Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Friday, September 23, 2011

ဧရာဝတီအတွက်

ရာဇဝင်ထဲမှာချပြထားခဲ့တဲ့နေ့ရက်တွေက
လတ်ဆတ်ဆဲသူ့အလှလို
ဟောင်းမသွားတာကိုက
တစ်မျိုးလှနေတာ....။

သူ့ရင်ခွင်ကိုစတေး
သမိုင်းတစ်လျှောက်ကျွေးမွေးပြီး
တစ်သွေးတစ်မွေးလှစေတာလည်း
သူ့ကြောင့်...... ။

ကံကြမ္မာရယ် မမှောက်မှားလိုက်ပါနဲ့
ထောက်ထားစေလိုတဲ့အတွေးတွေနဲ့အတူ
မျှော်လင့်ချက်လေးတွေလည်း
တဒေါက်ဒေါက်ကျလို့.....။

သူ့ကိုကြည့်ရင်း ငါတို့ကိုယ်တိုင်ကိုပြန်ကြည့်ရင်း
တိမ်ခိုးဝေနေတဲ့ မျက်ရည်ရာသီတွေ
ကျင်းပရတော့မှာတဲ့လားကွယ်......။

ဧရာဝတီရယ်.......
တစ်ကယ်တော့နင်ဟာ
အားလုံးထက်ကမြစ်တစ်စင်း
အဲဒီနှင်းခါးတွေမကွဲသ၍တော့
အားလုံးနဲ့အတူတူ
စုန်းကဝေမြူးတဲ့ နှစ်ရူးတွေကို
ဖြတ်.....ဦး.......စို့.........။

@@@@@@@@@@


တိုက်တိုက်ဆိုင်ဆိုင်ပါပဲဗျာ အမိ ဧရာဝတီအတွက် ဘလော့ဂါမောင်နှမအားလုံး ၂၃ရက်နေ့မှာ ကလောင်တိုက်ပွဲ ဆင်နွှဲကြမယ်လို့ သိလိုက်ရတဲ့အချိန်လောက်ကစပြီးတော့ပဲ အလုပ်တာဝန်တွေက ပုံကျလာလိုက်တာ မအားမလပ်နိုင်လောက်အောင်ပါပဲ။ မအားအားတဲ့ကြားက ပိုစ့်တစ်ပုဒ်ရေးဖြစ်အောင်ရေးမယ်လို့ အားခဲထားခဲ့ပေမယ့် အချိန်က စေ့သွားပြီမို့ ဧရာဝတီအတွက်  အရင်က တင်ခဲ့ဖူးတဲ့ ကဗျာအဟောင်းလေး ကိုပဲ ပြန်တင်လိုက်ပါတယ်။

"ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ကျွန်တော် အကြွင်းမဲ့ ကန့်ကွက်ပါတယ်"

Sunday, September 18, 2011

မျက်နှာဖုံးများရဲ့အဇ္ဇျတ

နေသားမကျခဲ့တဲ့ ဘဝထဲက နေ့တစ်နေ့မှာ ကိုယ့်အလံ ကိုယ်ထူပြီး မျက်နှာဖုံးတွေ ရှိတဲ့အရပ် လှမ်းတက်ခဲ့မိတယ်။ ဘဝအစ မဟုတ်ခဲ့ပေမယ့် တွေ့လိုက်ရတဲ့ အရာရာကတော့ အသစ်အသစ်တွေပဲ။ နားလည်ချင်ယောင် ဆောင်ကြတာတွေနဲ့အတူ ဆေးဆိုးပန်းရိုက် နားလည်မှုတွေရယ်၊ ညှီစော်နံနေတဲ့ အပြုံးတွေရယ်က အကြည်ဓာတ်ကို ပြည်ဖုံးကားချကြတယ်။ အဲဒါကြောင့် အဲဒီအရပ်မှာ တိမ်ထူပြီး လေပူတိုက်တယ်။ အဲဒီအရပ်ဆီကပဲ အမျှဝေသံတွေ ဆူညံတယ်။ တကယ်တော့ ကြက်ဆူပင်တွေရဲ့ လေးတင်သံတွေပါပဲ။ အဲဒီအရပ်ပေါ့ ကန္တာရရဲ့ မာယာနဲ့ အိုအေစစ်အသွင် ဆောင်တယ်။ မျက်နှာဖုံးတွေ ကတဲ့ဇာတ်မှာ ဘဝကို သံစဉ်တူဖို့ စိတ်ကို အခါခါ ပင့်တင်ထားရတယ်။ မျက်နှာဖုံးတွေ အူတဲ့အရပ်မှာ မတူတာတွေ လွှတ်ချနိုင်ဖို့အရေး မနက်ဖြန်ပေါင်း များစွာလည်း စွန့်လွှတ်ခဲ့ပြီးပြီ။

