။ အထုတ်တွေပွေ့ပြီး လမ်းထဲကို ဝင်တော့လည်း လမ်းထိပ်ဈေးဆိုင်က ဒေါ်သောင်းက “မြင့်ဝေတို့အထုတ်ပိုက်ရင် ဖိုးထွန်းအတွက်မှ ဟုတ်ပါလေစ…” ဟု ပြောသေးသည် ။ ပြောချင်တာသာ ပြောကြပါစေ.... ကိုမြင့်ဝေကတော့ သူ့သားမှ သူ့သား။ သားကို ပညာတတ်ကြီး ဖြစ်စေချင်သည်။ လူကြီးမိဘတွေကို ရိုသေလေးစားတတ်သော သားတစ်ယောက် ဖြစ်စေချင်သည်။ ပတ်ဝန်းကျင်တွင် သူ့သားသည် စံပြတစ်ယောက် ဖြစ်စေချင်သည်။ ဒါတွေသည်ပင် သူ့ဘဝရဲ့ အဖြစ်ချင်ဆုံးဆန္ဒတွေ ဖြစ်သည်။

“သားချစ်…”

ကိုမြင့်ဝေ သားဖြစ်သူကို လှမ်းခေါ်လိုက်သည်။

“ဗျာ…ချစ်ဖေ….” ဟု ထူးကာ ဖိုးထွန်းတစ်ယောက် အနားသို့ ရောက်လာသည်။ 

ဖအေနှင့်သား အခေါ်အဝေါ်တွေက သူသင်ထားသည့်အတိုင်းပဲဖြစ်သည်။ အဖေချစ်သောသားနှင့် သားချစ်သောအဖေ ဆိုတာကို သူတော်တော်နှစ်သက်သည်။ ထို့ကြောင့်လည်း ဒီအခေါ်အဝေါ်တွေကို သူကိုယ်တိုင် သင်ထားပေးခြင်းဖြစ်သည်။ ပတ်ဝန်းကျင်က တီးတိုးပြောကြသံတွေကို သူပြန်ကြားရသည်။ ပထွေးနှင့် မယားပါသားတွေထဲမှာတော့ ဒီသားအဖက စံပြပဲဟု ဆိုကြသည်။

ဟုတ်ပါသည် သူသည် ပထွေးတစ်ယောက်ပင် ဖြစ်သည်။ မလှဝင်းနှင့် အကြောင်းပါတော့ သားလေးက တော်တော်ငယ်သေးသည်။ မလှဝင်းကို သူချစ်မြတ်နိုးသည်။ အရင်အိမ်ထောင်နှင့် အကြောင်းကြောင်းတွေကြောင့် ကွဲခဲ့ရတော့ သူတော်တော်စိတ်မကောင်းဖြစ်မိသည်။ သားတစ်ကောင်နှင့် တို့လို့တွဲလောင်းဟုပင် ဆိုရမည်။ အရင်အိမ်ထောင် ကိုဘမောင်က တော်တော်ဆိုးသည့် စာရင်းတွင် ပါဝင်ပေသည်။ အရက်ကိုးမောင်းသောက်၍ ရမ်းသည်။ စာရိတ္တကလည်း မကောင်း။နောက်တော့ ကွဲကြကွာကြတွေ ဖြစ်ကုန်သည်။ ကိုဘမောင်က ရွာပြန်သွားပြီး သတင်းအစအနပင် မကြားရတော့။ ဒီနောက်ပိုင်းမှာ သူနှင့်မလှဝင်း အကြောင်းပါသည်။ သားလေးအတွက် သူတို့ တော်တော်လေး ဆွေးနွေးဖြစ်ကြသည်။ ဖိုးထွန်းလေးကို မြင်ကတည်းက သူသနားစိတ်ဝင်မိသည်။ သားအရင်းကဲ့သို့ပင် ချစ်ခင်မိသည်။ သူကိုယ်တိုင်သည်လည်း ကလေးယူနိုင်ပါလျှက်နှင့် သူ့သွေးကို မယူဖြစ်လောက်အောင်ကို ဒီသားလေးတစ်ယောက်နဲ့ပဲ သူတို့ဘဝကို အဆုံးသတ်လိုက်ကြသည်။

~~~~~~~~~~~~~~~~~~~~~~~~~~

“သားရေ…..”

