Wednesday, December 5, 2012
သူငယ်ချင်းသို့
ပြန်ပြီလား သူငယ်ချင်း....
ခရီးပြင်းနှင်ခြင်းသီဝရီမှာ
အပြန်ဟာ အစဖြစ်နိုင်သလို
အလာဟာလည်း အစဖြစ်နိုင်တယ်။
ပြန်ပြီလား သူငယ်ချင်း....
ချစ်ခြင်းဖွဲ့သီဝရီမှာ
ကမ္ဘာလည်တာ မလည်တာထက်
စိတ်ကူးတွေ ရွာမလည်စေနဲ့။
ပြန်ပြီလား သူငယ်ချင်း....
ရာသီစာသီးပွင့်မှုတွေထဲမှာ
ခါတော်မှီလင်းလာတဲ့ပန်းတို့ရဲ့
ဂုဏ်ရောင်ဖွဲ့သီချင်းသံတွေထဲ
မင်းမပျော်ဝင်မိပါစေနဲ့။
ပြန်ပြီလား သူငယ်ချင်း....
ဘ၀ဟာဆုံးမသွားသေးသလို
ကုန်းရုန်းပြီးလျှောက်ရမှာတွေလည်းရှိရဲ့
မင်းဟာမင်း ငါကငါ
မင်းကမ္ဘာ ငါ့ကမ္ဘာမတူပေမယ့်
မင်းရွာနဲ့ငါ့ရွာဟာ တစ်ခုတည်းပဲ။
ပြန်ပြီလား သူငယ်ချင်း....
ခရီးပြင်းနှင်ရင်း နှင်ရင်း
ရောင်နီအလင်းမှာ
သက်ပြင်းတွေကင်းဝေးပါစေ သူငယ်ချင်း။
ပြန်နှင့်သူငယ်ချင်း ပြန်နှင့်....
ငါမရောက်နိုင်သေးတဲ့ မိုင်တိုင်မှာစောင့်ရင်း
ဘ၀အတွက် လင်းနိုင်သလောက်လင်းပြီး
မင်းရဲ့နံနက်ခင်းတွေနဲ့အတူ
လူလားမြောက်နိုင်ပါစေ သူငယ်ချင်း။ ။
(ဒီဇင်ဘာလ ၁ ရက်နေ့ မှာ မြန်မာနိုင်ငံကို အပြီးပြန်သွားပြီဖြစ်သော သူငယ်ချင်းသို့ အမှတ်တရ)
Labels:
ကဗျာ
Monday, October 15, 2012
ကမ္ဘာ၊ ငါနဲ့ကောင်းကင်ပြာ
တိမ်မျှင် တိမ်စတွေနဲ့ တံလျှပ်ရောင် တောက်နေတဲ့ဘ၀မှာ
ကမ္ဘာ လုံးတာ ပြားတာ ဋီကာမဖွဲ့အားဘူး
မိုးလင်းလာတိုင်း သက်ပြင်းတွေ ကပ်ပါလာတာလောက်
အာရုံနောက်တာ မရှိဘူး။
ဗလာအင်္ကျီတစ်ထည်မှာ အိပ်ကပ်ထဲကို နေလာလာကြတ်တယ်
၂၃ ၁/၂ံ တိမ်းစောင်းနေတဲ့ဘက်မှာ နေပြီး
ဘာဆိုဘာမှ စီးဝင်မလာတာ ခက်လှပေါ့။
ကောင်းကင်ရယ် မြေကြီးရယ်ကြား
နင်းပြားဖြစ်မသွားဖို့
နှာခေါင်းကို မော့မော့ထားရတယ်။
ကမ္ဘာရယ် ငါရယ်
ဖြစ်ပြီးပျက်ပျက်သွားတဲ့ မှုန်မှုန်မွှားမွှားတွေရယ်
ဖြစ်ပြီးပျက်ဖို့ကြာနေတဲ့ ဒုက္ခအကြီးကြီးတွေရယ်
မျိုချလိုက်တိုင်း ရင်ထဲကို နင်ဝင်သွားတတ်တဲ့
ခံစားချက် လက်တစ်ဆုပ်စာရယ်
တကယ်တော့ ဘ၀ဟာ ဒါ လို့ မပြောချင်ဘူး။
ပစ္စလက်ခတ်နဲ့ မဖြစ်လာသေးတဲ့ဘ၀မှာ
ကမ္ဘာ၊ ငါနဲ့ကောင်းကင်ပြာကို ဖွင့်ဆိုမယ့်တေးသွား
အကြိမ်ကြိမ်နာကြားဖို့
မနက်ခင်းတွေကို တွန်းတွန်းဖွင့်တိုင်း
ဘ၀ဟာ အရိုင်းဆန်နေတယ်။ ။

Friday, May 25, 2012
ပန်းပွင့်ချိန်
