Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Sunday, December 12, 2010

ကျေအေးစေကြောင်းကဗျာ

တစ်ရက်တစ်ရက်နဲ့
နိစ္စဓူဝဆက်ထုံးတွေကြား
ချစ်သူ့အနားဖဝါးဘယ်လိုထပ်ရပါ့
နေ့ရက်တွေခါးတယ်........
လေပြေအလာမှာပွင့်မယ်လို့
ကိုယ့်ကိုကိုယ်ပြန်သီရပေါင်းများပြီ
တစ်ကယ်တော့သံစဉ်တွေသီကျူးရင်း
ကိုယ့်စောင်းကြိုး ကိုယ်ပြန်ဖြတ်မိသလို
တမ်းတမှုတွေကိုအဖော်လုပ်ရင်း
မျှော်လင့်ချက်တွေတစ်ဖြုတ်ဖြုတ်ကြွေကျ
စေလိုရာစေဘဝမှာ
ချစ်သူနဲ့ငါရေလိုက်လွဲ
နေ့ရက်တွေတိုင်းမိုးသဲနေတယ် ။
မသာယာတဲ့နေရက်တွေရေ.......
ကံကြမ္မာလေချိုပြန်အသွေးမှာ
အစိမ်းရောင်နေ့ရက်တွေစတေးနိုင်ဖို့
ဆုံနိုင်ခွင့်သံချိုတေးဖွဲ့
ဒီကဗျာနဲ့အတူကျေအေးလှည့်တော့....။

Thursday, November 18, 2010

ရင်ခွင်တစ်ခြမ်းနဲ့လွမ်း

ရင်နင့်အောင်လွမ်းတဲ့အဲဒီချစ်သောင်ကမ်းမှာ
ယောင်ယမ်းကာအတွေးလေမှာနှင်တော့
အတိတ်လွင်ပြင်မိုးတိမ်မည်းတို့
မခို့တရို့နှယ်ကြည်စယ်ဆော့ကစား
ချစ်သူရဲ့နှုတ်ဖျားက
မုသားတွေထုတ်အကြွားမှာ
အချစ်ဆိုတာမချိုပဲ ခါး.......။

နားခိုစရာချစ်ခြင်းဖွဲ့ကာရံထက်
သံစဉ်တွေကျိုးပျက်လောင်ကျွမ်း
ဒီမောင်လွမ်းတော့ဘယ်သောင်ကမ်းဝယ်
ရည်ရွယ်သူမေ့သဘောကို
အငိုမျက်လုံးနဲ့ဘယ်လိုပြုံးရပါ့.....။

       သွားပါစေကွယ်........
ဒီကံရယ်ခေလေသမျှ
ဝေသာဝေမျက်ရည်တွေပေါ့
နေပါစေကိုယ်မသုတ်ဘူး
ရူးလောက်အောင်ခံစားမိတဲ့ရင်ခွင်
မှတ်လောက်အောင်ကြမ္မာငင်စမ်း
ရင်ခွင်တစ်ခြမ်းနဲ့ပဲ
လွမ်း....တော့.....မယ် ။

Thursday, November 11, 2010

ကဗျာရဲ့" ငါ "

မခံချင်စိတ်တစ်ခုရယ် ဝမ်းနည်းခြင်းတရား ခပ်ပါးပါးတစ်ခုရယ်က အကြောင်းပေါင်းသင့်မှုတစ်ခုကို ဖန်တီးပြီး ညတစ်ဝက်တစ်ပျက်မှာ ကဗျာဟာ ဧရာဝတီကို စွန်ခွာခဲ့ပေါ့။ 

အပြုံးတုတဲ့..... ဘယ်ရာသီမှာမှ မပွင့်ဖူးတဲ့ပန်းလို အမည်နာမတပ်မရပဲ မျက်နှာပေါ်မှာ တွဲလောင်းဆွဲတတ်ခဲ့ပြီ။ 