ဒေါ်လှဝင်းတစ်ယောက် ဖိုးထွန်းကို ခေါ်လိုက်သည်။

“ဒေါ်သောင်းဆိုင်မှာ ငံပြာရည်သွားဝယ်ပေးဦးနော်….”

“လာပြီ ချစ်မေ…”

အမေခိုင်းလို့သာ သွားရသည်..... ဖြစ်နိုင်ရင် အဲဒီမိန်းမကြီးဆိုင်သို့ သူမသွားချင်။ သူသွားလျှင် ဒေါ်သောင်းက ဘာတွေ မေးမှန်းမသိ။ မင်ချစ်ဖေနဲ့ မင်းအမေ အဆင်ပြေရဲ့လားတို့၊ မင်းအဖေက မင်းကို ရိုက်လားတို့ စုံနေတော့သည်။ သူစဉ်းစားမိသည်မှာ ဘာ့အတွက်ကြောင့် သူ့ချစ်ဖေက သူ့ကို ရိုက်ရမည်နည်း။ သူ့အမေနှင့်လည်း အဆင်ပြေနေပါလျှက် ဘာတွေ မေးမှန်းမသိ။ သူ့သူငယ်ချင်း ဖိုးငယ်ကတော့ အဲဒီမိန်းမကြီး စကားနားမထောင်နဲ့ ဟု ပြောတတ်သည်။

ဖိုးငယ်က သူ့ရဲ့ငယ်သူငယ်ချင်းတစ်ယောက်။ အတူသွား၊ အတူစား ညီရင်းအစ်ကိုလို နေကြသည်။ ဖိုးငယ်အိမ်လာလျှင် သူပျော်သည်။ အိမ်လာလျှင်လည်း ချစ်ဖေနှင့်ချစ်မေက ဖိုးငယ်ကို ထမင်းစားပြီးမှ ပြန်ခိုင်းတတ်သည်။ ဖိုးငယ်ပြန်မည်ဆိုလျှင်လည်း တိုးတိုးတိုးတိုးနှင့် ဘာတွေပြောနေကြမှန်းမသိ။ သူမေးကြည့်တော့ ဖိုးငယ်က မင်းအကြောင်းတွေပဲ မေးတာပါကွာ ကျောင်းမှာစာလိုက်နိုင်လား ဆော့နေသလားဆိုတာတွေမေးတာ ဟုပဲ ပြန်ပြောတတ်သည်။

 အဲဒါတော့ ဟုတ်မည် ထင်သည်။ ချစ်ဖေက သူ့သူငယ်ချင်းတွေကို တွေ့တိုင်း သူ့အကြောင်းတွေ မေးတတ်သည်။ ချစ်ဖေက သူ့ကို အလွန်ချစ်သည်။ ဒါကိုတော့ သူလည်း သိပါသည်။ သူဘာကစားနည်းပဲ ဆော့ဆော့ ချစ်ဖေက မဆော့ခိုင်းဘူး ဟူ၍ မရှိပေ။ ဘယ်လိုဆော့ရင်ကောင်းသည်ဟုသာ ပြောပြတတ်သည်။ နောက်ပြီး ချစ်ဖေက သူ့ကို အိမ်ဆောက်နည်းတွေ၊ ကားလုပ်နည်းတွေ၊ ဇက်လုပ်နည်းတွေပါ သင်ပေးတတ်သည်။ ချစ်ဖေ ဘယ်ကယူလာမှန်း မသိသော ဖော့တုန်းကြီးတွေကို ဇက်ပုံရအောင် လှီးဖြတ်ကြသည်။ တစ်ခါတစ်လေ မြစ်ကမ်းစပ်မှာ ရပ်ထားသော ဇက်ကြီးတွေကို သွားကြည့်ကြ၊ အိမ်ပြန်ရောက်လျှင် ဖော့တုံးတွေကို လှီးကြဖြတ်ကြနှင့် အလွန်ပျော်ဖို့ကောင်းသည်။

မှတ်မှတ်ရရ တစ်နေ့ သူနှင့်ဖိုးငယ် လှီးထားတဲ့ ဖော့တုံးတွေကို ဆက်ပြီး ဇက်ကြီးတစ်ခုနှင့် ပုံစံတူ ရခဲ့သည်။ ထိုအခါ သူက ဖိုးငယ်ကို “ငါတို့ ဇက်တော့ပြီးပြီကွ ဒါပေမယ့် ငါတို့ဇက်က စက်လည်းမပါဘူးနော် …” ဟု ပြောလိုက်မိသည်။ အဲဒါကို ကြားသွားသော ချစ်ဖေက ဘီဒိုပေါ်က ကက်ဆက်ကို သွားယူကာ အဖုံးတွေ ဖွင့်ပြီး တစ်ခုခုကို ဖြုတ်ယူနေတော့သည်။ သူနှင့် ဖိုးငယ်လည်း ထိုင်ကြည့်နေမိသည်။ နောက်တော့ ချစ်ဖေက ကက်ဆက်ထဲက မော်တာသေးသေးလေးကို ထုတ်ယူပြီး ဘောပင်မှင်ချောင်းနှင့် လုပ်ထားသော ပန်ကာလေးကို တတ်ကာ ဖော့တုံးနဲ့လုပ်ထားသောဇက်မှာ ဓါတ်ခဲနှင့်တွဲပေးလိုက်တော့ သူတို့ရဲ့ ဇက်ကြီးက ပိုလို့ အသက်ဝင်သွားတော့သည်။ ချစ်မေကတော့ ဗျစ်တောက်ဗျစ်တောက်နှင့် ပြောမဆုံးတော့ချေ။ ထိုအခါချစ်ဖေက မိန်းမရာ ဒီသားလေးအတွက်ပဲကွ ဘာပဲဖြစ်ဖြစ် ငါတို့တတ်နိုင်သလောက် လုပ်ပေးရမှာပေါ့ ဟုပင် လှမ်းပြောနေသေးတော့သည်။ ထို့နောက် ဇက်ကြီးကိုကိုင်ကာ သူတို့လမ်းထိပ်ရေအိုင်သို့ ထွက်လာခဲ့သည်။ လမ်းရောက်တော့ ဖိုးငယ်က မင်းချစ်ဖေက မင်းကို တော်တော်ချစ်တာပဲကွ ငါ့အဖေ ငါ့ကို အလိုလိုက်တာထက်ကို ပိုသေးတယ် ဟုပြောသည်။ သူလည်း သိပါသည်။ ချစ်ဖေကို သူလည်း ချစ်သည်ပဲလေ။

ဒီလိုနဲ့ နွေရာသီကျောင်းပိတ်ရက်တွေပြီးတော့ ကျောင်းတွေ ပြန်ဖွင့်ပြီ။ သူနှင့်ဖိုးငယ်က တစ်ခုံတည်း အတူတူ ထိုင်ကြသည်။ ခုံရဲ့အစွန်မှာတော့ အောင်အောင်ဆိုတဲ့ ကောင်လေးထိုင်သည်။ အောင်အောင်က စာတော့တော်သည်။ ဒါပေမယ့် အိမ်စာပေးလိုက်တိုင်း ပြီးအောင်လုပ်လာသည် ဟူ၍ မရှိ။ အမြဲတန်း ဆရာမရိုက်တာ ခံရသည်။ သူမေးလျှင်လည်း ဟုတ်တိပတ်တိ ပြန်မဖြေ။ ဖိုးငယ်ကတော့ ဘာမှ သွားမေးမနေနဲ့ ဟုပြောသည်။ သူမေးနေတာ တွေ့လျှင်လည်း ဖိုးငယ်က သူ့ကို စကားလမ်းကြောင်းလွဲအောင် လုပ်ပစ်တတ်သည်။ ဒီလိုနှင့် သူလည်း သိပ်မမေးဖြစ်တော့။

ပထမတော့ အောင်အောင်က ကျောင်းမှန်နေသေးသည်။ စာသင်ချိန် တစ်လကျော်ကျော်လောက်မှာတော့ ကျောင်းပျက်လာသည်။ တစ်နေ့တော့ အောင်အောင် ကျောင်းကို နောက်ကျပြီးမှ ရောက်လာသည်။ မျက်နှာမှာလည်း ဖူးယောင်လို့ နေသည်။ သူက မေးကြည့်တော့ ဘာမှမပြော။ နောက်တော့ သူ မရမကမေးမှ အောင်အောင်က ပြောပြသည်။ သူ့အဖေ ညက ထိုးလိုက်တာတဲ့။ ဘာလို့ မင်းအဖေက မင်းကိုထိုးတာလဲဆိုတော့ သူ့အမေနဲ့ရန်ဖြစ်ရာက သူဝင်ဆွဲတော့ သူ့ကိုပါထိုးတာဟု ပြောသည်။ နောက် အောင်အောင်က ဆက်ပြောတော့သည်။ သူ့အဖေဆိုတာ တကယ်က သူ့အဖေအရင်း မဟုတ်ကြောင်း၊ သူ့အမေနှင့် စကားများရန်ဖြစ်တာ နေ့တိုင်းလိုလိုပဲ ဖြစ်ကြောင်း၊ သူ့ကိုလည်း တစ်ခါတစ်ခါ မထင်ရင် မထင်သလို ရိုက်တတ်ကြောင်း၊ ကျောင်းကပေးလိုက်သော အိမ်စာတွေကိုလည်း ပြီးအောင်လုပ်လို့ မရကြောင်း စသည်ဖြင့် ပြောပြလေတော့သည်။ အဲဒါကြောင့် အောင်အောင်က