ပြောရမယ်ဆိုရင်တော့ ဟိုးအရင်ကလေးဘဝက စတာပါပဲ။ ဘာလဲဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုး တော်တော်များများမှာ ရှိတတ်ကြတဲ့ နတ်တင်ခြင်း ဓလေ့တစ်ခု အကြောင်းပါ ။
ဖိုးကြယ်တို့ ငယ်ငယ်ကဆို နတ်တွေက အရမ်းကို ပူဇော်ပသ တင်မြှောက်ခြင်း ခံရပါတယ်။ တော်ကြာ မုန့်ဆီကြော်နဲ့တင်လိုက် ၊ တော်ကြာ ငှက်ပျောပွဲနဲ့ တင်လိုက် မျိုးစုံကို အတင်ခံတော့တာ။ နတ်တွေခမျာ သနားစရာလည်း ကောင်းပါတယ်။ နတ်တင်ရာသီဆို ဟိုပြေးရ ဒီပြေးရနဲ့။ ကလုန်းတွေရှိရင်တော့ တစ်မျိုးပေါ့ ။ အဲဒီလို အမျိုးမျိုးတွေ တင်ကြပေမယ့် မတူညီတဲ့ ရိုးရာတွေအလိုက် ပုံစံကွဲပြားမှုတွေတော့ ရှိတတ်ကြပါသေးတယ်။
အဲဒီထဲကမှ အနှီမောင်ဖိုးကြယ်တို့ မျိုးရိုးကြတော့ တစ်မျိုးခင်ဗျ။ တင်သာတင်တာ ဘာနတ်မှန်းတောင် မသိခဲ့ရိုး အမှန် ပါပဲ။ အမေ့ကို မေးတော့လည်း ရိုးရာတဲ့။ အဲဒီ တစ်ခွန်းထဲနဲ့တင် ပတ်တောပိတ်တော့တာပဲ။ သူတို့တောင် ရိုးရာဆိုမှတော့ ကိုယ်တွေကလည်း ဘာကွန်ပလိန်းမှ တက်မနေတော့ဘူး။ နောက်တစ်ခုက အဲဒီရိုးရာတင်တဲ့နည်းက နည်းတကာ့နည်းတွေထဲမှာ လူတွေအတွက် ဗိုက်အဝဆုံးနတ်တင်နည်း ဆိုတော့ ကလေးတစ်သိုက် ပတ်တောပိတ်တာ မဆန်းပါဘူးလေ။
တစ်ခြားနတ်တွေဆို မုန့်ဆီကြော်လောက် စားရတာဆိုတော့ အဲဒီလိုနတ်မျိုးဆို သိတ်အာသီသ မရှိပေဘူး ဆိုရမယ်။ ဒီရိုးရာကတော့ ခုထိကို အမှတ်တရနဲ့ ပြောနေကြရတုန်းရယ်။ ဘာလို့ အမှတ်တရ ပြောရသလဲဆိုတော့ ခုချိန်မှာ မောင်ဖိုးကြယ်တို့ တစ်မျိုးလုံး အိမ်တွင်းနတ်တောင် မရှိကြတော့တဲ့အပြင် ဘာနတ်မှ တင်လည်းမတင်၊ ကိုးလည်းမကိုးကွယ်ကြတော့လို့ပါ ပဲ။ ဆိုတော့ကာ ဒီနေရာမှာ နည်းနည်းလောက်တော့ ပြန်လွမ်းပါရစေ။