ငါသာယာတဲ့ ငါ့ရဲ့ရွာလေးရေ...... ဖြူစင်မှုတွေနဲ့အတူကျန်ရစ် ရာဇဝင်ရဲ့အစ မြစ်ဖျားခံရာဒေသပေါ့။ တစ်လှမ်းဝေးလေ အစိမ်းဓာတ်ထဲ စိတ်တွေချချစတေးရင်း အယူတိမ်းမှာ စိုးမိတယ်။ အစိမ်းဓာတ်ထဲက တိမ်းစောင်းနေတဲ့ အတ္တတွေလေ အမှန်တရားလို ဟန်ဆောင်ကိုးကွယ်ကြ တစ်ခါတစ်ခါ တွေးမရချင်တော့ဘူး။ မီးများမီးနိုင်တဲ့ အတ္တများရင် ပူလောင်တယ်။ 

ငါ...ငါ...ငါ...အရာရာကို ငါ နေကြ။ ငါ နေရင်းက ငါက ပျောက်ဆုံး ကဲ...ခင်ဗျားတို့ ငါတွေ သုံးကောရသေးရဲ့လား။ တစ်ဘဝစာသာယာဖို့ ငါ တွေကိုရှေ့တန်းတင် ပုပ်အဲ့အဲ့ ရင်ခွင်တွေနဲ့အတူ ငါ့အယူအဆ ငါ့ဝါဒနဲ့ မမြဲခြင်းတရားနား လက်တစ်လုံးခြား လှည့်ဖျား မြင်နေရတာ ခါးလိုက်တာ။ 

အတွေးသက်သက်ပါပဲ လာမေးခဲ့ရင်လည်း ကဗျာမှာ ငါ ရှိတာပဲ။ ဒီလိုပေါ့ ကဗျာက ငါကိုကိုင်စွဲ ချစ်ခြင်းတွေ ဖြန့်ဖြန့်ကျဲတတ်လေရဲ့။ 

ကဗျာဟာ ငါကိုကိုင်စွဲ လွဲနေခဲ့ရင်တောင် အဇတ္တတွေ မမှောင်စေရဘူး။ 
ကဗျာဟာ ငါကိုကိုင်စွဲ လူတစ်အုပ်နဲ့ ပတ်သက်လာရင် သွေးနည်းနည်းကျဲတတ်လေရဲ့။ 
ကဗျာဟာ ငါကိုကိုင်စွဲ လွဲနေတဲ့အကြောင်း တစ်စေ့တစ်စောင်းလောက်တော့ ပြောတတ်တယ်။ 
ကဗျာဟာ ငါကိုကိုင်စွဲ ကြွေးဟောင်းတွေလည်း ဆပ်နေဆဲပဲလေ။ 
ကဗျာဟာ ငါကိုကိုင်စွဲ ချစ်တဲ့အရိပ်နဲ့ ချစ်သူရဲ့စိတ်ကို အေးမြစေချင်ရဲ့။ 

နောက်ဆုံးတစ်နေ့ပေါ့... ကဗျာဟာ ငါကိုစွန့်လွှတ် ကဗျာမှာ ငါ မရှိတော့ရင် ငါဟာကဗျာ တစ်ပုဒ်မဟုတ်ဘူး။ ငါ ဆိုတာမှာ ကဗျာမရှိတော့ဘူး။ ကဗျာက ကဗျာဝါဒနဲ့ ဆက်လက်ရှင်သန်ပြီး ငါ ဆိုတဲ့အရာက အတ္တတွေရဲ့ သရုပ်လွန်ကခွာဖို့ ငါ ဆိုတာကျွတ်အောင် ငါ့တေးသွားငါ အကြိမ်ကြိမ်ရွတ်ရဦးမှာပေါ့......။

Saturday, November 6, 2010

ကြယ်နှင့်အတူ

အဲဒီနေ့လေးဆီကပေါ့ ရသတွေ အရည်ဖျော်ပြီး ပျော်ရွှင်မှုတွေကို ကြယ်လေးက ခေါ်ဆောင်လာခဲ့တယ်။

စိတ်တွေခေါက်တုံ့ခေါက်ပြန်နဲ့ အဲဒီနေ့ရဲ့ rhythm တွေနဲ့အတူ ကခုန်ပျော်မြူးတော့ ဘယ်သူခေါ်ခေါ် ပြန်မထူးမိဘူး။ 

