Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Saturday, February 19, 2011

လူ = ရေ

ဘာလိုလိုနဲ့ပေါ့ ဒီမှာနေတာ ၄နှစ်ပြည့်တော့မယ် ။ ဆိုတော့ကာ ဟိုနေ့ကပဲ ဆက်ပြီးနေထိုင်ဖို့အတွက် company နဲ့ပြောဆိုဆွေးနွေးပြီးတဲ့ သကာလ စာအုပ်ဝယ်ဖို့လုပ်ရပါတော့တယ် ။ ဘာစာအုပ်လဲလို့ မမေးပါနဲ့ဦး ။ နောက်တော့ပြောပါ့မယ် ။ ဒီလိုပါ အဲဒီစာအုပ်ကလေးက မရှိမဖြစ်ဆိုပါတော့။ သူက တော်တော်လေးအရာရောက်ပါတယ် ။ သူ့ကိုဝယ်ဖို့ တော်တော်လေးလည်း အလုပ်ရှုပ်ရပါတယ် ။ စိတ်လည်းရှည်ရပါတယ် ။ ဈေးလည်းတော်တော်လေးကို ကြီးပါတယ် ။ တစ်ခါဝယ်ဖို့အရေး တန်းစီရတာကို တော်တော်ကြာပါတယ် ။ လူတွေများလွန်းလို့ စီထားတဲ့ လူတန်းကြီးဟာ စာအုပ်ရောင်းတဲ့ ဆိုင်အပြင်ကိုတောင် ရောက်ပြီး ကွေ့ကာဝိုက်ကာနဲ့ကို သွယ်တန်းနေပါတော့တယ် ။ ဘာပဲဖြစ်ဖြစ် လူတွေက အဲဒီစာအုပ်ကလေးရဲ့ တန်ဖိုးကျသင့်ငွေလေးတွေကို [ ငွေလေးလို့ပြောတာမကျေနပ်ရင် ငွေကြီးလို့ပြောင်းဖတ်လို့ရပါကြောင်း :) ] ဆုတ်ကိုင်ထားကာ မရှည်တဲ့စိတ်ကို ဆွဲဆန့်ပြီး ရှည်အောင်ကိုစောင့်နေကြပေါ့ ။ အဲဒီလူတန်းကြီးမှာ အနှီမောင်ဖိုးကြယ်လည်း အပါအဝင်ပါ ။ ဒီလိုနဲ့ တစ်ရွေ့ရွေ့နဲ့ ချီတက်လာလိုက်တာ မောင်ဖိုးကြယ်ရှေ့မှာ နှစ်ယောက်ပဲလိုတော့တယ်ခင်ဗျ ။ နဲနဲလည်းဝမ်းသာစပြုနေပါပြီ ။ အဲဒီအချိန်မှာပဲ မောင်ဖိုးကြယ် ဘွားခနဲ မြင်လိုက်တာတစ်ခုကြောင့် ရီရမလို ငိုရမလိုတောင်ဖြစ်သွားရပါတယ် ။ သေသေခြာခြာထပ်ကြည့်ပါတယ် ။ မှားနေမှာစိုးလို့ပါ ။ ဟုတ်ကဲ့ မမှားပါဘူး သေသေခြာခြာ ကိုမှန်ပါတယ် ။ အဲဒါနဲ့ blog မှာစာလာဖတ်တဲ့  ထောင် သောင်း သိန်း သန်း သောပရိသတ်ကြီးအား :) မျှဝေလိုဇောနဲ့ ဓာတ်ပုံရိုက်ယူလာခဲ့ပါတယ် ။ ရိုက်ထားတာက ကွယ်ကာဝှက်ကာ ဆိုင်ရှင်တွေမမြင်အောင် ရိုက်ခဲ့ရတာဆိုတော့ နဲနဲ ဝါးတားတား ဖြစ်နေပါတယ် ။ ဒါပေမယ့် အရှင်းကြီးပါ ။ မြင်သူတိုင်း နှစ်ခါကြည့်စရာမလိုပါဘူး :) ။
              
