Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Saturday, October 16, 2010

အိမ်မက်ရာသီ

အဲဒီညက ခခယယနဲ့ကို ငါ့စိတ်တွေမူးတယ်။ တကယ်ကိုမလှပဘူး။ ကံကြမ္မာက မှောက်လိုမှောက် လှန်လိုလှန် ငါ့စိတ်ရာသီတွေလည်း ရင်ခုန်သံတွေထဲ ပျာယာကိုခပ်တယ်။ ဘယ်လိုပါလိမ့် တွေးမရခဲ့တာကနေ့လည် အိမ်မက်တစ်ခုရဲ့ အစမှာပေါ့။ မသာယာဘူး အိမ်မက်ကို တေးထားလိုက်တယ်စိတ်ထဲမှာ။ နောက်တစ်ခါကြုံရင်ပေါ့။ ဒါရိုက်တာတစ်ယောက်လောက်ငှားပါ။ အိမ်မက်ကိုပြင်ရအောင်လို့။

ညက ချစ်သူစိတ်ဆိုးတယ်။ မီးကျိုးမောင်းပျက် စကားလုံးတွေ သဲ့သဲ့နဲ့ချစ်သူကိုချော့တော့ တေးသွားတွေပေါ့ အလီလီပြန်ကျော့ရတယ်။ တော်ပါပြီ အိမ်မက်တွေရယ် နာရီတွေတောင် သူ့ကြောင့် ကြွေကြွေကျပေါ့။ ကျွန်တော်လည်း အိပ်ချင်လို့ အိပ်တာ အိမ်မက်တွေမပါစေချင်သလို ချစ်သူကလည်း စိတ်မဆိုးချင်ပဲ စိတ်ဆိုးခဲ့ရတယ်။ ကျွန်တော်ကတော့ ဒီလိုပဲထင်တယ်။ တစ်ကယ်တော့ အိမ်မက်ဆိုတာ မက်တိုင်းမကောင်းသလို ကောင်းတဲ့အရာတွေပဲ မမက်တာခက်တယ် ချစ်သူရယ်။

တစ်ကယ်တော့ ခံစားချက်တွေဆိုတာ ရင်မှာပွင့်တဲ့ပန်းလို ခပ်လှမ်းလှမ်းမှာ ရှိမနေဘူး။ ရူးသွပ်မှုဆိုတာ တစ်ကိုယ်တော်ဆန်ပါတယ်လေ။ ကဲ....မြောက်ပြန်လေညှင်းရေ ပန်းခင်းထက်က လမင်းသာမှုတွေကို သယ်ယူလိုက သယ်ယူသွားပါ ရနံ့လေးတော့ထားခဲ့ပေါ့။ ဒီညတော့ အတွေးတွေ ပန်းဝင်နိုင်ဖို့ နွေနေပူမှာ ဝါးကူထိုးရဦးမယ်။ ငါ့ရဲ့ အိမ်မက်ရာသီတွေရယ် သူစိမ်းဆန်လိုက်တာလွန်ရော။ ကံကြမ္မာဆိုတာ ကွမ်းတစ်ယာဝါးတာလောက်ကိုမကြာဘူး။ တစ်ခါတစ်လေတော့လည်း ဘဝတစ်ခုလုံး အပိုင်းအခြားထိကို အချိန်တွေ တာသွားပြန်ရော။ မလောပါနဲ့ မိတ်ဆွေ..... မဖိတ်ခေါ်နိုင်သမျှ ချစ်သူကို လွမ်းနေရတာ ကြာပေါ့......။

2 comments:

Anonymous said...

အားပါးပါး...ကြယ်လွမ်းသူလေးရေ...
ရေးသူတော့ ဘယ်လောက်တောင်လွမ်းပြီးရေးခဲ့မှန်း မသေချာပေမဲ့
ဖတ်သူကျွန်ုပ်တော့..လွမ်းစရာ မရှိပဲတောင် လွမ်းတန်းတန်းနဲ့ 
ဖတ်ရတယ်၊ ခံစားရတယ်။ အရေးအသားတွေ အရမ်းကို ကောင်းလွန်းတယ်။
အားကျပါဘိ။ ကြိုးစားဗျို့ ။ ...ခင်မင်လျှက်..ခင်မာလာအောင် :)

Anonymous said...

ဖိုးကြယ်စာတွေဖတ်ပြီး တစ်မျိုးလေး ဖြစ်သွားတယ်
စကားမစပ်..
တာရာမင်းဝေရဲ့ ဇာတ်ကောင်ထဲက ဖိုးကြယ်ကတော့
အကိုအားကျခဲ့ရတဲ့ ဟီးရိုးပဲဗျ..။
ညီ့ကိုလဲ မျှော်လင့်လိုက်ပြီ

Post a Comment

Recent Comments