အဲဒီနေ့လေးမှာပေါ့ ကြယ်လေးက နက္ခတ်တေးသွားတွေနဲ့ နွေးထွေးတဲ့လက်တစ်စုံမှာ အလင်းစတွေတပ်ပြီး ကျွန်တော့်မွန်းကြပ်မှုတွေကိုဖြေဖို့ မောဟတွေကို သေစေခဲ့တယ်။ 

အလင်းစတွေရယ် ကျေးဇူးတင်လိုက်တာ။ ကျွန်တော်ခူးဆွတ်မိတဲ့ အမှောင်တွေမှာ ကြယ်လေးကသာ အလင်းစတွေနဲ့အတူ ကျွန်တော့ရူးသွပ်မှုတွေကို လူလားမြောက်စေခဲ့တယ်။ 

ရက်စွဲအသေတွေရေ.....နေခဲ့လိုက်တော့။ တကယ်တော့ ချစ်ခြင်းတစ်ခုရဲ့ ရင်ဝှက်တေးဆိုတာ နှစ်ကိုယ်တူဘဝတွေရဲ့ အဝေးမှာမဟုတ်ဘူး။ ကြယ်လေးရဲ့အလင်းရောင်ကြောင့် တွန့်ခေါက်နေတဲ့ ရင်ထဲက တောင်တန်းလေးလည်း ပြေလို့ ဇာပနအသေတစ်ခုလို နိဂုံးချုပ်လို့ရတယ်။ 

တစ်နေ့တော့ ရောက်နိုင်ပါစေ။ ကြယ်လေးရဲ့ ပြတင်းပေါက်တွေကတစ်ဆင့် ဘဝရဲ့ ကံဆင့်ဆင့်ကို ရဲရင့်ခြင်းတွေနဲ့ ဆွဲဖွင့်လိုက်ချင်ပါရဲ့။ 

ကဲ.....အရှေ့ဆီမှာ ဆိုတာဘာလဲ။ မျက်နှာပေါ်မှာ ဘာတွေတင်ကြမလဲ။ ပျော်ရွှင်မှုတွေနဲ့အတူ ချစ်ခြင်းတွေကို တန်ဆာဆင်မလား။ မျက်နှာများတဲ့ ကံဇာတာတွေထက်မှာ တစ်ယောက်ရဲ့တေးသွား တစ်ယောက်ကြားဖို့ ဘယ်မြို့ရိုးရှေ့မှာ မားမားရပ်မလဲ။

ကြယ်လေးရေ.......တွေးမရခြင်းတွေက လက်မှိုင်ချဖို့မလို ကြိုဆိုချင်နေတဲ့ နေ့စွဲတွေအတွက် နေအထွက်မှာ အပြုံးတွေစက်လက်နဲ့  တို့........ပြေးထွက်ကြပါစို့ ။

Sunday, October 31, 2010

ဆေးဖက်ဝင်တေး

ဘယ်အရပ်ကလာလာငါ့ကိုနှိုးပါ
နင်ဟာငါ့ရဲ့ကြယ်တစ်ကောင်
အလင်းရထားတစ်စင်းခုတ်မောင်းသွား
ရင်ခွင်ကြားကချစ်ခြင်းဖွဲ့ဂီတနဲ့အတူ
လူတွေရဲ့ပါးစပ်ပေါက်တစ်နံတစ်လျား
ငါတို့ချစ်ခြင်းတွေမြစ်ဖျားခံတယ် ။
ကဲ.....ဘဝကိုဘာနဲ့ စ ကြမလဲ
လက်ထဲမှာ ဗလာသက်သက်မဟုတ်ပေမယ့်
စိတ်တွေကအဖုံးအကာတွေပြည့်နှက်
ရက်တွေကလည်းဆက်ထုံးတွေများခဲ့ပြီ
ယက္ကန်းစက်ကချည်တွေလို
များပြား၊ လွန်းထိုး၊ ငြိခတ်
အရောင်တောက်နေတဲ့ပိတ်စအတွက်
ငါတို့စိတ်တွေရှုပ်ထွေး
ငါတို့ကမ္ဘာသစ်တေးသွားက
သူတို့ပါးစပ်ပေါက်တွေလောက် မခါးသက်ပါစေနဲ့ ။
အချိန်ဘယ်လောက်ပဲကြာကြာ နင်လာနှိုးပါ
အမှောင်မှာတစ်ယောက်ထဲ ငေါင်ငေါင်နေရတာထက်
အလင်းစတွေရဲ့အလယ်မှာ
ငါ့ရာသီကို သီကျူးခွင့်ပေးပါ
ငါ့တို့တေးသွားငါတို့ကိုယ်တိုင်ကြားဖို့
ငါတို့ဘေးနားငါတို့ဆေးဖက်ဝင်ဖို့
ငါတို့တွေးသလောက်ငါတို့ရောက်ဖို့
ငါတို့ကိုယ်တိုင်သီကုံးရေးဖွဲ့
ဘဝအတွက်ဆေးဖက်ဝင်မယ့်တေးကိုပေါ့ ။

