နေသားမကျခဲ့တဲ့ ဘဝထဲက နေ့တစ်နေ့မှာ ကိုယ့်အလံ ကိုယ်ထူပြီး မျက်နှာဖုံးတွေ ရှိတဲ့အရပ် လှမ်းတက်ခဲ့မိတယ်။ ဘဝအစ မဟုတ်ခဲ့ပေမယ့် တွေ့လိုက်ရတဲ့ အရာရာကတော့ အသစ်အသစ်တွေပဲ။ နားလည်ချင်ယောင် ဆောင်ကြတာတွေနဲ့အတူ ဆေးဆိုးပန်းရိုက် နားလည်မှုတွေရယ်၊ ညှီစော်နံနေတဲ့ အပြုံးတွေရယ်က အကြည်ဓာတ်ကို ပြည်ဖုံးကားချကြတယ်။ အဲဒါကြောင့် အဲဒီအရပ်မှာ တိမ်ထူပြီး လေပူတိုက်တယ်။ အဲဒီအရပ်ဆီကပဲ အမျှဝေသံတွေ ဆူညံတယ်။ တကယ်တော့ ကြက်ဆူပင်တွေရဲ့ လေးတင်သံတွေပါပဲ။ အဲဒီအရပ်ပေါ့ ကန္တာရရဲ့ မာယာနဲ့ အိုအေစစ်အသွင် ဆောင်တယ်။ မျက်နှာဖုံးတွေ ကတဲ့ဇာတ်မှာ ဘဝကို သံစဉ်တူဖို့ စိတ်ကို အခါခါ ပင့်တင်ထားရတယ်။ မျက်နှာဖုံးတွေ အူတဲ့အရပ်မှာ မတူတာတွေ လွှတ်ချနိုင်ဖို့အရေး မနက်ဖြန်ပေါင်း များစွာလည်း စွန့်လွှတ်ခဲ့ပြီးပြီ။
မျက်နှာဖုံးတွေပေါ့ သူတို့ကိုယ်သူတို့ အလှဆင်ဖို့ သားကောင်တွေ ချချနင်းတယ်။ နောက်တော့ မျက်နှာဖုံးတွေက မျက်နှာဖုံးတွေ ပြန်ဖြစ်သွားတယ်။ အရာရာဟာ နေသားကျတယ်။ ငါ့ကိုယ်ငါလည်း မိုးလင်းအောင် လုပ်ရဦးမယ်။ အဲဒါကြောင့် မိုးလင်းတာကို ထိုင်စောင့်တယ်။ မိုးက ဖြတ်ခနဲ လင်းသွားတယ်။ ဒါပေမယ့် ငါ့အခန်းထဲထိ အလင်းရောင် ဆင်းမလာခဲ့ဘူး။ မျက်နှာဖုံးတွေအတွက်က အလင်းရောင် မလိုပါဘူး။ အပျင်းဓာတ်ခံ ရှိပြီးသားပဲ။ သားကောင်တွေ ချနင်းတတ်ဖို့ပဲ လိုတယ်။ မနေ့ကတော့ မျက်နှာဖုံးတစ်ခုနဲ့ ငါ စကားနည်းနည်း ပြောဖြစ်တယ်။ သူက အရာရာကို ပေးဆပ်နိုင်ဖို့ သူ့မှာ အရာရာရှိနေဖို့ လိုတယ်တဲ့။ သူ နည်းနည်း စပ်စုလိုက်တယ်။ ပေးဆပ်နိုင်ပေမယ့် ပေးဆပ်ချင်စိတ် မရှိရင်ကော ဘယ်လိုဖြစ်လာမလဲ ဆိုတော့ မျက်နှာဖုံးက တောင်တောင်အီအီ ပြောတယ်။ ပြည့်စုံခြင်းရဲ့ ငြီးငွေ့မှုကို မြင်းဟီသလို တစ်ချက်ထဟီတယ်။ သူက “ရော့” ဆိုပြီး ဓားနဲ့ ပစ်ပေါက်လိုက်တယ်။ မျက်နှာဖုံးက ခြေကားယားလက်ကားယားနဲ့ ရှောင်တယ်။ မင်းဓားပေါက်ခံနိုင်မှ သူများကို ပေါက်လို့ရမှာ ဆိုပြီး သူထွက်လာခဲ့တယ်။ သူ့ကြည့်ရတာ လိပ်တစ်ကောင်နဲ့ ပိုတူတယ်။ ဒါကြောင့် မျက်နှာဖုံးတွေဟာ လိပ်တွေနဲ့ တိုက်ရိုက် အချိုးကျတယ်။
နောက်တော့ မျက်နှာဖုံးတွေရှိတဲ့ အရပ်မှာ ငါ့ကိုယ်ငါ ပြန်ပြီး ချိန်ခွင်ထဲ ထည့်ကြည့်တယ်။ အိုးးးး ကျပ်မပြည့်သေးဘူး။ အတ္တအချိုးအစား နည်းနည်း လိုနေသေးတယ်။ ဒီလိုနဲ့ နောက်တစ်ရက် နောက်တစ်ရက်နဲ့ နေ့ရက်တွေသာ ပြောင်းသွားတယ်။ မျက်နှာဖုံးတွေက ဟောင်းမသွားဘူး။ သားရဲတွင်းဆန်တဲ့ အမျှော်အမြင်တွေနဲ့ အတူ ဖုတ်ဖက်လူးပြီး သားရဲတွင်းထဲမှာပဲ ပျော်မြူးကြတယ်။ ဒီလိုနဲ့ မျက်နှာဖုံးတွေက မိတ်ဖြစ်ဆွေဖြစ် ညစာစားကြတယ်။ မျက်နှာဖုံးတွေ အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်ကြတယ်။ ငါ့ကိုလာမခေါ်လို့ ငါပျော်တယ်။ အဲဒါကြောင့် လူ့ကျင့်ဝတ်ထဲကို နှလုံးသွေးရောပြီး ငါ့ရင်ဘတ်ကို ငါစည်တီးမိတယ်။ ငါ့ရင့်ကျူးတဲ့ သံစဉ်က မျက်နှာဖုံးတွေအတွက် အစိမ်းဆန်တယ်။ ငါဟာ ကမ္ဘာဦး လူသားမျိုးနွယ်ပါ။ ဒါပေမယ့် ငါ အမဲမလိုက်ခဲ့ဘူး။ အဲဒါကြောင့် ငါဟာ မစို့မပို့တော့ ငတ်ချင် ငတ်နေလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ဖြစ်တည်မှုတစ်ခုရဲ့ ခန်နားထည်ဝါမှုကို အဖြူရောင်ပေါ်မှာ ဘောင်ခတ်ပြလိုက်တာပဲ။ ဒီလိုနဲ့ ညရဲ့ လကွေးလေးဟာ ငါ့အတွက် ဖြတ်ခနဲ လင်းသွားတယ်။ ငါဘာလုပ်ရမယ်ဆိုတာ သိတယ်။ အဲဒါကြောင့် လကွေးလေးရဲ့ အလင်းနဲ့ ငါ့လမ်းငါခင်းပြီး နင်းတက်ခဲ့လိုက်တယ်။ စိတ်ကူးတွေရှိရာ…………. ။
9 comments:
စာဖတ်သွားကြောင်းပါ။
ဘာဖြစ်ဖြစ်မျက်နှာဖုံးတွေကိုကြောက်လွန်လွန်းလို့ 
"ဖြစ်တည်မှုတစ်ခုရဲ့ ခန်နားထည်ဝါမှုကို အဖြူရောင်ပေါ်မှာ ဘောင်ခတ်ပြလိုက်တာပဲ။ ဒီလိုနဲ့ ညရဲ့ လကွေးလေးဟာ ငါ့အတွက် ဖြတ်ခနဲ လင်းသွားတယ်"
ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်းးးးးးးးးး
မိုး
ဘယ်ကောင်လဲကွ ကျပ်မပြည့်တာ...
ဟား... ဟား...
I wanna ask same question like Ko Black.... :D :D
psq
မျက်နှာဖုံးတွေရဲ့ အဇ္ဖျတမှာ နောက်ဆုံးအပိုဒ်လေး သဘောကျမိတယ်.။
ဖိုးကြယ်...
မျက်နှာဖုံးဆိုတာလူသားတိုင်းမှာရှိတယ်ထင်ပါတယ်...
ကျမတို့တွေကျင်လည်နေရတဲ့ ဒီလိုလောကထဲမှာ
ရိုးသားစွာရပ်တည်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်..
ကိုယ့်ရင်ထဲအလွယ်တကူသူများမမြင်နိုင်အောင်တော့
မျက်နှာဖုံးလေးရှိသင့်တာပေါ့..မဟုတ်ဘူးလား
ရေးထားတဲ့ စိတ်ကူးနဲ့အတွေးလေးကောင်းတယ်
ခင်တဲ့အမ Blackroze
ရိုးသားတဲ့မျက်နှာဖုံးနဲ့ မရိုးသားတဲ့မျက်နှာဖုံးကြားမှာ မမြင်ရတဲ့အလွှာတခုခြားထားတယ်။ အားလုံးကတော့အတူတူပါပဲ ဒါပေမဲ့ ရိုးသားတဲ့မျက်နှာဖုံးက အမှောင်ထဲမှာ တောက်ပတယ်။
လကွေးလေးက ဘာကိုဆိုလိုပါလိမ့်.....၊လကွေးလေးရဲ့အလင်းရောင်နဲ့ ကိုယ့်
လမ်းကိုယ်ခင်းပြီးနင်းတက်ခဲ့သလား.....လှတယ်....၊ရောက်ပါစေဗျား.....စိတ်
ကူးညတွေဆီ........
ကန္တာရရဲ့ မာယာနဲ့ အိုအေစစ်အသွင် ဆောင်တယ် ဆိုတဲ့အရပ်
ညှီစော်နံနေတဲ့ အပြုံးတွေ
နားလည်ချင်ယောင် ဆောင်ကြတာတွေနဲ့အတူ ဆေးဆိုးပန်းရိုက် နားလည်မှုတွေရယ်.........တဲ့
ဘယ်လိုများရှာတွေ့တာလဲ
အရမ်းကောင်းတဲ့ စာသားတွေလေ
ခံစားဖတ်သွားပါတယ်ရှင်။
ကဗျာဆိုရင် ချိုကျတို့ကတော့ ရှယ် ဇွန်းလေးနဲ့ကို ကောင်းတား)))
Post a Comment