Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Thursday, September 15, 2011

ဘလော့ဂါဆိုတာ ဘာလဲ

ဘလော့ဂါဆိုတာဘာလဲတဲ့…အဲဒီခေါင်းစဉ် ကျနော့်ဆီရောက်လာတော့ တော်တော်နောက်ကျနေပါပြီ။ ကိုယ့်ဆီမလှည့်လောက်ဘူးဆိုပြီး ကြိတ်ပျော်နေတာ အင်ကြင်းတဂ်တော့မှ မလွတ်မှန်း သိရတော့တယ်။ 

ကဲ…ဘာလဲ ဘလော့ဂါဆိုတာ။ ဖတ်ခဲ့ရသမျှလေးတွေကတော့ တစ်နေရာတစ်မျိုး မရိုးရဘူးလို့ ဆိုရမယ်။ အားလုံးကလည်း ရေးထားလိုက်ကြတာများ တော်ချက်။ ကဲ…ဖိုးကြယ် မင်းကရော ဘာလဲ လို့ ပြန်မေးမိတယ်။ တကယ်လို့ပေါ့ ကျနော်ဟာ အများပြောနေကြတဲ့ ဘလော့ဂါတစ်ယောက် ဆိုပါစို့။ ကျနော်သိတဲ့ ဘလော့ဂါဆိုတာ  စူးစမ်းမှုတွေ၊ ဖန်တီးမှုတွေ၊ ခံစားမှုတွေ၊ မျှဝေချင်မှုတွေနဲ့ ဝါသနာလေးတစ်ခုကို စိတ်ပါဝင်စားစွာ လုပ်ဆောင်နေကြတယ်လို့  မြင်ပါတယ်။ 

ဥပမာ ဆိုကြပါစို့ .... ကဗျာလေးတစ်ပုဒ်ကို ဘလော့ဂါက ခံစားဖန်တီး မျှဝေတယ်။ အဲဒီလို မျှဝေတဲ့ အပိုင်းထဲမှာပဲ အမျိုးအစား ကွဲပြားအောင် မျှဝေနိုင်ဖို့ရာ အရင်ဆုံး လေ့လာမှတ်သားရပါသေးတယ်။ ဒီလိုပါပဲ စာပေ၊ ဂီတ၊ နည်းပညာ၊ ဆေးပညာ ကိုယ်သန်ရာသန်ရာပေါ့ ဘလော့ဂါတွေအားလုံးက မျှဝေနေကြတာ။ ကဲ…အဲဒါတွေ မျှဝေနေတာဟာ ဝါသနာ၊ ဖန်တီးနေတာဟာ ဝါသနာ ဆိုတော့ ဘလော့ဂါဆိုတာ ဝါသနာကို အခြေခံပြီး ဖြစ်တည်လာတယ်လို့ ကျနော်ထင်မိတယ်။ 

နောက်တစ်ခုက ဘလော့ဂါတွေရဲ့ ကြိုးစားမှုအပိုင်းပေါ့။ အဲဒီလိုပြောလို့ အမလေး ဘာတွေများ ကြိုးစားနေကြရပါလိမ့်လို့ ဘလော့ဂါမဟုတ်သူတွေက မြင်ကောင်း မြင်ကြပါလိမ့်မယ်။ မြင်လည်း မြင်သင့်ပါတယ်။ သူတို့ ဘာတွေ ကြိုးစားရသလဲ။ ကိုယ်မျှဝေချင်တာလေးတွေရဲ့ အကြောင်းအရာ၊ အဆိပ်အတောက် ကင်းစေရေး၊ ခံစားမှုရသ အချိုးအစား၊ ဖန်တီးမှုရဲ့ ပုံစံ၊ အကျိုးဖြစ်ထွန်းစေရေး ဒါတွေပါပဲ။  အဲဒီလိုပြောလို့ ကြီးကျယ်လိုက်တာလို့ ဖြစ်ချင် ဖြစ်သွားလိမ့်မယ်။ သေချာပါတယ် ဘလော့ဂါတွေရဲ့ မျှဝေမှုတွေထဲမှာ ထိုသို့သော အချက်အလက်တွေ ပေါင်းစပ်ပါဝင်နေပါတယ်။ 