Monday, October 25, 2010

သုံးဆယ့်ခြောက်နှစ် (၁၉၇၄ - ၂၀၁၀)

 အနတ္တတွေးမရခြင်းက ဒီမှာစပါတယ်။ ဘယ်လိုကြောင့်ပါလိမ့်....။

သူ့ရင်ခွင်ထက်က ပညတ်ချက်တွေက ဝေဝါးနေလို့လား။ အရာရာဟာ အရင်အတိုင်းပါပဲ။ လွဲနေတာက ဘာလဲ။

ကဲတွေးလိုက်ပါဦး။ သူဟာ သူပါပဲ ။ ဒုက္ခတွေကို ပန်းလိုဝေအောင် သူမဆောင်ကျဉ်းခဲ့သလို မျက်ရည်တွေ ပြိုကျခဲ့တဲ့ နေ့စွဲတွေထက်မှာ သူမသာယာခဲ့ပါဘူး။

ဒီနေရာပေါ့...... သူဟာ အရာရာရဲ့ရှေ့မှာ နေပေးခဲ့တာ။ ဘာများ မှားနေလို့ပါလိမ့်....။ တစ်ကယ်တော့ လေရူးတွေတိုက်ခံရတာပါ။ တစ်ကယ်ဆို ဒီနေရာမှာ သူနေဖို့ သူ့ကိုယ်သူ ရွေးချယ်ခဲ့ခြင်း မဟုတ်ပါ။ ထားရာမှာ နေပါတယ်။ စေရာကို သွားပါတယ်။

သူ့ကို မမွေးခင်က အရာရာတိုင်းအတွက်ရော၊ မွေးချင်းတူတဲ့ အရာရာတိုင်းအတွက်ရော၊ နောက်မှမွေးဖွားခဲ့တဲ့ အရာရာတိုင်းအတွက်ရော သူဟာ သင်္ကေတ သဘောဆောင်ပေးခဲ့တယ်။ နောင်လည်း သူဟာ အရာရာတိုင်းအတွက် ကိုယ်စားပြုနိုင်လိမ့်မယ် ထင်ခဲ့တယ်။

ကဲ......ခုတော့ဖယ် တဲ့။ ဟုတ်ကဲ့...... ရပါတယ်။ ဖယ်ဆိုလည်း ဖယ်ပါ့မယ်။ အရာရာတိုင်းရဲ့သဘော စစ်ကြောချင်မှ စစ်ကြောမယ်။ လေရူးတွေရဲ့ သဘောထားမှာ လှေတွေပါ လိုက်လူးကုန်ကြပေါ့။

ကဲ...ဟုတ်ပါပြီ သူ့ထက်ကြီးရင့်တဲ့ သူတွေအားလုံးရေ..... သူနဲ့ရွယ်တူမိတ်ဆွေတွေရေ..... သူ့ထက်ငယ်တဲ့ ညီ၊ ညီမလေးတို့တွေရေ..... နှုတ်ဆက်ပါတယ်။ သူဒီနေရာမှာ မရှိတော့ပေမယ့် အရာအားလုံးရဲ့ရင်ထဲ သူဟာ ထာဝစဉ်အမြဲ ဒီနေရာက ဒီနေရာပါပဲ။ ဒါကို သူလည်းသိပါတယ်။ ဝမ်းနည်းမျက်ရည် နေ့စွဲတွေကို အေးခဲသာထားလိုက်ပါတော့။
                        
" ကဲ...သူလည်း သုံးဆယ့်ခြောက်နှစ်ပြည့်ခဲ့ပြီပဲ..... "