မျက်နှာဖုံးတွေပေါ့ သူတို့ကိုယ်သူတို့ အလှဆင်ဖို့ သားကောင်တွေ ချချနင်းတယ်။ နောက်တော့ မျက်နှာဖုံးတွေက မျက်နှာဖုံးတွေ ပြန်ဖြစ်သွားတယ်။ အရာရာဟာ နေသားကျတယ်။ ငါ့ကိုယ်ငါလည်း မိုးလင်းအောင် လုပ်ရဦးမယ်။ အဲဒါကြောင့် မိုးလင်းတာကို ထိုင်စောင့်တယ်။ မိုးက ဖြတ်ခနဲ လင်းသွားတယ်။ ဒါပေမယ့် ငါ့အခန်းထဲထိ အလင်းရောင် ဆင်းမလာခဲ့ဘူး။ မျက်နှာဖုံးတွေအတွက်က အလင်းရောင် မလိုပါဘူး။ အပျင်းဓာတ်ခံ ရှိပြီးသားပဲ။ သားကောင်တွေ ချနင်းတတ်ဖို့ပဲ လိုတယ်။ မနေ့ကတော့ မျက်နှာဖုံးတစ်ခုနဲ့ ငါ စကားနည်းနည်း ပြောဖြစ်တယ်။ သူက အရာရာကို ပေးဆပ်နိုင်ဖို့ သူ့မှာ အရာရာရှိနေဖို့ လိုတယ်တဲ့။ သူ နည်းနည်း စပ်စုလိုက်တယ်။ ပေးဆပ်နိုင်ပေမယ့် ပေးဆပ်ချင်စိတ် မရှိရင်ကော ဘယ်လိုဖြစ်လာမလဲ ဆိုတော့ မျက်နှာဖုံးက တောင်တောင်အီအီ ပြောတယ်။ ပြည့်စုံခြင်းရဲ့ ငြီးငွေ့မှုကို မြင်းဟီသလို တစ်ချက်ထဟီတယ်။ သူက “ရော့” ဆိုပြီး ဓားနဲ့ ပစ်ပေါက်လိုက်တယ်။ မျက်နှာဖုံးက ခြေကားယားလက်ကားယားနဲ့ ရှောင်တယ်။ မင်းဓားပေါက်ခံနိုင်မှ သူများကို ပေါက်လို့ရမှာ ဆိုပြီး သူထွက်လာခဲ့တယ်။ သူ့ကြည့်ရတာ လိပ်တစ်ကောင်နဲ့ ပိုတူတယ်။ ဒါကြောင့် မျက်နှာဖုံးတွေဟာ လိပ်တွေနဲ့ တိုက်ရိုက် အချိုးကျတယ်။

နောက်တော့ မျက်နှာဖုံးတွေရှိတဲ့ အရပ်မှာ ငါ့ကိုယ်ငါ ပြန်ပြီး ချိန်ခွင်ထဲ ထည့်ကြည့်တယ်။ အိုးးးး ကျပ်မပြည့်သေးဘူး။ အတ္တအချိုးအစား နည်းနည်း လိုနေသေးတယ်။ ဒီလိုနဲ့ နောက်တစ်ရက် နောက်တစ်ရက်နဲ့ နေ့ရက်တွေသာ ပြောင်းသွားတယ်။ မျက်နှာဖုံးတွေက ဟောင်းမသွားဘူး။ သားရဲတွင်းဆန်တဲ့ အမျှော်အမြင်တွေနဲ့ အတူ ဖုတ်ဖက်လူးပြီး သားရဲတွင်းထဲမှာပဲ ပျော်မြူးကြတယ်။ ဒီလိုနဲ့ မျက်နှာဖုံးတွေက မိတ်ဖြစ်ဆွေဖြစ် ညစာစားကြတယ်။ မျက်နှာဖုံးတွေ အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်ကြတယ်။ ငါ့ကိုလာမခေါ်လို့ ငါပျော်တယ်။ အဲဒါကြောင့် လူ့ကျင့်ဝတ်ထဲကို နှလုံးသွေးရောပြီး ငါ့ရင်ဘတ်ကို ငါစည်တီးမိတယ်။ ငါ့ရင့်ကျူးတဲ့ သံစဉ်က မျက်နှာဖုံးတွေအတွက် အစိမ်းဆန်တယ်။ ငါဟာ ကမ္ဘာဦး လူသားမျိုးနွယ်ပါ။ ဒါပေမယ့် ငါ အမဲမလိုက်ခဲ့ဘူး။  အဲဒါကြောင့် ငါဟာ မစို့မပို့တော့ ငတ်ချင် ငတ်နေလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ဖြစ်တည်မှုတစ်ခုရဲ့ ခန်နားထည်ဝါမှုကို အဖြူရောင်ပေါ်မှာ ဘောင်ခတ်ပြလိုက်တာပဲ။ ဒီလိုနဲ့ ညရဲ့ လကွေးလေးဟာ ငါ့အတွက် ဖြတ်ခနဲ လင်းသွားတယ်။ ငါဘာလုပ်ရမယ်ဆိုတာ သိတယ်။ အဲဒါကြောင့် လကွေးလေးရဲ့ အလင်းနဲ့ ငါ့လမ်းငါခင်းပြီး နင်းတက်ခဲ့လိုက်တယ်။ စိတ်ကူးတွေရှိရာ…………. ။