နောက်တစ်ခုက ဘလော့ဂါတွေရရှိတဲ့ အကျိုးအမြတ်ပါ။ ဘာမှမရဘူးတော့ မဟုတ်ပါဘူး။ ဘလော့ဂါတွေ ရလိုက်ပါတယ်။ အဲဒါကတော့ ပီတိပါ။ ဟုတ်ပါတယ် ကျနော့်အထင်ပြောရရင် ဘလော့ဂါတွေ မမောတမ်း ဘလော့ဂင်းနေကြတာ အဲဒီပီတိကြောင့် လို့ပြောရင် မမှားနိုင်ဘူးလို့ ထင်မိပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ ဖန်တီးမှုလေးကြောင့် စာဖတ်သူမှာ ရသလေးတစ်ခုခု ဒါမှမဟုတ် အသိလေးတစ်ခုခု ရရှိသွားတယ်ဆိုရင် အဲဒီလိုရရှိတယ်ဆိုတဲ့ အကြောင်းအရာလေးက ဘလော့ဂါတွေရဲ့ အကျိုးအမြတ် ဒါမှမဟုတ် ပန်းတိုင်ပါပဲ။ 

နောက်ထပ် အကျိုးအမြတ်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ အသိနဲ့ ဗဟုသုတပါ။ ဒါက ဘလော့ဂါက ရလိုက်တဲ့ အပိုင်းပါ။ သူတစ်ပါးကို မျှဝေချင်တော့ ဘလော့ဂါတွေက အရင် လေ့လာမှတ်သားရပါတယ်။ ဥပမာ ဆေးပညာဆိုပါစို့။ ရောဂါတစ်ခုရဲ့ ကုထုံးတစ်ခုကို မျှဝေဖို့အတွက် သူအရင်သိမှ ဖြစ်မှပါ။ အဲဒါကြောင့် ရှာဖွေလေ့လာ မှတ်သားရတာဟာ အမှန်ပါပဲ။ 

ဆိုတော့ ဘလော့ဂါတွေဟာ သူများတွေထက် ပိုသိ၊ ပိုတတ်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘလော့ဂါမဟုတ်ဘဲ လေ့လာဖတ်မှတ်နေတဲ့ လူတွေ အများကြီးပါ။ ဘလော့ဂါတွေဟာ အဲလိုလုပ်လို့ ဘလော့ဂါတွေက အဲလိုရတယ်လို့ ကျနော်က ဆိုလိုချင်တာပါ။ 

အချုပ်ဆိုရရင်တော့ “ဘလော့ဂါဆိုတာ ဝါသနာ၊ ဖန်တီးမှု၊ မျှဝေမှု၊ ခံစားမှု၊ ပီတိတွေနဲ့ လုံးထွေးနေသူ” လို့ ကျနော်ကတော့ အဓိပ္ပါယ်ဖွင့်လိုက်ချင်ပါတယ် ခင်ဗျား။

ပြည်သူဘလော့ဂါမလေး အင်ကြင်း ရဲ့ တဂ်ပို့စ်လေးကို ကျနော် သိသလောက်၊ ကျနော် နားလည်မိသလောက် ချရေးလိုက်ပါတယ်။ သဘောထားတွေ၊ ခံယူချက်တွေ ကွဲပြားမှုများ ရှိခဲ့ရင် ကျနော့်လိုအပ်ချက်သာ ဖြစ်ပါတယ် ခင်ဗျား။