ဒီရိုးရာနတ်တင်ပုံလေးက တော်တော် လန်းတယ်ဗျ။ ကဗျာလည်းဆန်တယ်လို့ ပြောရမယ်။ အရင်ဆုံး နတ်တင်ပုံကို စပြောရမယ်ဆိုရင် တစ်ဆွေလုံး တစ်မျိုးလုံး သုံးတဲ့ ကြေးလင်ပန်းကြီးက စပြောရမယ်ပေါ့။ သူမပါရင် မပြီးဘူးလေ။ ဒီလင်ပန်းကြီးက တစ်နှစ်နီးပါးလောက် ချောင်ထိုးခံရပြီးတော့မှ တစ်နှစ်မှတစ်ခါ ထီးဖြူထဆောင်းရတာကိုး။ ရိုးရာနတ်တင်ရာသီ ရောက်ပြီဆို ကြေးလင်ပန်းကြီးကို အစရှာရပြီ။ "ဟဲ့....ပြီးခဲ့တဲ့နှစ်က ဘယ်သူနောက်ဆုံးတင်တာလဲ..... ဘယ်အိမ်မှာလဲ" စသည်ဖြင့် လိုက်မေးကြရတော့တာ။
မေးရဆို ရာသီချိန်တုန်းက တစ်ပတ်တစ်အိမ် တင်ခဲ့ကြတာ ဆိုတော့ ရှိသမျှအမျိုးတွေအိမ် တစ်ပတ်စီ လှည့်လည်သွားပြီးတဲ့ သကာ လ ဘယ်မှာဆုံးလို့ ဘယ်မှာပုန်းနေမှန်း မေ့နေကြတော့တာကိုး။ ဒါပေမယ့် သူကြာကြာ မပုန်းနိုင်ရှာပါဘူး။ နောက်ဆုံးတော့...ကဲ ဒီမှာ.... တွေ့ပါပြီ လင်ပန်း (((ဟမ်)))။
လင်ပန်းရပြီဆို ဘယ်နေ့ဘယ်ရက်က ဘယ်သူ့အိမ်ဆိုတာ result ထွက်လာပါပြီ။ အဲဒီနေ့မတိုင်ခင် တစ်ရက်မှာတော့ ဆိတ်သားကို ရောင်းတဲ့လူဆီ ကြိုတင်အော်ဒါမှာရပြီ။ တစ်မျိုးလုံး လာစားကြမယ့် ဆိတ်သားဟာအဲဒီလိုမှ ကြိုမမှာရင် ရကိုမရနိုင်ဘူး ဆိုသကိုး။ ကဲ ဆိတ်သားရောက်ပြီ (((မြန်ထှာ)))။
ဆိတ်သားဟာ အနည်းဆုံး ပိတ်သာနဲ့တော့ ချီဝယ်ရတယ်။ အဲဒီဆိတ်သားတွေကို မဆလာနိုင်နိုင်နဲ့ နူးနေအောင် ဆီပြန်ချက်ရပါတယ်။ ကရဝေးရွက်တွေ ဖာလာစေ့တွေ တောင်ပါသေး။ ဆိတ်သားချက်နေတုန်း ဒန်အိုးကြီးတစ်လုံးရယ်၊ နောက် ပေါင်းအိုးလေးလုံးလောက်ရယ်နဲ့က ထမင်းချက်နေရပြီ။
ဒီနေရာမှာတော့ ဒန်အိုးက အကြီးကြီးတစ်လုံး လိုတယ်။ အဲဒီဒန်အိုးရဲ့ လုံးပတ်က ခုနကကြေးလင်ပန်း အဝန်းဝိုင်းထက် နည်းနည်းငယ်မယ်ပေါ့။ ကဲ....ရပါပြီ ထမင်း။ နောက် ငရုတ်သီး အပွတောင့်တွေကို ဒယ်အိုးထဲထည့်ပြီး ဆီနည်းနည်းနဲ့ ကြော်ပါလေရော။ နောက် ဒန်ခွက် ခပ်ကြီးကြီးတစ်လုံးကတော့ လဖ္ဘက်အသားရယ်၊ နှမ်းရယ်၊ ကြက်သွန်ကြော်ရယ်ကို ဆီနိုင်နိုင်နဲ့ မွှေပြီးသုတ်ထားလေရဲ့။ ကဲ…ထမင်းရယ် ဆိတ်သားချက်ရယ်၊ လဖ္ဘက်သုတ်ရယ်၊ ငရုတ်သီး အပွတောင့်ကြော်ကြီးတွေရယ် ဟုတ်ပြီနော်။ မှတ်မိတယ်နော် :P ။
