Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Tuesday, August 30, 2011

ဘလော့ဒေး အမှတ်တရ

“ဘလော့ဘလော့ ဘယ်ကစ၊ ပေါ့ဆိမ့်ကြီးကစ” လို့တောင် ပြောရမလိုပါပဲ။ ဒီစင်ကာပူကိုရောက်ပြီးရော  ၊ မရောက်ခင်တုန်းကရော ဘလော့ဆိုတာ ဘာကြီးမှန်းတောင် မသိခဲ့ရိုးအမှန်ပါခင်ဗျ။ တစ်နေ့လား မောင်ပေါ့ဆိမ့်က ဖုန်းဆက်ပါလေရော။ ဟေ့ကောင်တဲ့ ငါဘလော့လေးတစ်ခုလုပ်ထားတယ်တဲ့၊ ငါတို့ရွာနာမည်လေးနဲ့တဲ့။ အဲဒီမှာ မင်းက ကဗျာတွေဘာတွေ ရေးပေးတဲ့။ ငယ်ငယ်တုန်းကလည်း မင်းလက်တည့်စမ်းစမ်းနေတာပဲတဲ့။ ဟင်….အင်း….လို့ပဲပြောနိုင်ပါတယ်။ သူပြောတဲ့ ဘလော့ဆိုတာ သူပြောလို့သာ ကြားဖူးတာကလား။ “ဟဲ့ဟဲ့ အဲလိုတော့မလုပ်နဲ့လေ ၊ ငါ့ကိုနားလည်အောင်ရှင်းပြပါဦး ” ဆိုတော့မှ မောင်မင်းကြီးသားပြောသမျှ သိပြီး ဘလော့ဖြစ်ခဲ့တယ် ပြောပါတော့။ 

အဲဒီကစပြီး “ဆင်တဲကဖေး” ဆိုတဲ့ဘလော့လေးဖြစ်လာပြီး “ချိုကျ” ဆိုတဲ့နာမည်နဲ့ တိုတိုထွာထွာလေးတွေ ရေးပါလေရော :) ။ မှတ်မှတ်ရရ ဆင်တဲကဖေးက အရင်က blogspot ဆိုဒ်တစ်ခုပေါ့။ ၉ရက် ၉လ ၂၀၀၉ မှာစလုပ်ဖြစ်ခဲ့တယ်။ ပေါ့ဆိမ့်၊ ကျဆိမ့်၊ ဘလက်ကော်ဖီ၊ ရေနွေးကြမ်း၊ ကပူချီနို၊ iceကော်ဖီနဲ့ ရှယ်တို့ ပါပါတယ်။ နောက် ၁၃ရက် ၂လ ၂၀၁၀ မှာ မောင်ပေါ့ဆိမ့်က .com ပြောင်းရင်ကောင်းမယ်။ အဲဒါမှ မြန်မာပြည်က လူတွေ ကြည့်ရတာအစဉ်ပြေမယ်ဆိုပြီး .com ကိုပြောင်းခဲ့ကြပါတယ်။ အဲဒီနောက်မှာမှ ပတ္တမြားကျောက်စီဓားဆွဲပြီး လင်ခရူဆာစီးတဲ့ မောင်ပုံမှန်တစ်ယောက် ပါလာတော့တာပဲ။ ဒီလိုရေးရင်းနဲ့က ကိုရေသန့်ကြီးက “ဆင်တဲ”ဆိုတဲ့နာမည်ကိုတွေ့လို့မွေးရပ်မြေလေးသတိရလိုက်တာကွာ ဆိုပြီး ရေသန့်တွေ ရောင်းတော့တာပါပဲ။ 