သူ့အဖေအရင်းရှိသော ပြည်မြို့သို့ လိုက်သွားတော့မည်။ သူ့အဖေ ဘယ်မှာနေတယ်ဆိုတာ သူသိပြီဖြစ်လို့ လိုက်သွားဖို့ ဆုံးဖြတ်ပြီးသွားပြီဟုလည်း ဆက်ပြောသည်။ ထို့နောက်တော့ အောင်အောင်တစ်ယောက် ကျောင်းသို့ လုံးဝမလာတော့ချေ။ သူ့အဖေရှိသော ပြည်သို့ လိုက်သွားပြီဟု သူသိလိုက်ရသည်။ ထို့အတူ ပထွေးဆိုတာကြီးကိုလည်း သူစိတ်မှာ တော်တော်မုန်းသွားမိတော့သည်။

ဒီလိုနှင့် သူရော ဖိုးငယ်ပါ အောင်အောင့်ကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပြန်သည်။ တစ်နေ့တော့ သူနှင့်ဖိုးငယ် ကျောင်းဆင်းချိန်တွင် အိမ်မပြန်ပဲ ဘောလုံးဝင်ကန်နေကြသည်။ ထိုစဉ် အရက် မူးနေသော လူကြီးတစ်ယောက် ဘောလုံးကွင်းထဲ ဆဲဆိုပြီး ဝင်လာလေသည်။ ပထမတော့ သူတို့တွေ ကြောင်ပြီး ရပ်ကြည့်နေမိသည်။ နောက်တော့ ထိုလူကြီးက ဘောလုံးကွင်းထဲမှာ သူတို့နဲ့အတူ ကစားနေသော ကောင်လေးတစ်ယောက်ကို ခြေထောက်နဲ့ စကန်ပါလေတော့သည်။ ဟိုကောင်လေး ခွေခနဲ လဲကျသွားတာ ကို တွေ့လိုက်ရသည်။ နောက် ထိုလူကြီးကပဲ ‘ခွေးမသား အိမ်တန်းမပြန်ဘူး….” ဟု ပြောကာ လဲနေသော ကောင်လေးကို ရိုက်လေတော့သည်။ လေးငါးချက်လောက် အရိုက်ခံပြီးတော့မှ ကောင်လေးခမျာ ထွက်ပြေးနိုင်သည်။ ထိုကောင်လေးနောက်သို့ ထိုလူကြီး ဆဲဆိုကြိမ်းမောင်းကာ ပြေးလိုက်သွားတော့မှ ကောင်လေး၏ ကျောင်းလွယ်အိတ်တွေ ကျန်ခဲ့တာကို သူမြင်ပြီး လွယ်အိတ်တွေ ကျန်ခဲ့ပြီကွ ဟု သူပြောတော့ အတူတူဆော့နေသော ကောင်လေးတစ်ယောက်က ရတယ် ငါယူသွားပေးမယ် အဲဒီကောင်နဲ့ငါနဲ့က အိမ်နားနီးချင်းကွ ဟု ပြန်ပြောသည်။ တစ်ဆက်ထဲမှာပဲ အိမ်နီးနားချင်းဆိုတဲ့ ကောင်လေးက အဲဒါ သူ့ပထွေးလေ အရမ်း အရိုက်ကြမ်းတာပဲ ဟု ဆက်ပြောလေသည်။ အဲဒီအချိန်တွင် ဖိုးငယ်က ကျွန်တော့်လက်ကို ဆွဲပြီး ပြန်ကြရအောင်ဟု ပြောကာ ဘောလုံးကွင်းထဲမှ ထွက်ခဲ့ကြတော့သည်။ သူ့အတွက်တော့ ထိုမြင်ကွင်းသည် ရင်ထိတ်စရာကောင်းလှသည့် မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ဒီလို ရိုက်နှက်တာမျိုးကို သူ့ဘ၀မှာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ပထွေးဆိုတာကြီးက ဒီအတိုင်းကြီးပဲလားဟု တွေးမိကာ အောင်အောင့်ကိုပါ သွားသတိရလိုက်မိလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခုတစ်လော ဒေါ်လှဝင်းတစ်ယောက် စိတ်က သိပ်မကြည်ချင်။ ကျမ်းမာရေးကလည်း တဖြေးဖြေး ချူချာလာသည်။ နှလုံးက အားနည်းလာပြီး ကျောက်ကပ်ကလည်း ပုံမှန်မဟုတ်ဟု ဆရာဝန်က ပြောလိုက်သည်။ ကျမ်းမာရေးချူချာလာတော့ စိတ်က ဘာကိုမှ အလိုမကျချင် ဖြစ်လာသည်။ ကိုမြင့်ဝေ၏ အပြင်စီးပွားရေး တစ်ခုဖြစ်သည့် သမဆိုင်က ပစ္စည်းတွေကို တစ်ဆင့်ပြန်ဝယ်ပြီး ဖောက်သည်ပေးသည့် အလုပ်ကလည်း ပျက်သွားချေပြီ။ သမဆိုင်တွေ ပိတ်လိုက်တော့ ဘာမှ မတတ်နိုင်တော့ချေ။ ကျမ်းမာရေးမကောင်းရသည့်ကြားထဲ စီးပွားရေးကပါ ကျလာသည့် ဒဏ်ကြောင့် ကိုမြင့်ဝေနှင့်လည်း စကားပြောရတာ အပေါက်အလမ်း မတည့်ချင်တော့ပေ။ ပထမတော့ ကိုမြင့်ဝေက ပြန်မပြောပဲ ရှောင်ထွက်သွားတတ်သည်။ သို့သော် သူလည်း လူတစ်ယောက်ဖြစ်လေတော့ မခံနိုင်သည့်အဆုံး ပြန်လှန်ပြောဆိုတာတွေ ရှိလာသည်။ ရိုက်ဟယ်နှက်ဟယ် မရှိပေမယ့် တစ်ဦးနဲ့တစ်ဦး ခွန်းကြီးခွန်းငယ်လေးတွေတော့ ရှိလာသည်။ ကိုမြင့်ဝေလည်း စိတ်ရှုပ်မည်ဆိုတာ သူသိပါသည်။ 

တစ်နေ့တော့ လင်မယားကြားမှာ တစ်ခါမှ မဖြစ်ဖူးသော ရပ်ကွက်ပါ သိလောက်သည့် ပြဿနာတစ်ခု ဖြစ်လေတော့သည်။ အဲဒီနေ့က ကိုမြင့်ဝေ အပြင်က ပြန်လာပြီး သူ့ကို ကိစ္စတစ်ခု ပြောပြသည်။ အကြောင်းကတော့ သူယခုအစိုးရအလုပ်က ထွက်ပြီး မလေးရှားကိုသွားမည်ဟု ပြောလာသည်။ သူကတော့ အိမ်ရဲ့စီးပွားရေးနှင့် သားလေးနောင်ရေးအတွက်ဟု ဆိုသည်။ အဲဒီအတွက် ငွေလေးသိန်းလောက် လိုသည်ဟုလည်း ပြောလေသည်။ ဒေါ်လှဝင်းရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။ ကျန်းမာရေးမကောင်းသည့် မိန်းမနှင့် ခြောက်တန်းအရွယ်ကလေးကို ထားခဲ့ပြီး နိုင်ငံခြားကို သွားမည်။ နောက် စီးပွားရေးက မကောင်းရသည့်ကြားထဲ ငွေလေးသိန်းကို ဘယ်က ရမည်နည်း။ သူဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ရသည်။ ထို့ကြောင့်လည်း နောက်ဆက်တွဲ အနေနဲ့ အော်ကြီးဟစ်ကျယ်တွေ ပါလာပြီး အိမ်နီးနားချင်းတွေပါ ဝင်ဖျန်ဖြေရသည်အထိ ဖြစ်သွားခဲ့သည်။ သူလည်း အိပ်ယာထဲလဲသည်အထိ ဖြစ်ခဲ့သည်။ သားဖိုးထွန်းလေးကတော့ ငိုမဲ့မဲ့နှင့် ဘုရားစင်အောက်မှာ ငုတ်တုတ်လေးထိုင်နေတာကို ကြည့်ပြီး သူဝမ်းနည်းပြီး ငိုသာ ငိုမိနေတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ဟဲ့ကောင်လေး မနေ့က နင့်အဖေနဲ့နင့်အမေ ရန်ဖြစ်ကြတာ ငါကြားတယ်…. နင့်အဖေက နင့်အမေကို ရိုက်တာနှက်တာတွေ လုပ်သေးလား….”