Sunday, September 4, 2011

ကြိုတင်မမြင်နိုင်သောအရာရာများ

ကားခေါင်းခန်းထဲမှာ ဖွင့်ထားသော လေးအေးပေးစက်မှ အေးစက်စက်လေအေးများက သူ့မျက်နှာပြင်သို့ တိုးဝှေ့နေသည်။ သူ့ရဲ့စိတ်အစဉ်ကတော့ ပြင်ပနှင့်မတူပဲ ပူလောင်လျှက်။ ခုနက တွေ့ခဲ့ရသောမြင်ကွင်းက မျက်လုံးထဲကမထွက်နိုင်ပဲ ရှိတော့သည်။ 

စင်ကာပူ NUH ဆေးရုံပေါ်ရှိ ခုတင်ပေါ်မှ လူနာ၏ ဖျော့တော့တော့ အပြုံးက သူ့ကိုနွမ်းလျစေခဲ့သည်။ တင်ပါးဆုံရိုးခွဲထားသော လူနာတစ်ယောက်၏ နာကျင်မှုကို သူနားလည်နိုင်ပါသည်။နောက် မိသားစုနှင့်ဝေးနေရသော လူတစ်ယောက်၊ ကိုယ့်နိုင်ငံလို နွေးထွေးမှုကို ရှာမတွေ့နိုင်သောနေရာ၊ အားငယ်မှုတွေ၊ စိုးရိမ်မှုတွေနှင့်မျက်နှာ ဒါတွေကို သူမြင်နေရသည်။

“သူငယ်ချင်း မင်းနေလို့ကောင်းတယ်နော်” ပဋိသန္ဓာရ စကားကို စဆိုရသည်။ မှိန်နေသော မျက်လုံးများ အရောင်လက်လာတာ သူမြင်တွေ့လိုက်ရသည်။ နောက် လက်ကလေးတစ်ဖက် မြောက်တက်လာသည်။ သူအလိုက်သင့်ကလေး ကိုင်ထားပေးလိုက်ရသည်။ အေးစက်စက် လက်တဖက်ရဲ့ အထိအတွေ့က သူ့ကိုပိုပြီး ဆို့နင့်စေခဲ့ရသည်။ တစ်စက်ရုံထဲအလုပ်လုပ်ခဲ့သူ၊ တစ်အိမ်ထဲနေခဲ့သူ၊ နောက် မြန်မာစကားကို မပီကလာပီကလာပဲပြောတတ်သူ၊ ဘာသာခြားတိုင်းရင်းသားတစ်ယောက်ဖြစ်သော သူ့ကိုတော့ သူပိုခင်တွယ်မိသည်။ 

“သူငယ်ချင်း ဘာမှစိတ်မပူနဲ့သိလား တို့အားလုံး မင်းအတွက်လိုအပ်တာတွေ အကုန်လုံးလုပ်ပေးထားတယ်။ မင်းရဲ့ညီကိုလည်း ဖုန်းဆက် ပြီးသွားပြီ။” ခေါင်းလေးငြိမ့်ပြသည်။ နောက် ခပ်တိုးတိုးလေးသူပြောသည်။ 

“သံတုံးကြီးပြုတ်ထွက်လာတာ ငါမြင်လိုက်တယ်…….. ငါပြေးသေးတယ်….ငါ့နောက်မှာ အန်ကယ်ကြီးရှိနေတယ်…..ငါသူ့ကိုတွန်းဖယ်လိုက်တာ……မဟုတ်ရင် ငါရောသူရောပိမှာ……..” 