ကျွန်တော် အများကြီးမတောင်းတပါဘူး မေမေ...ရေတစ်ပေါက်စာလောက် အေးရရင်တော်ပါပြီ။ လူတွေအများကြီးထဲက တခါတခါ ကျွန်တော်ပျောက်နေတတ်တယ်။ တကယ်ကိုတစ်ယောက်ထည်း မျက်ရည်မိုးတွေ သည်းမိမယ်မေမေ။ ကျေးဇူးပြုပြီး ပွင့်အန်ထုတ်ခွင့်ပေးပါ။ ဘယ်ညာ မကြည့်ပါနဲ့ဘယ်ကမ္ဘာကမှ လာမကူဘူး။ ကျွန်တော်မညူစူမိပါဘူးမေမေ။ ဖြစ်နိုင်ရင်ရေလေးတစ်ခွက်ထည်းပါ။ နေ့ရက်တွေတိုင်းက အပြိုင်းအရိုင်းဖူးပွင့်ကြတယ်။ ကျွန်တော်ဘာနဲ့နှိုင်းရပါ့။ စကားလုံးမဲ့တဲ့ကောင်းကင်တဲ့လား။ ကျွန်တော်မသိချင်ဘူး။ ပြန်ယူသွား ပြန်ယူသွား အဲဒီဂစ်တာကိုပြန်ယူသွား။ ကျွန်တော့ကို မိုးရေတောထဲထားခဲ့။ အရာရာရေငုံနှုပ်ပိတ် တခါးပိတ်ပြီး အိပ်လိုက်တော့။ လေးဖြူလည်းမသိချင်ဘူး ကိုရွေးရဲ့ ကြည်လင်သောရေတံခွန်လည်း ထားခဲ့လိုက်။ အလိုလိုက်တိုင်းလည်း ကျွန်တော် အမိုက်မစော်ကားခဲ့မိဘူး။ ကိုပိုင်စိုးဝေ ကျွန်တော်ခင်ဗျားကို လေးစားပါရဲ့။ ဒါပေမယ့် ကျွန်တော့် ကြယ်တံခွန်က မူးမနေဘူး။ ထူးပဲနေတာ။ လာလာ သားလေး အနာတွေရေးဆေးလိုက်။ ကျေးဇူးပါမေမေ အနာဆိုတာ ဒီလိုကောင်အတွက် သာယာမှုမဟုတ်တောင်မှ ဓာတ်သက်ပါပြီးသားဖြစ်နေပြီ။ ဟူးးး ဘယ်လိုပြောပြော မမောတာခက်တယ်။ မြို့ပြက အနှစ်သာရမရှိဘူး မပြောနဲ့ ကျေးလက်က သာယာတယ်လို့လည်းမပြောနဲ့ အရာရာအားလုံးနဲ့ သဟဇာတမဖြစ်ဘူး မပြောနဲ့ ဘာဆိုဘာမှမပြောနဲ့ ဖြစ်နိုင်ရင် ကျွန်တော်ပါးစပ်ကို ဆွဲသာစိထားလိုက် ထိုအခိုက် ပန်းတို့လှိုင်လှိုင်ပွင့်လိမ့်မယ်။
Labels:
ကဗျာ
Sunday, January 22, 2012
ကျွန်တော်သံစဉ်ညှိတဲ့ ချစ်သူရဲ့တေးသွားတစ်လက်
ချစ်သူကိုယ်တိုင် မရေးတဲ့ဇာတ်လမ်းထဲ
ကျွန်တော့်ကိုယ်ကျွန်တော် နည်းနည်းနဲ့ ကျဲကျဲပဲ လင်းခဲ့တယ်………
ချစ်သူက ဖြူစင်လွန်းလို့ ကိုယ့်ကိုကိုယ်ပဲ ပြန်ဆေးခြယ်လိုက်တယ်
ဒီလိုနဲ့ပဲ ချစ်သူရဲ့ ဟေမာန်ဥတုထဲမှာ ကျွန်တော်ဟာ လူလုံးမကွဲဘူး…..
ကျွန်တော်ကတော့ ချစ်သူ့အကြောင်း ညတိုင်းတွေးတယ်
ချစ်သူရဲ့ အတွေးထဲမှာတော့ ကျွန်တော့် တစ်ကိုယ်စာ နေရာလေးအတွက်
ဒူးဖက်ပြီး တောင်းပန်ရမလိုပါပဲ……..
ရုပ်သက်သက်ပဲရှိတဲ့ ချစ်သူရဲ့ အကိုင်းအခက်အချို့ကို
ကျွန်တော်တွဲလွဲ ခိုစီးတော့ ဂစ်တာလေးက ငိုချင်းချတယ်
ဒါကြောင့် ညညတွေဆို သံစဉ်တွေပြိုဆင်းကျတယ်……
ညက ချစ်သူကို အိမ်မက်မက်တယ်
ချစ်သူနဲ့ ကျွန်တော် ကြယ်တွေရဲ့ သံစဉ်နဲ့ လမျက်နှာပြင်ပေါ်တက်ပြီး
ပြိုးပြိုးပျက်ပျက် နှစ်ယောက်အတူ လင်းလက်ခဲ့တယ်
ပျော်လားလို့ ကျွန်တော်ကမေးတော့ ချစ်သူကပြုံးပြပြီး
ကျွန်တော့်နားကို စကားတိုးတိုး ကပ်ပြောတယ်
ဒါပေမယ့် ကျွန်တော် ဘာမှမကြားခဲ့ရဘူး……..