ဒီဒေါ်သောင်းကြီးကိုတော့ သူတော်တော်အမြင်ကပ်လာသည်။ ချစ်ဖေနှင့် ချစ်ဖေရန်ဖြစ်လို့ စိတ်ညစ်နေကာမှ အလိုက်မသိ လာမေးနေသေးသည်။ ခုလည်း အိမ်မှာ ချစ်မေနေမကောင်း၍ ဟင်းမချက်နိုင်လို့ ဆိုင်မှာ လဖ္ဘက်သုတ် လာဝယ်မိသည်ဆိုကာမှ  စပ်စုတာနှင့် တိုးနေတော့သည်။ သူမဖြေချင့်ဖြေချင်နှင့် ဟင့်အင်းဟု ဖြေလိုက်သည်။ ဒေါ်သောင်းက ဆက်ပြီး

“ကောင်လေး ငါ့အနားလာခဲ့ဦး…. ငါနင့်ကို ပြောပြစရာတစ်ခုရှိလို့….” ဟု ပြောသည်။

မျက်လုံးကလည်း ကျီးကြည့်ကြောင်ကြည့်နှင့် ဘာမှန်းလည်း မသိ။ သူမသွားချင်သွားချင်နှင့် အနားကပ်သွားတော့….

“ငါပြောမယ် နင် ဘယ်သူ့ကိုမှ ပြန်မပြောရဘူးနော်….. ငါက နင့်အတွက် ပြောပြမှာ…. တကယ်တော့ နင့်ချစ်ဖေဆိုတာ နင့်အဖေအရင်းမဟုတ်ဘူး၊ နင့်ပထွေးဟဲ့ သိလား …..”

“ဗျာ….”

သူ့ခေါင်းတစ်ခုလုံး ပွင့်ထွက်သွားသလို ခံစားလိုက်ရသည်။ 

“ပထွေး…. ” 

“မဟုတ်ဘူး….. ချစ်ဖေက ပထွေးမဟုတ်ဘူး……”

သူ့လက်တွေ ထုံကျင်ပြီး မတ်တပ်ရပ်နေသော ခြေဖဝါးအောက်က ချွေးစေးတွေပါ ပြန်လာသည်။

“နင်မယုံချင်လည်းနေ....ငါက မပြောချင်လို့ ကြည့်နေတာ ကြာပြီ ....အစပိုင်းတော့ ဒင်းက ဟုတ်နေတာကိုး…. ဘာမှမဖြစ်လို့ ငါလည်း ဘာမှ မပြောတာ…… ခုတော့ ပထွေးဇာတိက ပြလာပြီလေ….. နင်သိအောင် ငါက ပြောပြတာ.... နောက်ဆို နင့်အမေကို ဂရုစိုက် ကောင်လေး…. ဟိုအကောင်မြင့်ဝေချယ်လှယ်သလိုသာ ဖြစ်နေရင်တော့ နင့်အမေရော နင်ပါ မလွယ်ဘူးမှတ်……”

ဒေါ်သောင်း ဘာတွေ ဆက်ပြောနေလဲဆိုတာ သူနားမှာ ကြားတစ်ချက် မကြားတစ်ချက်။ သူရပ်နေရာကနေ လှည့်ထွက်လာခဲ့မိသည်။ ထို့နောက်တော့ခြေလှမ်းတွေက ဦးတည်ရာမဲ့။ ဦးခေါင်းထဲမှာတော့ ချစ်မေနဲ့ငါ့ကို… ဟုသာ ပဲ့တင်ထပ်နေသည်။ ဘာမှလည်း ဆက်တွေးလို့ မရတော့။

ချစ်မေနဲ့ငါ့ကို….