အရင်ဦးဆုံး ကြေးလင်ပန်းထဲကို ဒန်အိုးကြီးထဲက ထမင်းတွေကို ပုံမပျက်အောင် မှောက်ထည့်ရပါတယ်။ ဆိုတော့ လင်ပန်းကြီးထဲမှာ ထမင်းအိုးအရာအတိုင်း ထမင်းတွေ ရောက်ပါပြီ။ နောက် အဲဒီပုံမပျက်တဲ့ ထမင်းတုံးကြီးကနေ အလည်အူတိုင်ကို ဖောက်၊ တစ်ခြားပန်းကန်ထဲ ပြောင်းထည့်လိုက်ပြီးတဲ့သကာလ ဆိတ်သားချက် အနည်းငယ်ကို အူတိုင်ဖောက်ထားတဲ့ ထမင်းတုံးကြီးရဲ့ အလည်အပေါက်ထဲမှာ ပုံလိုက် ပါတယ်။ နောက် ငရုတ်သီးအပွတောင့်တွေက ထမင်းတုံးကြီးရဲ့ ဘောင်ပတ်ပတ်လည်ပေါ်မှာ ခန့်ခန့်ကြီးတွေ နေရာဝင်ယူကြတယ်။ ဘေးကပိုနေတဲ့ လင်ပန်းကြီးရဲ့ နှုပ်ခမ်းနားသားပေါ်မှာတော့ လဖ္ဘက်တွေက ပုံ့ပုံ့လေးတွေထိုင်လို့ပေါ့။ ဒါကတော့ နတ်တင်ဖို့အတွက် ခန်းဝင်ပစ္စည်းတွေပါ။
ဒါတွေ အဆင်သင့်ရင်တော့ ဖိုးကြယ်တို့ရဲ့ နတ်သမီးလေး ကြွလာပါပြီ။ သူကတော့ အမေ့ရဲ့အမေ ဖိုးကြယ်ရဲ့အဖွား တစ်ပင်တိုင် နတ်သမီးလေးပါပဲ။ နတ်ကနားဆို မသွားဖူးတဲ့၊ နတ်ကတာဆို ယောင်လို့တောင် သွားမကြည့်ဖူးတဲ့အဖွားက ရိုးရာနတ်တင်ပြီဆိုရင်တော့ သူက နတ်ဝင်သည်ပဲ။ ဖိုးကြယ်တို့ကတော့ နာမည်ပေးထားတယ်။ နတ်သမီးဖွားဖွား လို့။
သနပ်ခါးအဖွေးသားနဲ့ အဖွားဟာ လက်ထဲက နံသာဖြူသွေးထားတဲ့ ခွက်ကလေးကိုကိုင်၊ ပဝါလေးခြုံပြီး လင်ပန်းကြီးကို မကာ မကာနဲ့ နတ်စဝင်ပါပြီ။ ဆွေမျိုးတွေကလည်း ဝိုင်းမေးကြတယ်။ သာရေး၊ နာရေး ၊ စီးပွားရေး အို…အစုံပဲ။ ကိုယ်တို့ လူငယ်တွေကတော့ ဘာပြောမလဲ ရေငုံနှုပ်ပိတ် နေကြရုံပေါ့။ မဟုတ်လို့ နတ်သမီးဖွားဖွား ပါးစပ်ညောင်းသွားရင် နောက်ပိုင်းပွဲစဉ်တွေအတွက် ခက်ရချည်ရဲ့။ အဲ…မေးလဲမေး ပြောလဲပြော သုံးလုံးတွေလည်း ပါတယ်။ အဲဒီတုန်းက တစ်လုံးတွေ နှစ်လုံးတွေက မရှိသေးလို့ တော်သေးတာ။ မဟုတ်ရင် နတ်သမီးခမျာ မလွယ်ဘူး ။