ဒီလိုပါပဲ ထင်မှတ်မထားတာတွေ ဖြစ်တတ်လွန်းတော့
ကိုယ့်ကြမ္မာ ကိုယ်ပြန်မှင်တက်မိတဲ့အခါ ကျွန်တော်ဟာ ကျွန်တော်မဟုတ်သလိုပါပဲ…..
ချစ်သူကိုချစ်လွန်းလို့ ကျွန်တော့်ကိုယ် ကျွန်တော် နာကျင်စေမိပြန်တယ်
ဒါကြောင့် စိတ်ရူးစိတ်နှမ်းနဲ့ အတွေးတွေကိုထမ်းပြီး
အခန်းလွတ်တစ်ခုထဲမှာ ကျွန်တော်လွမ်းနေရတယ်………
ညညဆို ချစ်သူအကြောင်းကို ကလောင်တစ်ချောင်းနဲ့ ထုစစ်တော့
inspiration တွေကသွေးချင်းချင်းကျပြီး ကဗျာတစ်ပုဒ်ရပေါ့……..
ဒီနေ့တော့ ချစ်သူရဲ့ဗလာ ရယ်သံကြားမှာ ဦးနှောက်က ခပ်ဝါးဝါးပဲရှင်ပြီး
ကျွန်တော့်စိတ်ကို ကျွန်တော် သွားကြားပြန်ညှပ်နေလိုက်တယ်
တစ်ကယ်ကို ခိုးလိုးခုလုပါပဲ………
ချစ်သူထွေးထုတ်လိုက်တဲ့ အတွေးညစ်ညစ်တွေထဲမှာ
ကျွန်တော့်ဘဝဟာ မှင်မပါပဲ အခြစ်ခံခဲ့ရတယ်
တစ်ကယ့်ကိုဗလာနတ္တိ………
ဒီနေ့တော့ ချစ်သူငိုနေတယ် ကြိုတင်အကြောင်းမကြားပဲ
မျှော်လင့်ခြင်းတွေ ခရီးထွက်သွားလို့တဲ့
တိတ်ပါတော့ကလေးရယ် ဆိုပြီး ကျွန်တော့်ကိုယ် ကျွန်တော်ပြန်ချော့တယ်
ဒါကြောင့် ချစ်သူငိုရင် ကျွန်တော့်မိုးတိမ်တွေပါ ပြိုတယ်………
ညကချစ်သူက ပုံပြင်တစ်ပုဒ်ပြောပြတော့ ကျွန်တော့်ဝမ်းသာမှု့တွေ စောတယ် အဲဒီညမှာ
ချစ်သူက အပြောအဟောကောင်းလို့ အဲဒီည စိတ်နဲ့ကိုယ်အကြောင်းအပေါင်း နည်းနည်းသင့်တယ်…….
ချစ်သူက တေးသွားတစ်ပုဒ်မှာ နှစ်ချိုက်တော့ ကျွန်တော့်မှာ ဘာတူရိယာမှမရှိလို့
လက်ခုပ်နဲ့ပဲ စည်းဝါးလိုက်ပေးခဲ့ရတယ်
ဘယ်သူကမှ ဂရမ်မီ ဆုမပေးသလို ကျွန်တော်တို့ကလည်း ခုနှစ်သံချီနဲ့ မဟစ်ကြွေးဘူး…….
ချစ်သူကို ကျွန်တော်ချစ်လွန်းလို့ သံစဉ်ညှိရင်း ကြိုးတွေတင်းခဲ့မိတယ်
ဒါကြောင့် ချစ်သူနဲ့ ကျွန်တော့်ကြား တေးသွားတွေမာကြောခဲ့ရတယ်…….
တကယ်တော့ ကျွန်တော်ဟာ ကြယ်တစ်ကောင်ရဲ့အလင်းနဲ့ အမှောင်မှာလမ်းလျှောက်ခြင်း သီအိုရီကိုလေ့လာဖို့
သင်ပုန်းကြီးမကြေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ မှတ်စုစာအုပ် သက်သက်ပါပဲ………….
ဒီလို့နဲ့ပေါ့ အချိန်သုံးပါးထဲမှာ ချစ်သူနဲ့ကျွန်တော် ချစ်သူတွေမဖြစ်ကြဘူး
အဲဒါကြောင့် နေ့ရက်တိုင်းမှာ ချစ်သူကိုချစ်တဲ့စိတ်နဲ့ အိပ်နေလိုက်တော့တယ်…….
ဟိုးအရင် ဆင်တဲ ဆိုဒ်မှာတင်ခဲ့ဖူးတဲ့ ကဗျာလေးပါ။ ကိုယ်တိုင်လည်းနှစ်သက်သလိုရှိတာနဲ့ ဒီဆိုဒ်မှာလည်း စာမရေးဖြစ်တာကြာနေတော့ အမှတ်တရပြန်တင်ဖြစ်သွားပါတယ်။

Subscribe to:
Posts (Atom)