ချစ်မေနဲ့ငါ့ကို…..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဖိုးငယ်တစ်ယောက် ခုတလော ဖိုးထွန်းတို့ အိမ်ဘက်ကို သိပ်မသွားဖြစ်တော့။ သွားလျှင်လည်း သူမမြင်ချင်သော၊ မကြားချင်သော မြင်ကွင်းနှင့် စကားသံတွေသာ မြင်နေ၊ ကြားနေရသည်။ ဖိုးထွန်း၏ ပါးစပ်က သူ့အဖေကို အရင်ခေါ်နေကြ “ချစ်ဖေ”အစား “ခင်ဗျားကြီး”ဟု ပြောင်းခေါ်နေပြီး တစ်ခါတစ်ရံ ညစ်ညမ်းသည့် အသုံးအနှုံးတွေပါ ပါလာတတ်သည်။ သူနှစ်ခါသွားလျှင် တစ်ခါတော့ကြားရစမြဲ။ ဦးမြင့်ဝေ၏ မည်သည့် စကားတစ်ခွန်းကမျှ ဖိုးထွန်းနားသို့ ဝင်နိုင်စွမ်း မရှိတော့ပြီ။ နောက်ပြီး ဦးမြင့်ဝေ၏ ဖြောင်းဖျမှုတွေ၊ သူ့အပေါ် ဖိုးငယ်၏ အမြင်ဆိုးတွေကို ဖယ်ရှားလို၍ ဖိုးငယ်အပေါ် ပိုမိုဂရုစိုက်မှုတွေ အားလုံးသည် ဖိုးငယ်အတွက် အဆိုးမြင်စိတ်ကို ပိုသည်ထက်ပို၍သာ ဖြစ်လာစေလေသည်။ သူလည်း သူ့သူငယ်ချင်း၏ ပြောင်းလဲမှုကို လက်မခံချင်။ သိုသော်လည်း ဖြစ်လာခဲ့လေပြီ။ 

သူအစောပိုင်းကတည်းက သိခဲ့ပါသည်။ ဦးမြင့်ဝေတို့မိသားစု၏ ပတ်သက်ပုံကို သိခဲ့ပါသည်။ သူသိသည် ဆိုတာကိုလည်း ဖိုးထွန်းမှလွဲ၍ ဦးမြင့်ဝေတို့ လင်မယားနှစ်ဦးစလုံးကလည်း သိကြသည်။ ထို့ကြောင့် သူသွားတိုင်း စာသင်ခန်းထဲက အကြောင်းတွေ၊ ဆော့ကစားတဲ့အခါ ကစားဖော်ကစားဖက်တွေရဲ့ အကြောင်းတွေကို ဦးမြင့်ဝေတို့က မေးကြသည်။ သူတို့ စိုးရိမ်မှုသည် ဘာလဲဆိုတာ သူနားလည်သည်။ ထို့ကြောင့်လည်း တတ်နိုင်သ၍ ဖိုးထွန်းကို သူ ထိုလမ်းကြောင်းပေါ် ရောက်မသွားအောင် ဖယ်ထုတ်ခဲ့သည်။ အောင်အောင်ရော ဘောလုံးကွင်းထဲက ကိစ္စတွေမှာပါ သူတတ်နိုင်သလောက် ကြိုးစားခဲ့သည်။ သူ့မေမေက ပြောသည်။ ဖိုးထွန်းတို့ လမ်းထိပ်က ဒေါ်သောင်းဆိုတာ ဦးဘမောင်နှင့် ရပ်ဆွေရပ်မျိုး.... ထို့ကြောင့် မေမေကပါ ဖိုးထွန်းကို ဒေါ်သောင်းဆိုင်သို့ မသွားစေချင်ကြောင်း ပြောသည်။ ဒေါ်သောင်း၏ စပ်စုမှုတွေ၊ နှုတ်မစောင့်စည်းတတ်မှုတွေကို သူလည်း သိသည့်အတွက် ဖိုးထွန်းကို ဒေါ်သောင်းဘာပြောပြော နားမထောင်နဲ့ ဟု ပြောမိသေးသည်။ မေမေက ပြောဖူးသည်။ ဒီကိစ္စက တစ်ချိန်ချိန်မှာတော့ ဖိုးထွန်းသိသွားမှာပါပဲ ဒါပေမယ့် အသိဥာဏ်နဲ့ စဉ်းစားချင့်ချိန်တတ်တဲ့ အရွယ်ရောက်မှ သိတာက ပိုကောင်းတယ်ဟု ပြောဖူးသည်။ ဒါကို သူလည်း လက်ခံသည်။ ထို့ကြောင့် တတ်နိုင်သမျှ ကလေးတစ်ယောက် အားနှင့် သူကြိုးစားခဲ့ပါသည်။ 

