Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Thursday, September 15, 2011

ဘလော့ဂါဆိုတာ ဘာလဲ

ဘလော့ဂါဆိုတာဘာလဲတဲ့…အဲဒီခေါင်းစဉ် ကျနော့်ဆီရောက်လာတော့ တော်တော်နောက်ကျနေပါပြီ။ ကိုယ့်ဆီမလှည့်လောက်ဘူးဆိုပြီး ကြိတ်ပျော်နေတာ အင်ကြင်းတဂ်တော့မှ မလွတ်မှန်း သိရတော့တယ်။ 

ကဲ…ဘာလဲ ဘလော့ဂါဆိုတာ။ ဖတ်ခဲ့ရသမျှလေးတွေကတော့ တစ်နေရာတစ်မျိုး မရိုးရဘူးလို့ ဆိုရမယ်။ အားလုံးကလည်း ရေးထားလိုက်ကြတာများ တော်ချက်။ ကဲ…ဖိုးကြယ် မင်းကရော ဘာလဲ လို့ ပြန်မေးမိတယ်။ တကယ်လို့ပေါ့ ကျနော်ဟာ အများပြောနေကြတဲ့ ဘလော့ဂါတစ်ယောက် ဆိုပါစို့။ ကျနော်သိတဲ့ ဘလော့ဂါဆိုတာ  စူးစမ်းမှုတွေ၊ ဖန်တီးမှုတွေ၊ ခံစားမှုတွေ၊ မျှဝေချင်မှုတွေနဲ့ ဝါသနာလေးတစ်ခုကို စိတ်ပါဝင်စားစွာ လုပ်ဆောင်နေကြတယ်လို့  မြင်ပါတယ်။ 

ဥပမာ ဆိုကြပါစို့ .... ကဗျာလေးတစ်ပုဒ်ကို ဘလော့ဂါက ခံစားဖန်တီး မျှဝေတယ်။ အဲဒီလို မျှဝေတဲ့ အပိုင်းထဲမှာပဲ အမျိုးအစား ကွဲပြားအောင် မျှဝေနိုင်ဖို့ရာ အရင်ဆုံး လေ့လာမှတ်သားရပါသေးတယ်။ ဒီလိုပါပဲ စာပေ၊ ဂီတ၊ နည်းပညာ၊ ဆေးပညာ ကိုယ်သန်ရာသန်ရာပေါ့ ဘလော့ဂါတွေအားလုံးက မျှဝေနေကြတာ။ ကဲ…အဲဒါတွေ မျှဝေနေတာဟာ ဝါသနာ၊ ဖန်တီးနေတာဟာ ဝါသနာ ဆိုတော့ ဘလော့ဂါဆိုတာ ဝါသနာကို အခြေခံပြီး ဖြစ်တည်လာတယ်လို့ ကျနော်ထင်မိတယ်။ 

နောက်တစ်ခုက ဘလော့ဂါတွေရဲ့ ကြိုးစားမှုအပိုင်းပေါ့။ အဲဒီလိုပြောလို့ အမလေး ဘာတွေများ ကြိုးစားနေကြရပါလိမ့်လို့ ဘလော့ဂါမဟုတ်သူတွေက မြင်ကောင်း မြင်ကြပါလိမ့်မယ်။ မြင်လည်း မြင်သင့်ပါတယ်။ သူတို့ ဘာတွေ ကြိုးစားရသလဲ။ ကိုယ်မျှဝေချင်တာလေးတွေရဲ့ အကြောင်းအရာ၊ အဆိပ်အတောက် ကင်းစေရေး၊ ခံစားမှုရသ အချိုးအစား၊ ဖန်တီးမှုရဲ့ ပုံစံ၊ အကျိုးဖြစ်ထွန်းစေရေး ဒါတွေပါပဲ။  အဲဒီလိုပြောလို့ ကြီးကျယ်လိုက်တာလို့ ဖြစ်ချင် ဖြစ်သွားလိမ့်မယ်။ သေချာပါတယ် ဘလော့ဂါတွေရဲ့ မျှဝေမှုတွေထဲမှာ ထိုသို့သော အချက်အလက်တွေ ပေါင်းစပ်ပါဝင်နေပါတယ်။ 