အဲဒီလိုတွေ မေးစမ်းပြီးတဲ့ သကာလမှာတော့ ရှိရှိသမျှ ဆွေတွေမျိုးတွေ ၀ိုင်းဝန်းစားကြ သောက်ကြ ပါလေရောခင်ဗျာ။ ခေါင်းတောင် မဖော်ကြတော့ဘူး။ ဖော်တဲ့လူ အရှုံးလို့များ မှတ်ယူထားကြသလား မပြောတတ်ပါဘူး။ အဲ....မောင်ဖိုးကြယ်လည်း မဖော်ဘူးခင်ဗျ။ တနင့်တစ်ပိုးတွေဖြစ်ပြီး အားလုံး စားသောက်ပြီးတော့မှ ဆွေမျိုးတွေ ဝိုင်းဖွဲ့ထိုင်ကာ စကားတွေပြောကြတယ်။ အရေးကြီးတာကို အရင်လုပ်ထားလိုက်ကြတဲ့ သဘောေ ပါ့။ ရပ်ဝေးရောက်နေတဲ့ အမျိုးတွေကိုတော့ "ဟဲ့….နင်က အခုဘယ်မှာလဲ အဆင်ရောပြေရဲ့လား၊ သာရဲ့လား၊ မာရဲ့လား" ဘယ်သူကဖြင့် ဘယ်လို၊ ဘယ်ချမ်းသာနဲ့ စုံနေကြတာပါပဲ။ ကလေးတွေကတော့ အဲဒီအချိန်ဆို ရှေ့ရေးအတွက် မျှော်တွေးကာ၊ ဗိုက်လေးပြီး မှေးနေကြပြီလေ။ နောက်ထပ်စားရမယ့် တစ်အိမ်က ဘယ်သူ့အိမ်ဖြစ်မလဲပေါ့။ ကလေးတွေတွေးနေတဲ့ ရှေ့ရေးဆိုတာ အဲဒါပါ။
အဲဒီနောက်မှာတော့ အချိန်လည်းလင့်လို့ ကိုယ့်အိမ်ကိုယ် ပြန်ခါနီးကြပြီဆိုတဲ့အခါကျတော့ result က ထပ်ထွက်လာပြီလေ။ နောက်တစ်ပါတ် ဘယ်သူ့အိမ် ဆိုပြီး.... ။ ကဲ…အဲဒီလိုနဲ့ ဆွေမျိုးတွေအိမ် တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ကုန်တော့မှ ခုနက ဇာတ်လိုက်ကျော် လင်ပန်းကြီးဟာ သူနောက်ဆုံး တာဝန်ထမ်းဆောင်တဲ့နေရာ မှာ ပုန်းခိုနေရင်း နောက်တစ်နှစ် ရိုးရာရာသီခါတော်မှီကို စောင့်နေရရှာပါတော့တယ်။
ခုတော့လည်း ဒါတွေအားလုံး လွမ်းစရာလေးတွေ ဖြစ်ကုန်ပါပြီ။ နတ်ဆိုတာ ဖိုးကြယ်တို့ အမျိုးထဲက နောက်ပေါက်ကလေးတွေလည်း မသိရှာတော့ပါဘူး။ သူများအိမ်သွားမှပဲ မြင်ရရှာတော့တယ်။ ခုတော့လည်း ပါးစပ်ရာဇဝင်လေး ဖြစ် သွားပြီပေါ့လေ။ ဒါပါပဲ ပြီးပါပြီ။ (((ဟင်)))
10 comments:
နတ်တင်ဖို့အတွက် ပွဲပြင်တာလေးက စိတ်ဝင်စားစရာပဲ...။ ခက်တာက ဘာနတ်မှန်းမသိတာခက်တယ်...။
နတ်တင်တာလား အမျိုးတွေ စုတာလား ကိုဖိုးကြယ်ကြီးရဲ့ ...
အဒေါ် အပျိုကြီးတွေကတော့ နတ်တော်တော်ယုံတယ်မှတ်တယ်...
တချို့ နတ်နဲ့ ပေးစားတာတွေ ရှိတယ်ဆိုတော့ အဒေါ် အပျိုကြီးတွေ ဒါကြောင့် ယောက်ကျားမယူတာတော့ မဟုတ်လောက်ပါဘူးနော်... ကိုဖိုးကြယ်...