“ငါသိတယ်သူငယ်ချင်း မင်းအဲဒီလိုတွန်းလိုက်လို့လည်း အန်ကယ်ကြီး လွတ်သွားတာ။ အားလုံးကလည်း မြင်တယ်ကွ။ မင်းကိုလည်း ချီးကျူးနေကြပါတယ်။ မင်း အဲဒီပီတိလေးကို စားထားပါကွာ။ မင်းအတွက် အားဖြစ်လာပါလိမ့်မယ်နော် သူငယ်ချင်း။” 

လူတော်တော်များများက ဘေးအန္တရာယ် ကြုံလာရင် ဘေးဘီကို သတိမေ့တတ်ကြတာ သဘာဝလိုပါပဲ။ သူကတော့ မမေ့ခဲ့ပါ။ ကြီးမားတဲ့ ပစ္စည်းကြီးတွေကို စက်ခုတ်စားတဲ့အခါမှာ စက်ရုံက လူနှစ်ယောက်လောက် ထားပေးတတ်ကြသည်။ပေါ့လျော့မှုကြောင့်ဖြစ်လာမည့်ဘေးအန္တရာယ်တွေကိုကြိုတင် သိမြင်နိုင်ဖို့အတွက်ပါ။ ကြိုတင်သိမြင်လို့ ဘေးအန္တရာယ်က လွတ်သွားတဲ့ သာဓကတွေလည်း ရှိခဲ့ပါသည်။ သို့သော် ယခုလို စက်ချို့ယွင်းမှုကြောင့် ဖြစ်လာတာကတော့ ဘယ်သူမှ ဘာမှမတတ်နိုင်တော့ပါ။ တာဝန်ယူထားတဲ့ လူနှစ်ယောက်ထဲကမှ အခုတစ်ယောက်က အတွင်းလူနာအဖြစ် ဆေးရုံကိုရောက်ရှိနေပြီ။ 

“သူငယ်ချင်း အချိန်တိုင်း မင်းတို့ရဲ့ ဘုရားကို အာရုံပြုထားနော်။ မင်းရဲ့ ဆွဲကြိုးလေးရော....သူတို့သိမ်းပေးထားတယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် စိတ်ထဲကနေ အာရုံညွှတ်ထားပေါ့ကွာနော်။ ငါတို့ထပ်လာခဲ့ပါဦးမယ်။ ခုတော့ မင်းနားလိုက်ဦးနော်။” 

နှုပ်ခမ်းလေး ကွေးတက်သွားတာကို သူပြုံးပြတယ်လို့ပဲ မှတ်ယူလိုက်ပါသည်။ နာကျင်မှုတွေ ကြားထဲက လူတစ်ယောက်ရဲ့ အပြုံးဟာ ဒီလောက်နဲ့တင် လုံလောက်ပါပြီ။ ဘေးအန္တရာယ်ကြားကနေ ကိုယ့်အတွက်ကို ပဓာနမထားဘဲ သူတစ်ဖက်သားကို လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့ စိတ်ထားလေးရဲ့ အကျိုးကျေးဇူးကြောင့် သူတို့ ဘုရားသခင်က သူ့ကို စောင်မကြည့်ရှုလိမ့်မည်ဟု သူယုံကြည်ပါသည်။


မောင်းနေတဲ့ကားရဲ့ စက်သံညက်ညက်ရယ် ဂီယာထိုးသံတွေရယ်က သူ့ကိုအတွေးထဲမှပြန်ဆွဲခေါ်သွားသည်။ရှေ့မှာမြင်နေရတာက လမ်းမကြီးပေါ်မှာ ဥဒဟိုသွားလာနေကြသော ကားများ ၊ ဆိုင်ကယ်များ၊ ရည်မှန်းချက်ကိုယ်စီနဲ့ လူများ၊ လမ်းမကြီးပေါ်မှာပဲ မျက်လုံးတွေဖွင့်လျှက်က ကြိုတင်မမြင်နိုင်သော အရာရာများ……။