အဲလိုရေးနေရင်းက မောင်ချိုကျတစ်ယောက် စိတ်ဖောက်ပြီး ကိုယ်ပိုင် ဘလော့ကလေးတစ်ခု လုပ်ချင်လာပါလေရောလား။ ဒါနဲ့ပဲ အရပ်ကူပါ လူဝိုင်းပါနဲ့ ဘာ..ဘာ..... ဘာမှမသိတဲ့ html တွေ template တွေ ဆီပုံးတွေ၊ java တွေ အို….ဘာတွေ ဘာတွေမှန်းကို မသိပါဘူး (ခုထိလည်း မသိသေးပါဘူး :) ။ ဂလိုနဲ့ပဲ မောင်ဖိုးကြယ် ဖြစ်လာပါလေရော။ 

ဘယ်အရာတွေဘယ်လိုပဲပြောင်းပြောင်း ဘလော့ဂါမိတ်ဆွေအပေါင်းကတော့ ဟောင်းမသွားဘူး။ ဘလော့ရေးခဲ့တဲ့ တစ်လျှောက် ရင်နှီးခဲ့တဲ့ ဘလော့ဂါတွေက ချိုပြီးပဲကျကျ ဖိုးပြီးပဲကြယ်ကြယ် အဲအဲ….နွေးထွေးစွာအားပေးလျှက်ပဲ :) ။ ခုချိန်ထိကိုရော၊ နောင်ဘယ်ဘဝအခြေနေရောက်ရောက် မမေ့နိုင်တဲ့ ဘလော့ဂါတွေကို ချရေးလိုက်ဦးမယ်။ (သူများတွေလဲ ဂလိုပဲ ရေးကြတယ် ဟဲဟဲ) 

ပထမဆုံးနဲ့ထိပ်ဆုံးကတော့ အစိမ်းရောင်မင်းသမီးလေး ကျနော့်မမ စိမ်း အဲအဲ ကျနော့်အစ်မ မချော၊ နောက် သူ့ရဲ့ချစ်ချစ်ကြီးအကြောင်းကိုရေးရေးပြီး ကြွားတတ်တဲ့ အစ်မရွှေစင်ဦး (ထမင်းဖိတ်ကျွေးဦးနော် နောက်တစ်ခါလောက် :)) ၊ နောက် လ ပဲကွယ်နေသလိုလို၊ လ ပဲကြပ်နေသလိုလို ဖြစ်ဖြစ်နေတဲ့ မမလသာည၊ နောက် ချိုကျဆိုရင် လဖ္ဘက်ရေပဲ ပြေးပြေးမြင်တတ်တဲ့ အစ်မချစ်၊ နောက် အမြဲတမ်း ကြည့်လိုက်ရင် အေးချမ်းနေတတ်တဲ့ အစ်မဇွန်၊ နောက်ဘလော့မှာ ဘယ်ရောက်နေမှန်းကို မသိရတော့တဲ့ဒေါ်အင်ကြင်းသန့် (မှတ်ထား....ဒေါ်တပ်ပစ်လိုက်ပြီ:)၊ တစ်ယောက်တည်းမနေပဲ မိုးငွေ့နဲ့မှ အတူတူသွားနေတဲ့ အစ်မမိုးငွေ့ဟိုတလောက ပထမဆုရသွားတဲ့၊ “ကျားယို”လို့ ပြောပြောသွားတတ်တဲ့ မွန် (ခုချိန်ထိ ကျားယိုရဲ့အဓိပ္ပါယ်ကို ဘာမှန်းကို မသိသေးဘူး :D)၊ နောက် အိမ်ထဲမှာ တစ်ယောက်ထည်းနေပြီး ပျောက်ပျောက်နေတယ်ဆိုတဲ့ အစ်မ မအိမ်သူ၊ နောက် ကျနော့်အစ်ကိုကြီး လူပျိုကြီး ကငြိမ်းနိုင်၊ နောက် အစ်ကိုကြီး လူပျိုကြီး လူပျိုအကြီးကြီး (အဲအဲ နဲနဲများသွားပြီ ):P....ကိုကြီးမြစ်၊ နောက် တစ်ခါတွေ့ရင် တစ်ခါပုံပြောင်းသွားတဲ့ ညီလေးညီသူ၊နောက် ဇာတ်လမ်းကောင်းလေးတွေကို လည်ရှည်အောင် စောင့်ဖတ်ရလောက်အောင် ရေးတတ်တဲ့ ကိုကြီးဆိုစီ၊ ဟိုတလောက မန္တလေး ပြန်သွားမှ အရှင်လတ်လတ်ကြီး တွေ့ဖူးခဲ့တဲ့ နတ်ဆိုးလေး (တွေ့ခဲ့တုန်းက လူပါ )၊ နောက် blackroze လို့ခေါ်ပေမယ့် black လို့ပဲခေါ်တဲ့ ခံစားမှုသံစဉ်လေး၊ နောက် လူ့လောကထဲကို ကလေးလေးတစ်ယောက် ခေါ်ဖို့ အစဉ်သင့်ဖြစ်နေတဲ့ ဒေါ်ယွန်း၊ နောက် မြန်မာပြည်ကိုလွမ်းတယ်ဆိုပြီး ထပ်မတွေ့ရတော့တဲ့ ညီမလေး ပျိုမွန်လေး၊ နောက် ဝဋ္ဋ်နာ ကံနာ ညီရဲသစ်... အဲလေ ယောင်လို့ ....ဝဋ္ဋ်နာ ကံနာဆိုတဲ့ ဝတ္တုတိုလေးနဲ့ စတင်ပြီး ကိုယ်ပိုင်ဘလော့လေး လုပ်ဖြစ်သွားတဲ့ သူငယ်ချင်း black coffee ။ နောက်သူငယ်ချင်းပုံမှန်ပြောတဲ့ ယောဂီရောင်ဝတ်စုံလေးနဲ့ မိုး