နောက်တစ်ခုက ဘလော့ဂါတွေရရှိတဲ့ အကျိုးအမြတ်ပါ။ ဘာမှမရဘူးတော့ မဟုတ်ပါဘူး။ ဘလော့ဂါတွေ ရလိုက်ပါတယ်။ အဲဒါကတော့ ပီတိပါ။ ဟုတ်ပါတယ် ကျနော့်အထင်ပြောရရင် ဘလော့ဂါတွေ မမောတမ်း ဘလော့ဂင်းနေကြတာ အဲဒီပီတိကြောင့် လို့ပြောရင် မမှားနိုင်ဘူးလို့ ထင်မိပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ ဖန်တီးမှုလေးကြောင့် စာဖတ်သူမှာ ရသလေးတစ်ခုခု ဒါမှမဟုတ် အသိလေးတစ်ခုခု ရရှိသွားတယ်ဆိုရင် အဲဒီလိုရရှိတယ်ဆိုတဲ့ အကြောင်းအရာလေးက ဘလော့ဂါတွေရဲ့ အကျိုးအမြတ် ဒါမှမဟုတ် ပန်းတိုင်ပါပဲ။ 

နောက်ထပ် အကျိုးအမြတ်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ အသိနဲ့ ဗဟုသုတပါ။ ဒါက ဘလော့ဂါက ရလိုက်တဲ့ အပိုင်းပါ။ သူတစ်ပါးကို မျှဝေချင်တော့ ဘလော့ဂါတွေက အရင် လေ့လာမှတ်သားရပါတယ်။ ဥပမာ ဆေးပညာဆိုပါစို့။ ရောဂါတစ်ခုရဲ့ ကုထုံးတစ်ခုကို မျှဝေဖို့အတွက် သူအရင်သိမှ ဖြစ်မှပါ။ အဲဒါကြောင့် ရှာဖွေလေ့လာ မှတ်သားရတာဟာ အမှန်ပါပဲ။ 

ဆိုတော့ ဘလော့ဂါတွေဟာ သူများတွေထက် ပိုသိ၊ ပိုတတ်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘလော့ဂါမဟုတ်ဘဲ လေ့လာဖတ်မှတ်နေတဲ့ လူတွေ အများကြီးပါ။ ဘလော့ဂါတွေဟာ အဲလိုလုပ်လို့ ဘလော့ဂါတွေက အဲလိုရတယ်လို့ ကျနော်က ဆိုလိုချင်တာပါ။ 

အချုပ်ဆိုရရင်တော့ “ဘလော့ဂါဆိုတာ ဝါသနာ၊ ဖန်တီးမှု၊ မျှဝေမှု၊ ခံစားမှု၊ ပီတိတွေနဲ့ လုံးထွေးနေသူ” လို့ ကျနော်ကတော့ အဓိပ္ပါယ်ဖွင့်လိုက်ချင်ပါတယ် ခင်ဗျား။

ပြည်သူဘလော့ဂါမလေး အင်ကြင်း ရဲ့ တဂ်ပို့စ်လေးကို ကျနော် သိသလောက်၊ ကျနော် နားလည်မိသလောက် ချရေးလိုက်ပါတယ်။ သဘောထားတွေ၊ ခံယူချက်တွေ ကွဲပြားမှုများ ရှိခဲ့ရင် ကျနော့်လိုအပ်ချက်သာ ဖြစ်ပါတယ် ခင်ဗျား။

11 comments:

အင်ကြင်းသန့် said...

အမလေး မြန်ချက်တော်.... :P

“ဘလော့ဂါဆိုတာ ဝါသနာ၊ ဖန်တီးမှု၊ မျှဝေမှု၊ ခံစားမှု၊ ပီတိတွေနဲ့ လုံးထွေးနေသူ” တဲ့....သိပ်ကိုမှန်ပါတယ် ကိုဖိုးကြယ်ရေ....။

ဘလော့ဂါဆိုတာမျိုးက ပီတိကိုပဲစားသုံးပြီး အသက်ဆက်နေရတာမျိုးမို့လား။ :)))

တက်ဂ်ပိုစ့်လေးကို အခုလို မြန်မြန်ဆန်ဆန်နဲ့ အဓိပ္ပာယ်ရှိရှိလေး ရေးဖွဲ့ပေးလို့ ကျေးဇူးပါနော်။

(အင်း....ပုံစံကြည့်ရတာတော့ လည်ပင်းအညှစ်ခံရမှာစိုးလို့ပဲ ဖြစ်ရမယ်။) :D

ချော(အစိမ်းရောင်လွင်ပြင်) said...

ပြည်သူဘလော်ဂါမလေးဆိုတာ ဘူ့ကိုပြောတာလဲ
အော် ဟို လှလှပပ ဘလော်ဂါမလေးလားး)
မျှဝေခံစားတတ်ကြသူ ဘလော်ဂါတွေရဲ့ ဖွင့်ဆိုချက်တွေအားလုံးက တစ်မျိုးစီ တစ်မျိုးစီ ဖတ်လို့ကောင်း အဓိပ္ပါယ်ရှိ..
ကြယ်တွေကိုဘဲ လွမ်းနေတဲ့သူကလည်း ရေးတတ်သားနော်

မအိမ်သူ said...