Tuesday, August 30, 2011

ဘလော့ဒေး အမှတ်တရ

“ဘလော့ဘလော့ ဘယ်ကစ၊ ပေါ့ဆိမ့်ကြီးကစ” လို့တောင် ပြောရမလိုပါပဲ။ ဒီစင်ကာပူကိုရောက်ပြီးရော  ၊ မရောက်ခင်တုန်းကရော ဘလော့ဆိုတာ ဘာကြီးမှန်းတောင် မသိခဲ့ရိုးအမှန်ပါခင်ဗျ။ တစ်နေ့လား မောင်ပေါ့ဆိမ့်က ဖုန်းဆက်ပါလေရော။ ဟေ့ကောင်တဲ့ ငါဘလော့လေးတစ်ခုလုပ်ထားတယ်တဲ့၊ ငါတို့ရွာနာမည်လေးနဲ့တဲ့။ အဲဒီမှာ မင်းက ကဗျာတွေဘာတွေ ရေးပေးတဲ့။ ငယ်ငယ်တုန်းကလည်း မင်းလက်တည့်စမ်းစမ်းနေတာပဲတဲ့။ ဟင်….အင်း….လို့ပဲပြောနိုင်ပါတယ်။ သူပြောတဲ့ ဘလော့ဆိုတာ သူပြောလို့သာ ကြားဖူးတာကလား။ “ဟဲ့ဟဲ့ အဲလိုတော့မလုပ်နဲ့လေ ၊ ငါ့ကိုနားလည်အောင်ရှင်းပြပါဦး ” ဆိုတော့မှ မောင်မင်းကြီးသားပြောသမျှ သိပြီး ဘလော့ဖြစ်ခဲ့တယ် ပြောပါတော့။ 

အဲဒီကစပြီး “ဆင်တဲကဖေး” ဆိုတဲ့ဘလော့လေးဖြစ်လာပြီး “ချိုကျ” ဆိုတဲ့နာမည်နဲ့ တိုတိုထွာထွာလေးတွေ ရေးပါလေရော :) ။ မှတ်မှတ်ရရ ဆင်တဲကဖေးက အရင်က blogspot ဆိုဒ်တစ်ခုပေါ့။ ၉ရက် ၉လ ၂၀၀၉ မှာစလုပ်ဖြစ်ခဲ့တယ်။ ပေါ့ဆိမ့်၊ ကျဆိမ့်၊ ဘလက်ကော်ဖီ၊ ရေနွေးကြမ်း၊ ကပူချီနို၊ iceကော်ဖီနဲ့ ရှယ်တို့ ပါပါတယ်။ နောက် ၁၃ရက် ၂လ ၂၀၁၀ မှာ မောင်ပေါ့ဆိမ့်က .com ပြောင်းရင်ကောင်းမယ်။ အဲဒါမှ မြန်မာပြည်က လူတွေ ကြည့်ရတာအစဉ်ပြေမယ်ဆိုပြီး .com ကိုပြောင်းခဲ့ကြပါတယ်။ အဲဒီနောက်မှာမှ ပတ္တမြားကျောက်စီဓားဆွဲပြီး လင်ခရူဆာစီးတဲ့ မောင်ပုံမှန်တစ်ယောက် ပါလာတော့တာပဲ။ ဒီလိုရေးရင်းနဲ့က ကိုရေသန့်ကြီးက “ဆင်တဲ”ဆိုတဲ့နာမည်ကိုတွေ့လို့မွေးရပ်မြေလေးသတိရလိုက်တာကွာ ဆိုပြီး ရေသန့်တွေ ရောင်းတော့တာပါပဲ။ 

အဲလိုရေးနေရင်းက မောင်ချိုကျတစ်ယောက် စိတ်ဖောက်ပြီး ကိုယ်ပိုင် ဘလော့ကလေးတစ်ခု လုပ်ချင်လာပါလေရောလား။ ဒါနဲ့ပဲ အရပ်ကူပါ လူဝိုင်းပါနဲ့ ဘာ..ဘာ..... ဘာမှမသိတဲ့ html တွေ template တွေ ဆီပုံးတွေ၊ java တွေ အို….ဘာတွေ ဘာတွေမှန်းကို မသိပါဘူး (ခုထိလည်း မသိသေးပါဘူး :) ။ ဂလိုနဲ့ပဲ မောင်ဖိုးကြယ် ဖြစ်လာပါလေရော။ 