ဒီအထဲမှာမှ တွေ့ဖူးတဲ့ ဘလော့ဂါတွေလည်းရှိသလို မတွေ့ဖူးတဲ့ ဘလော့ဂါတွေလည်းရှိတယ်။ ဘာပဲပြောပြော ဒီဘလော့ရပ်ဝန်းလေးထဲမှာ တွေ့ဆုံခဲ့တဲ့ ညီအစ်ကိုမောင်နှမများကိုတော့ ဒီဘလော့ဒေးလေးနဲ့အတူ  ဘဝတစ်လျှောက်လုံးထိ ဘယ်နေရာရောက်ရောက် သယ်သွားဖြစ်မှာကတော့ သေချာတဲ့ ခံစားချက်ကလေးတစ်ခုပါပဲ ။

Thursday, August 18, 2011

ဧရာဝတီအတွက် တိုလွန်းတဲ့ကဗျာ



ရာဇဝင်ထဲမှာချပြထားခဲ့တဲ့နေ့ရက်တွေက
လတ်ဆတ်ဆဲသူ့အလှလို
ဟောင်းမသွားတာကိုက
တစ်မျိုးလှနေတာ....။

သူ့ရင်ခွင်ကိုစတေး
သမိုင်းတစ်လျှောက်ကျွေးမွေးပြီး
တစ်သွေးတစ်မွေးလှစေတာလည်း
သူ့ကြောင့်...... ။

ကံကြမ္မာရယ် မမှောက်မှားလိုက်ပါနဲ့
ထောက်ထားစေလိုတဲ့အတွေးတွေနဲ့အတူ
မျှော်လင့်ချက်လေးတွေလည်း
တဒေါက်ဒေါက်ကျလို့.....။

သူ့ကိုကြည့်ရင်း ငါတို့ကိုယ်တိုင်ကိုပြန်ကြည့်ရင်း
တိမ်ခိုးဝေနေတဲ့ မျက်ရည်ရာသီတွေ
ကျင်းပရတော့မှာတဲ့လားကွယ်......။

ဧရာဝတီရယ်.......
တစ်ကယ်တော့နင်ဟာ
အားလုံးထက်ကမြစ်တစ်စင်း
အဲဒီနှင်းခါးတွေမကွဲသ၍တော့
အားလုံးနဲ့အတူတူ
စုန်းကဝေမြူးတဲ့ နှစ်ရူးတွေကို
ဖြတ်.....ဦး.......စို့.........။

Recent Comments