“ဘလော့ဂါဆိုတာ ဝါသနာ၊ ဖန်တီးမှု၊ မျှဝေမှု၊ ခံစားမှု၊ ပီတိတွေနဲ့ လုံးထွေးနေသူ” တဲ့လား။ ဖိုးကြယ်ရဲ့ ဖွင့်ဆိုချက်လေးက ကောင်းလိုက်တာ ဘလော့ဂါဆိုတာကို ထင်းကနဲမြင်သွားစေတဲ့အကြောင်းလေးပဲ။ ဟုတ်တယ် အဲဒီပီတိလေးက ဘာနဲ့မှမလဲနိုင်တာ အမှန်ပါပဲ။

ကြယ်ရောင်မှတ်စု said...

16 Sep 11, 11:09 AM
မိုးငွေှ့: ကော်မန့်ပေးလို့မရလို့ ဒီနေရာကပဲပြောလိုက်တော့မယ် ရိုးစင်းတဲ့ ပို့စ်ကောင်းတစ်ပုဒ်ပါပဲ

(Cbox မှာ အစ်မမိုးငွေ့ပေးသွားတဲ့ ကွန်မန့်လေးပါ။ ဒီမှာ ကူးပြီး သိမ်းထားလိုက်ပါတယ်။)

Anonymous said...

“ဘလော့ဂါဆိုတာ ဝါသနာ၊ ဖန်တီးမှု၊ မျှဝေမှု၊ ခံစားမှု၊ ပီတိတွေနဲ့ လုံးထွေးနေသူ”

တစ်ကြောင်းတည်းနဲ့ပြည့်စုံသွားတယ်နော်။ကိုယ်တိုင်ကတော့သူများတော်တာတွေ မျှဝေခံစားတာဆိုပိုမှန်မယ်။ဟီးးးးးးးးဖန်တီးမှုမရှိသေးဖူး။

ပြည်သူ့ ဘလော့ဂါဆိုတာဘယ်သူပါလိမ့်


ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

P.S အဟင့် အဟင့် မိုးကပန်းကျဲပေးဖို့ အဆင့်သင့်ဖြစ်နေပြီနော်
သီတင်းကျွန်တော့မှာမို့  သတိပေးတာ ခွိ

blackroze said...

ဘလော့ဂါဆိုတာကိုတော့တယောက်တမျိုးစီပြောသွားတာ
အဓိပ္ပါယ်ပြည့်စုံပါပေတယ်..

မြသွေးနီ said...

ဘလော့ဂါဆိုတာဘာလဲကို သုံးသပ်ပြသွားတာ ရိုးရိုးလေးနဲ့ သဘောကျစရာ..။ ဆက်လက်မျှဝေပါဦးနော်..။

အိကု said...

သို့ကလိုဖြင့် ဘလော့ဂါဆိုသဟာ လုံးထွေးနေတာကြီးပေါ့...ဟုတ်လား...
ဖိုးကြယ်လေး......
ပုံ/လုံးထွေးနေသူသူအိကု

ညီရဲ said...

ဘလော့ဂါဆိုတာ တကယ်တော့ ဘလော့ဂါပါပဲလေ...
ဖိုးကြယ်ကြီးရေ ရောက်ခဲ့တယ်ဟေ့...

ချယ်ရီမြေ said...

ကြယ်လွမ်းသူပြောတဲ့အတိုင်းပါပဲ... ဘလော့ဂါအတွက် အကျိုးအမြတ်က ပီတိပါပဲ.... ဒါကြောင့် ကြယ်လွမ်းသူတစ်ယောက် ပီတီတွေ များများခံစားရပါစေ...


ချမ်းမြေ့ပါစေ
ချယ်ရီမြေ

စံပယ်ချို said...

“ဘလော့ဂါဆိုတာ ဝါသနာ၊ ဖန်တီးမှု၊ မျှဝေမှု၊ ခံစားမှု၊ ပီတိတွေနဲ့ လုံးထွေးနေသူ” တဲ့လား။ ဖိုးကြယ်ရဲ့ ဖွင့်ဆိုချက်လေးက ကောင်းလိုက်တာ
အဲဒီလိုအတွေရှိနေတာပဲ တစ်ကယ်တော်တာပဲ...
ကွန်မက်မှာတွေ့လို့ ပြန်လိုက်လာတာပါ...
ခင်မင်တဲ့ jasmine

Post a Comment

Recent Comments