ဘယ်အရာတွေဘယ်လိုပဲပြောင်းပြောင်း ဘလော့ဂါမိတ်ဆွေအပေါင်းကတော့ ဟောင်းမသွားဘူး။ ဘလော့ရေးခဲ့တဲ့ တစ်လျှောက် ရင်နှီးခဲ့တဲ့ ဘလော့ဂါတွေက ချိုပြီးပဲကျကျ ဖိုးပြီးပဲကြယ်ကြယ် အဲအဲ….နွေးထွေးစွာအားပေးလျှက်ပဲ :) ။ ခုချိန်ထိကိုရော၊ နောင်ဘယ်ဘဝအခြေနေရောက်ရောက် မမေ့နိုင်တဲ့ ဘလော့ဂါတွေကို ချရေးလိုက်ဦးမယ်။ (သူများတွေလဲ ဂလိုပဲ ရေးကြတယ် ဟဲဟဲ) 

ပထမဆုံးနဲ့ထိပ်ဆုံးကတော့ အစိမ်းရောင်မင်းသမီးလေး ကျနော့်မမ စိမ်း အဲအဲ ကျနော့်အစ်မ မချော၊ နောက် သူ့ရဲ့ချစ်ချစ်ကြီးအကြောင်းကိုရေးရေးပြီး ကြွားတတ်တဲ့ အစ်မရွှေစင်ဦး (ထမင်းဖိတ်ကျွေးဦးနော် နောက်တစ်ခါလောက် :)) ၊ နောက် လ ပဲကွယ်နေသလိုလို၊ လ ပဲကြပ်နေသလိုလို ဖြစ်ဖြစ်နေတဲ့ မမလသာည၊ နောက် ချိုကျဆိုရင် လဖ္ဘက်ရေပဲ ပြေးပြေးမြင်တတ်တဲ့ အစ်မချစ်၊ နောက် အမြဲတမ်း ကြည့်လိုက်ရင် အေးချမ်းနေတတ်တဲ့ အစ်မဇွန်၊ နောက်ဘလော့မှာ ဘယ်ရောက်နေမှန်းကို မသိရတော့တဲ့ဒေါ်အင်ကြင်းသန့် (မှတ်ထား....ဒေါ်တပ်ပစ်လိုက်ပြီ:)၊ တစ်ယောက်တည်းမနေပဲ မိုးငွေ့နဲ့မှ အတူတူသွားနေတဲ့ အစ်မမိုးငွေ့၊ ဟိုတလောက ပထမဆုရသွားတဲ့၊ “ကျားယို”လို့ ပြောပြောသွားတတ်တဲ့ မွန် (ခုချိန်ထိ ကျားယိုရဲ့အဓိပ္ပါယ်ကို ဘာမှန်းကို မသိသေးဘူး :D)၊ နောက် အိမ်ထဲမှာ တစ်ယောက်ထည်းနေပြီး ပျောက်ပျောက်နေတယ်ဆိုတဲ့ အစ်မ မအိမ်သူ၊ နောက် ကျနော့်အစ်ကိုကြီး လူပျိုကြီး ကငြိမ်းနိုင်၊ နောက် အစ်ကိုကြီး လူပျိုကြီး လူပျိုအကြီးကြီး (အဲအဲ နဲနဲများသွားပြီ ):P....ကိုကြီးမြစ်၊ နောက် တစ်ခါတွေ့ရင် တစ်ခါပုံပြောင်းသွားတဲ့ ညီလေးညီသူ၊နောက် ဇာတ်လမ်းကောင်းလေးတွေကို လည်ရှည်အောင် စောင့်ဖတ်ရလောက်အောင် ရေးတတ်တဲ့ ကိုကြီးဆိုစီ၊ ဟိုတလောက မန္တလေး ပြန်သွားမှ အရှင်လတ်လတ်ကြီး တွေ့ဖူးခဲ့တဲ့ နတ်ဆိုးလေး (တွေ့ခဲ့တုန်းက လူပါ )၊ နောက် blackroze လို့ခေါ်ပေမယ့် black လို့ပဲခေါ်တဲ့ ခံစားမှုသံစဉ်လေး၊ နောက် လူ့လောကထဲကို ကလေးလေးတစ်ယောက် ခေါ်ဖို့ အစဉ်သင့်ဖြစ်နေတဲ့ ဒေါ်ယွန်း၊ နောက် မြန်မာပြည်ကိုလွမ်းတယ်ဆိုပြီး ထပ်မတွေ့ရတော့တဲ့ ညီမလေး ပျိုမွန်လေး၊ နောက် ဝဋ္ဋ်နာ ကံနာ ညီရဲသစ်... အဲလေ ယောင်လို့ ....ဝဋ္ဋ်နာ ကံနာဆိုတဲ့ ဝတ္တုတိုလေးနဲ့ စတင်ပြီး ကိုယ်ပိုင်ဘလော့လေး လုပ်ဖြစ်သွားတဲ့ သူငယ်ချင်း black coffee ။ နောက်သူငယ်ချင်းပုံမှန်ပြောတဲ့ ယောဂီရောင်ဝတ်စုံလေးနဲ့ မိုး ။