သို့သော် .....ထိုကလေးတစ်ယောက်သည်လည်း ဘာမျှ မတတ်နိုင်တော့ချေ။ ဖိုးထွန်းရဲ့ အခြေခံစိတ်ဓါတ်ကြောင့်လား၊ ဒေါ်သောင်း၏ စကားသံတွေကြောင့်လား၊ ဦးမြင့်ဝေ၏ စေတနာအမှားတွေကြောင့်လား၊ ဒါမှမဟုတ် ဒေါ်လှဝင်း၏  အတွေးတိမ်မှုတွေကြောင့်လား၊  အောင်အောင်၏ ပြောစကားတွေကြောင့်လား၊ ဘောလုံးကွင်းထဲက ဖြစ်ရပ်ကြောင့်လား…… သူဘာမှ အတွေးတတ်တော့ပါ။ သူသည် ကလေးတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတော့ ဖြူနေသော မေတ္တာတစ်ခုကို အရောင်ဆိုးခံလိုက်ရသည် ဟုပဲ သူဦးခေါင်းက အဖြေထုတ်လို့ ရနိုင်ခဲ့လေတော့သည်။

4 comments:

ညိမ်းနိုင် said...

ကောင်းတယ်...ဇာတ်လမ်းလေးက...၊နာမည်လေးနဲ့လည်းလိုက်တယ်...၊
အင်း....လောကမှာ ဒီလိုမျိုးတွေလည်း ရှိသေးသကိုးဟ..နော်...ခက်တော့
ခက်သားကလား...၊အေးလေ....တစ်ခါတစ်လေ မိရင်းဖရင်းတွေရဲ့မေတ္တာကို
တောင်မှ မမြင်နိုင်ကြရှာသူတွေရှိသေးတာပဲကိုးးးးးးး :(

ချော(အစိမ်းရောင်လွင်ပြင်) said...

အဖေရင်းထင်ပြီး ကောင်းတယ် ထင်ခဲ့ပေမဲ့ ပထွေးဆိုတဲ့ စကားလုံးလေးတစ်လုံးအောက်မှာ အရင်က ကောင်းခဲ့တာတွေကိုပါ ဖုံးလွှမ်းခံလိုက်ရပုံပေါ်တယ်..
ပထွေးတိုင်း မဆိုးသလို မိထွေးတိုင်းလည်း စိတ်ယုတ်မာသူတွေ မဟုတ်ကြပါဘူးဆိုတာ ဖိုးထွန်းကလေး အရွယ်ရောက်လာရင် သိလာကောင်းပါရဲ့..
ကဗျာရေးကောင်းသလို ဝတ္ထုတိုတွေလည်း အရေးသွက်နေပါလား ဖိုးကြယ်ရေ..
အားပေးလျှက်ပါ.. ဆက်ရေးပါဦး

jasmine(တောင်ကြီး) said...

ကောင်းတဲ့ ပထွေးကိုဲမင်ဖူးခဲ့ပါတယ်
တစ်ကယ်ပြောတာနော်.......
လူတိုင်းကောင်းတာတော့မဟုတ်ဘူးပေါ့
စာဖတ်လို့ကောင်းတယ်
တစ်ခါထဲ follower လဲလုပ်ခဲ့တယ်နော်

blackroze said...

ပထွေး..မိထွေး..
ဆိုတာထက်
လူတွေရဲ့စိတ်ပါဘဲလေ..
များသောအားဖြင့်ကတော့
ကိုယ့်သားသမီးအရင်းနဲ့ယှဉ်လာရင်တော့
အချစ်ချင်းနဲနဲကွာတတ်ပေမဲ့
တကယ်တော့ လူအပေါ်ဘဲမူတည်ပါတယ်

Post a Comment

Recent Comments