နောက်တော့ မောင်ဖိုးကြယ် အလှည့်ရောက်လို့ လက်ထဲက ကိုင်ထားတဲ့ ပိုက်ဆံကို မပေးချင်ပေးချင်နဲ့ ပေးပြီး အဲဒီစာအုပ်အနီရောင်လေးကို ယူလာခဲ့ပါတယ် ။ နောက်ဆုံးတော့ ရခဲ့ပါပြီ ။ ဒါပေမယ့် မြင်ခဲ့ရတဲ့ မြင်ကွင်းကြောင့် မအီမလည်ကြီးတော့ ဖြစ်သား :) ကြည့်ကြပါကုန် ပရိတ်သတ် :) ။ 


 
အနှစ်ချုပ်ဆိုရသော်....လူသည်ရေနှင့်တူ၏ ၊ ရေသည်ငွေနှင့်တူ၏ ဆိုသော် ကန်သည် မည်သည့်အရာနှင့်တူပါသနည်း :))) ။

8 comments:

ညိမ်းနိုင် said...

ဖိုးကြယ်လေးရ....ကန်ကဘာနဲ့တူရမှာတုန်း...တို့ရှာသမျှ သွားစုနေတဲ့ ဟိုဌာန
နဲ့တူသပေါ့....:)

Anonymous said...

အဲဒီစာအုပ်ဆိုင်ကလည်း ဒီလောက်ရောင်းအားတွေကောင်းနေတာ....ဒီစာလေးတောင်
မပြင်နိုင်လောက်အောင် ဘယ်နေရာတွေမှာများ အရှုံးပေါ်သွားပါလိမ့်??? ဒါမှမဟုတ် နိုင်ငံခြားမှာအနေကြာတော့ မြန်မာစာလုံးပေါင်းအမှန်တွေကိုများမေ့သွားတာလား??
ဒါမှမဟုတ်...သူတို့ဆိုင်မှာ အင်္ဂလိပ်စာ “TRADE SECTION” ရဲ့ အဓိပ္ပာယ်ကပဲ ကိုယ်မသိတဲ့ “ကန်သွယ်ရေ” ဆိုတဲ့ အဓိပ္ပာယ်များရှိနေတာလား??? ဒါမှမဟုတ် ဆိုင်က ၀န်ထမ်းတွေကပဲ မျက်စိမကောင်းကြတော့တာလား...လား...လား....
လားပေါင်းမြောက်မြားစွာနဲ့ဖတ်သွားပါတယ်...

အော်..ဒါနဲ့...ကိုဖိုးကြယ်ရေ...တော်ကြာ
“ကိုဖိုးကြယ် ကျနော်တို့နဲ့ခဏလိုက်ခဲ့ပါ....” လို့ ဖြစ်နေမယ်နော်....သတိထား သတိထား....ဟဲဟဲ

Anonymous said...

ဟဲ့..ဟဲ့..
ဘယ့်နှာက ဘယ်လို ကန်ထဲက ရေတွေ ခပ်ထုတ်နေရတာတုန်း
:P ပြေပြီဗျို့
တို့အပါဘူး
(ညီသူ)

blackcoffee said...

ဟ ဟ ကန်က ဘာနဲ့ တူလဲ ဖိုးကျယ်ရ... နဲနဲလောက်လဲ လင်းစမ်းပါဦး။ တကယ်မသိလို့ မေးတာနော်...

မချော(အစိမ်းရောင်လွင်ပြင်) said...

ရေဆိုတာ ကန်ထဲကို စီးသွားပြီးရင် ပျောက်ကုန်တယ်လေ
ဘယ်ကိုမှ ပြန်မစီးတော့ဘူး ကန်ကြီးထဲမှာဘဲသိမ်းထားလိုက်တော့တာ
ဒီသဘောဖြစ်မယ်
ကန်ထဲသွယ်တဲ့ရေဟာ ပြန်ထွက်ရိုးထုံးစံ မရှိဘူးတဲ့

မြစ်ကျိုးအင်း said...

တော်သေးတာပေါ့ ကြွက်တွင်းလို့ မရေးထားတာ။

မြတ်မွန် said...

ဖြစ်ရလေ ဖိုးကြယ်ရယ်..
အဲတာကြောင့် ခုတလော နောင်တတွေနဲ့အတူတူ နိစ္စဓူဝတွေကို ဖြတ်သန်းနေတယ်.......ဆိုတာ..။

blackroze said...

အင်းးပေါ့..
ကန်ထဲကရေကိုဒီလိုဘဲသွယ်ရတာဘဲလေ..

Post a Comment

Recent Comments