Friday, October 22, 2010

ကြယ်အလင်း

စိတ်တွေကိုဖွင့်ထုတ်လိုက်ဖို့
ကြယ်လေးရေ.....
သေသေချာချာလင်းပါလော့
ရက်လွန်အကြောင်းအရာတွေကို
ငါ့ခေါင်းထဲကထုတ်ပစ်
ချစ်ခြင်းတွေနဲ့မွန်းမံထားတဲ့မြား
ဘဝခါးချင်သလောက်သာခါးစေ
ငါတင်မယ့်လေးအတွက်
ငါ့အားအင်တွေကဖေးမလိမ့်မယ်......ကွယ်
ဒီတစ်ခါနင်လင်းတဲ့အခါ
နင့်ရဲ့အရိပ်မှာ
         ငါအိပ်စက်ပါရစေ....... ။

Tuesday, October 19, 2010

ခြေလှမ်းတွေ.......

အဲဒီထန်းတစ်ဖျားဆီမှာနေကွယ်တော့
ငါ့ချစ်ခြင်းတွေပေါ့
တောင့်တမှုတွေအောက်မှာ
တစ်လက်လက်တောက်တယ် ။
နောက်တော့
ခြေရာအစအနဟောင်းလေးတွေကို
ရင်တစ်ကိုယ်အေးမြစေဖို့
ငါ့မှာပြန်ပြန်မျိုနေရပေါ့ ။
စိတ်ရယ်..........
မငိုပါနဲ့
ငါလိုကောင်ရဲ့အရိပ်က
ရွှေလိုအရောင်တောက်မနေဘူး
ရူးသွပ်မှုတွေသာထည့်ထည့်ပြီး
ရှင်ရှင်နေရတဲ့ဘဝမှာ
ကြယ်စင်တွေငါ့အပေါ် ခ ဖို့
မသေရုံတမယ် ကြွ နေရတဲ့
ခြေလှမ်းတွေလေ ။

Saturday, October 16, 2010

အိမ်မက်ရာသီ

အဲဒီညက ခခယယနဲ့ကို ငါ့စိတ်တွေမူးတယ်။ တကယ်ကိုမလှပဘူး။ ကံကြမ္မာက မှောက်လိုမှောက် လှန်လိုလှန် ငါ့စိတ်ရာသီတွေလည်း ရင်ခုန်သံတွေထဲ ပျာယာကိုခပ်တယ်။ ဘယ်လိုပါလိမ့် တွေးမရခဲ့တာကနေ့လည် အိမ်မက်တစ်ခုရဲ့ အစမှာပေါ့။ မသာယာဘူး အိမ်မက်ကို တေးထားလိုက်တယ်စိတ်ထဲမှာ။ နောက်တစ်ခါကြုံရင်ပေါ့။ ဒါရိုက်တာတစ်ယောက်လောက်ငှားပါ။ အိမ်မက်ကိုပြင်ရအောင်လို့။

ညက ချစ်သူစိတ်ဆိုးတယ်။ မီးကျိုးမောင်းပျက် စကားလုံးတွေ သဲ့သဲ့နဲ့ချစ်သူကိုချော့တော့ တေးသွားတွေပေါ့ အလီလီပြန်ကျော့ရတယ်။ တော်ပါပြီ အိမ်မက်တွေရယ် နာရီတွေတောင် သူ့ကြောင့် ကြွေကြွေကျပေါ့။ ကျွန်တော်လည်း အိပ်ချင်လို့ အိပ်တာ အိမ်မက်တွေမပါစေချင်သလို ချစ်သူကလည်း စိတ်မဆိုးချင်ပဲ စိတ်ဆိုးခဲ့ရတယ်။ ကျွန်တော်ကတော့ ဒီလိုပဲထင်တယ်။ တစ်ကယ်တော့ အိမ်မက်ဆိုတာ မက်တိုင်းမကောင်းသလို ကောင်းတဲ့အရာတွေပဲ မမက်တာခက်တယ် ချစ်သူရယ်။