ဒီအထဲမှာမှ တွေ့ဖူးတဲ့ ဘလော့ဂါတွေလည်းရှိသလို မတွေ့ဖူးတဲ့ ဘလော့ဂါတွေလည်းရှိတယ်။ ဘာပဲပြောပြော ဒီဘလော့ရပ်ဝန်းလေးထဲမှာ တွေ့ဆုံခဲ့တဲ့ ညီအစ်ကိုမောင်နှမများကိုတော့ ဒီဘလော့ဒေးလေးနဲ့အတူ  ဘဝတစ်လျှောက်လုံးထိ ဘယ်နေရာရောက်ရောက် သယ်သွားဖြစ်မှာကတော့ သေချာတဲ့ ခံစားချက်ကလေးတစ်ခုပါပဲ ။

Thursday, August 18, 2011

ဧရာဝတီအတွက် တိုလွန်းတဲ့ကဗျာ



ရာဇဝင်ထဲမှာချပြထားခဲ့တဲ့နေ့ရက်တွေက
လတ်ဆတ်ဆဲသူ့အလှလို
ဟောင်းမသွားတာကိုက
တစ်မျိုးလှနေတာ....။

သူ့ရင်ခွင်ကိုစတေး
သမိုင်းတစ်လျှောက်ကျွေးမွေးပြီး
တစ်သွေးတစ်မွေးလှစေတာလည်း
သူ့ကြောင့်...... ။

ကံကြမ္မာရယ် မမှောက်မှားလိုက်ပါနဲ့
ထောက်ထားစေလိုတဲ့အတွေးတွေနဲ့အတူ
မျှော်လင့်ချက်လေးတွေလည်း
တဒေါက်ဒေါက်ကျလို့.....။

သူ့ကိုကြည့်ရင်း ငါတို့ကိုယ်တိုင်ကိုပြန်ကြည့်ရင်း
တိမ်ခိုးဝေနေတဲ့ မျက်ရည်ရာသီတွေ
ကျင်းပရတော့မှာတဲ့လားကွယ်......။

ဧရာဝတီရယ်.......
တစ်ကယ်တော့နင်ဟာ
အားလုံးထက်ကမြစ်တစ်စင်း
အဲဒီနှင်းခါးတွေမကွဲသ၍တော့
အားလုံးနဲ့အတူတူ
စုန်းကဝေမြူးတဲ့ နှစ်ရူးတွေကို
ဖြတ်.....ဦး.......စို့.........။

Recent Comments