ဘာလိုလိုနဲ့ပေါ့ ဒီမှာနေတာ ၄နှစ်ပြည့်တော့မယ် ။ ဆိုတော့ကာ ဟိုနေ့ကပဲ ဆက်ပြီးနေထိုင်ဖို့အတွက် company နဲ့ပြောဆိုဆွေးနွေးပြီးတဲ့ သကာလ စာအုပ်ဝယ်ဖို့လုပ်ရပါတော့တယ် ။ ဘာစာအုပ်လဲလို့ မမေးပါနဲ့ဦး ။ နောက်တော့ပြောပါ့မယ် ။ ဒီလိုပါ အဲဒီစာအုပ်ကလေးက မရှိမဖြစ်ဆိုပါတော့။ သူက တော်တော်လေးအရာရောက်ပါတယ် ။ သူ့ကိုဝယ်ဖို့ တော်တော်လေးလည်း အလုပ်ရှုပ်ရပါတယ် ။ စိတ်လည်းရှည်ရပါတယ် ။ ဈေးလည်းတော်တော်လေးကို ကြီးပါတယ် ။ တစ်ခါဝယ်ဖို့အရေး တန်းစီရတာကို တော်တော်ကြာပါတယ် ။ လူတွေများလွန်းလို့ စီထားတဲ့ လူတန်းကြီးဟာ စာအုပ်ရောင်းတဲ့ ဆိုင်အပြင်ကိုတောင် ရောက်ပြီး ကွေ့ကာဝိုက်ကာနဲ့ကို သွယ်တန်းနေပါတော့တယ် ။ ဘာပဲဖြစ်ဖြစ် လူတွေက အဲဒီစာအုပ်ကလေးရဲ့ တန်ဖိုးကျသင့်ငွေလေးတွေကို [ ငွေလေးလို့ပြောတာမကျေနပ်ရင် ငွေကြီးလို့ပြောင်းဖတ်လို့ရပါကြောင်း :) ] ဆုတ်ကိုင်ထားကာ မရှည်တဲ့စိတ်ကို ဆွဲဆန့်ပြီး ရှည်အောင်ကိုစောင့်နေကြပေါ့ ။ အဲဒီလူတန်းကြီးမှာ အနှီမောင်ဖိုးကြယ်လည်း အပါအဝင်ပါ ။ ဒီလိုနဲ့ တစ်ရွေ့ရွေ့နဲ့ ချီတက်လာလိုက်တာ မောင်ဖိုးကြယ်ရှေ့မှာ နှစ်ယောက်ပဲလိုတော့တယ်ခင်ဗျ ။ နဲနဲလည်းဝမ်းသာစပြုနေပါပြီ ။ အဲဒီအချိန်မှာပဲ မောင်ဖိုးကြယ် ဘွားခနဲ မြင်လိုက်တာတစ်ခုကြောင့် ရီရမလို ငိုရမလိုတောင်ဖြစ်သွားရပါတယ် ။ သေသေခြာခြာထပ်ကြည့်ပါတယ် ။ မှားနေမှာစိုးလို့ပါ ။ ဟုတ်ကဲ့ မမှားပါဘူး သေသေခြာခြာ ကိုမှန်ပါတယ် ။ အဲဒါနဲ့ blog မှာစာလာဖတ်တဲ့ ထောင် သောင်း သိန်း သန်း သောပရိသတ်ကြီးအား :) မျှဝေလိုဇောနဲ့ ဓာတ်ပုံရိုက်ယူလာခဲ့ပါတယ် ။ ရိုက်ထားတာက ကွယ်ကာဝှက်ကာ ဆိုင်ရှင်တွေမမြင်အောင် ရိုက်ခဲ့ရတာဆိုတော့ နဲနဲ ဝါးတားတား ဖြစ်နေပါတယ် ။ ဒါပေမယ့် အရှင်းကြီးပါ ။ မြင်သူတိုင်း နှစ်ခါကြည့်စရာမလိုပါဘူး :) ။
နောက်တော့ မောင်ဖိုးကြယ် အလှည့်ရောက်လို့ လက်ထဲက ကိုင်ထားတဲ့ ပိုက်ဆံကို မပေးချင်ပေးချင်နဲ့ ပေးပြီး အဲဒီစာအုပ်အနီရောင်လေးကို ယူလာခဲ့ပါတယ် ။ နောက်ဆုံးတော့ ရခဲ့ပါပြီ ။ ဒါပေမယ့် မြင်ခဲ့ရတဲ့ မြင်ကွင်းကြောင့် မအီမလည်ကြီးတော့ ဖြစ်သား :) ကြည့်ကြပါကုန် ပရိတ်သတ် :) ။
အနှစ်ချုပ်ဆိုရသော်....လူသည်ရေနှင့်တူ၏ ၊ ရေသည်ငွေနှင့်တူ၏ ဆိုသော် ကန်သည် မည်သည့်အရာနှင့်တူပါသနည်း :))) ။