ဂျက်တို့ညောင်ရွှေကဖွားဖွားလဲနတ်တင်တယ်...
ထင်ရတာတော့တစ်နှစ်ကို၆ခါလောက်ရှိမယ်ထင်တာပဲ
ရေတွင်းစောင့် မီးဖိုစောင့် အပင်စောင့် ခြံစောင့် မြေစောင့်လေစောင့်
သူတို့ကလဲအလုပ်များသား ကိုယ့်နေရာသူနေရာနဲ့နော်...
ကြည့်ရတာ နင်တို့နတ်က ကုလားနတ်ထင်ပါရဲ့ဖိုးကြယ်ရ...ဆိတ်သားနဲ့ ငရုတ်သီး
ကြော်ဆိုတော့ ဟုတ်ပါပြီ...အမီတာဘဂျမ်းနတ်....:P
ဖိုးကြယ်ရေ..
အပေါ်က ကိုညိမ်းနိုင်ပြောသလို ကုလားနတ်ဖြစ်လောက်တယ် ဆိတ်သားနဲ့တင်ရတယ်ဆိုတော့ တော်သေးတယ် ၀က်သားနဲ့တင်ရတဲ့ နတ်မဟုတ်လို့ ရှိချင်ရှိမှာဘဲနော ကိုယ်မကြားဘူးသေးလို့လဲဖြစ်နိုင်တာဘဲ
ဒီဘက်က နတ်တွေကတော့ ဘာနတ်လဲ မသိဘူး ကြက်ကြော် ငါးကြော်တွေ တင်ရတာ များသောအားဖြင့် နတ်ဆို လဘက်ကလေးကတော့ ပါရတာဘဲ စဉ်းစားနေတာ နတ်တွေလဲ နတ်မ တွေများလားမသိဘူး နော် လဘက်မကြိုက်တဲ့ နတ် ခပ်ရှားရှားမို့ပါ
အစ်မတို့လည်း အဖေဘက်က ရိုးရာနတ်ဆိုတာ ရှိတယ်
အခါကြီးရက်ကြီးဆို ခုလို နတ်တင်တာတွေ ဘာတွေ လုပ်လေ့ရှိတယ်
ခုတော့ အိမ်နဲ့လည်း ဝေးနေတော့ အဲဒါတွေ မကြုံတာ ကြာပါပြီ
ိဖိုးကြယ်ပိုစ့်လေးဖတ်ပြီး ငယ်ငယ်တုန်းက အိမ်နတ်တင်ပြီးတဲ့ မုန့်တွေ လုစားရတာ သတိရသွားတယ်
အဲ တို့ကတော့ မုန့်ဖြူ မုန့်နီပါသကွဲ့
ဆိတ်သားတော့ ပါဘူးရယ်
ကျမတို့လည်း နတ်တင်တာလုပ်ဖူးတယ်
ဒါပေမဲ့ ဆိတ်သားပါတယ်လို့တော့
တခါမှမကြားဘူးရယ်..
ကြက်ကြော် တို့ငါးကြော်တို့
အဲတာမျိုးတွေဘဲပါတယ်..
ငယ်ငယ်ကဆိုနတ်တင်တဲ့နေ့ဆိုလွှတ်ပျော်ပေါ့
နတ်ပွဲကစွန့်၇င်စားရပြီလေ..
ကညိမ်းပြောသလို ကုလားနတ်များလား မဆလာ နဲ့ ဆိတ်သားဆိုတော့း)
နတ်တင် ရင် အရာရာ အိုကေ ဘဲ နတ်မတင် ရင်တော့ ..
လွမ်းစရာဓလေ့ လေးတွေ ပေါ့
အမရွှေစင်ဦး
နတ်တင်ကြောင်းပဲ ပြောပြီ ဘာလို နတ်မတင်တော့တာလည်း ဆိုတာမပြောတော့ အီလည်လည်နဲ့  ဖတ်ရတာ။
Post a Comment