တစ်ကယ်တော့ ခံစားချက်တွေဆိုတာ ရင်မှာပွင့်တဲ့ပန်းလို ခပ်လှမ်းလှမ်းမှာ ရှိမနေဘူး။ ရူးသွပ်မှုဆိုတာ တစ်ကိုယ်တော်ဆန်ပါတယ်လေ။ ကဲ....မြောက်ပြန်လေညှင်းရေ ပန်းခင်းထက်က လမင်းသာမှုတွေကို သယ်ယူလိုက သယ်ယူသွားပါ ရနံ့လေးတော့ထားခဲ့ပေါ့။ ဒီညတော့ အတွေးတွေ ပန်းဝင်နိုင်ဖို့ နွေနေပူမှာ ဝါးကူထိုးရဦးမယ်။ ငါ့ရဲ့ အိမ်မက်ရာသီတွေရယ် သူစိမ်းဆန်လိုက်တာလွန်ရော။ ကံကြမ္မာဆိုတာ ကွမ်းတစ်ယာဝါးတာလောက်ကိုမကြာဘူး။ တစ်ခါတစ်လေတော့လည်း ဘဝတစ်ခုလုံး အပိုင်းအခြားထိကို အချိန်တွေ တာသွားပြန်ရော။ မလောပါနဲ့ မိတ်ဆွေ..... မဖိတ်ခေါ်နိုင်သမျှ ချစ်သူကို လွမ်းနေရတာ ကြာပေါ့......။

Thursday, October 14, 2010

ဗလာပြဇာတ်

ခေါင်းကိုမော့ ရင်ကိုကော့ထားတယ်
ဟိုအရင် ခောတ်ဟောင်းတိမ်တွေရယ်
သက်ငြိမ်တေးသွား တစ်ခုမှာနိုးထ
ကဗျာအစက ဘဝတဲ့ ။
ရင်ကြားစေ့မယ့် တေးသွားထက်မှာ
အကြိမ်ကြိမ်အခါခါရင့်ကျူး
မူးနေတဲ့ကြယ်တံခွန်ပေါ့ ။
ရင်ခွင်အစုတ်တစ်ထည်မှာ
လက်ကြားက ယိုယိုကျတတ်တဲ့
တေးထပ်တွေရှိရာ
ငါပြေးထွက်
မြို့ပြကဗလာသက်သက်တဲ့ ။

Tuesday, October 12, 2010

ကြယ်ရေ..........

ကြယ်ရေ..........တမ်းတမှုတွေကိုသာချိန်ဆလို့ရရင် တိမ်တိုက်အစအနတွေဆိုတာ ဟိုး.....အောက်မှာပေါ့

ကြယ်ရေ.........ခြောက်ကပ်ကပ်နေ့ရက်တွေကို ငါကျော်ဖြတ်တော့ ရင်မှာမီးတောက်တွေပဲ ပဲ့ပဲ့ကျတတ်လေရဲ့

ကြယ်ရေ.........တောင်းတမှုတွေဆိုတာ ရင်မှာမဆန့်လွန်းတော့ ရောင်နီတွေအနောက်ဆီ ယွန်းမှာ     ငါကြောက်ကြောက်လာမိတယ်

ကြယ်ရေ.........တစ်ခါတစ်လေပေါ့ အလွမ်းတွေ ထထနင်တဲ့အခါ နင့်အလင်းစတွေကို ငါ့ရင်မှာဗဟိုပြုရင်း အချိန်ရာသီခွင်တွေထဲ မုန်တိုင်းတွေသည်းတတ်လေရဲ့

ကြယ်ရေ.........ကောင်းကင်မှာ ကြယ်တွေများသလောက် နင့်လောက် ဘယ်ကြယ်တစ်ကောင်ကမှ ငါ့နှလုံးသားသည်းခြေထိဆင်း လင်းပေးနိုင်မယ် မထင်ဘူးကွယ်

ကြယ်ရေ.........အတုအပမဟုတ်တဲ့ မီးပြတိုက်တစ်ခု တံလျှပ်မဟုတ်တဲ့ရေ ရောင်စုံခြယ်သက်တံတို့ ငါ့နှလုံးသားအထိစိုက်ဆင်း ရသတွေအချင်းချင်းလှော်ခတ် ခံစားချက်တေးထပ်တွေနဲ့ လောကရဲ့ အမှောင်တွေကို ငါတံခါးခေါက် ဘဝအတွက် အလင်းတို့ရောက်ရှိစေ......။

Recent Comments