Thursday, September 15, 2011

ဘလော့ဂါဆိုတာ ဘာလဲ

ဘလော့ဂါဆိုတာဘာလဲတဲ့…အဲဒီခေါင်းစဉ် ကျနော့်ဆီရောက်လာတော့ တော်တော်နောက်ကျနေပါပြီ။ ကိုယ့်ဆီမလှည့်လောက်ဘူးဆိုပြီး ကြိတ်ပျော်နေတာ အင်ကြင်းတဂ်တော့မှ မလွတ်မှန်း သိရတော့တယ်။ 

ကဲ…ဘာလဲ ဘလော့ဂါဆိုတာ။ ဖတ်ခဲ့ရသမျှလေးတွေကတော့ တစ်နေရာတစ်မျိုး မရိုးရဘူးလို့ ဆိုရမယ်။ အားလုံးကလည်း ရေးထားလိုက်ကြတာများ တော်ချက်။ ကဲ…ဖိုးကြယ် မင်းကရော ဘာလဲ လို့ ပြန်မေးမိတယ်။ တကယ်လို့ပေါ့ ကျနော်ဟာ အများပြောနေကြတဲ့ ဘလော့ဂါတစ်ယောက် ဆိုပါစို့။ ကျနော်သိတဲ့ ဘလော့ဂါဆိုတာ  စူးစမ်းမှုတွေ၊ ဖန်တီးမှုတွေ၊ ခံစားမှုတွေ၊ မျှဝေချင်မှုတွေနဲ့ ဝါသနာလေးတစ်ခုကို စိတ်ပါဝင်စားစွာ လုပ်ဆောင်နေကြတယ်လို့  မြင်ပါတယ်။ 

ဥပမာ ဆိုကြပါစို့ .... ကဗျာလေးတစ်ပုဒ်ကို ဘလော့ဂါက ခံစားဖန်တီး မျှဝေတယ်။ အဲဒီလို မျှဝေတဲ့ အပိုင်းထဲမှာပဲ အမျိုးအစား ကွဲပြားအောင် မျှဝေနိုင်ဖို့ရာ အရင်ဆုံး လေ့လာမှတ်သားရပါသေးတယ်။ ဒီလိုပါပဲ စာပေ၊ ဂီတ၊ နည်းပညာ၊ ဆေးပညာ ကိုယ်သန်ရာသန်ရာပေါ့ ဘလော့ဂါတွေအားလုံးက မျှဝေနေကြတာ။ ကဲ…အဲဒါတွေ မျှဝေနေတာဟာ ဝါသနာ၊ ဖန်တီးနေတာဟာ ဝါသနာ ဆိုတော့ ဘလော့ဂါဆိုတာ ဝါသနာကို အခြေခံပြီး ဖြစ်တည်လာတယ်လို့ ကျနော်ထင်မိတယ်။ 

နောက်တစ်ခုက ဘလော့ဂါတွေရဲ့ ကြိုးစားမှုအပိုင်းပေါ့။ အဲဒီလိုပြောလို့ အမလေး ဘာတွေများ ကြိုးစားနေကြရပါလိမ့်လို့ ဘလော့ဂါမဟုတ်သူတွေက မြင်ကောင်း မြင်ကြပါလိမ့်မယ်။ မြင်လည်း မြင်သင့်ပါတယ်။ သူတို့ ဘာတွေ ကြိုးစားရသလဲ။ ကိုယ်မျှဝေချင်တာလေးတွေရဲ့ အကြောင်းအရာ၊ အဆိပ်အတောက် ကင်းစေရေး၊ ခံစားမှုရသ အချိုးအစား၊ ဖန်တီးမှုရဲ့ ပုံစံ၊ အကျိုးဖြစ်ထွန်းစေရေး ဒါတွေပါပဲ။  အဲဒီလိုပြောလို့ ကြီးကျယ်လိုက်တာလို့ ဖြစ်ချင် ဖြစ်သွားလိမ့်မယ်။ သေချာပါတယ် ဘလော့ဂါတွေရဲ့ မျှဝေမှုတွေထဲမှာ ထိုသို့သော အချက်အလက်တွေ ပေါင်းစပ်ပါဝင်နေပါတယ်။ 

နောက်တစ်ခုက ဘလော့ဂါတွေရရှိတဲ့ အကျိုးအမြတ်ပါ။ ဘာမှမရဘူးတော့ မဟုတ်ပါဘူး။ ဘလော့ဂါတွေ ရလိုက်ပါတယ်။ အဲဒါကတော့ ပီတိပါ။ ဟုတ်ပါတယ် ကျနော့်အထင်ပြောရရင် ဘလော့ဂါတွေ မမောတမ်း ဘလော့ဂင်းနေကြတာ အဲဒီပီတိကြောင့် လို့ပြောရင် မမှားနိုင်ဘူးလို့ ထင်မိပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ ဖန်တီးမှုလေးကြောင့် စာဖတ်သူမှာ ရသလေးတစ်ခုခု ဒါမှမဟုတ် အသိလေးတစ်ခုခု ရရှိသွားတယ်ဆိုရင် အဲဒီလိုရရှိတယ်ဆိုတဲ့ အကြောင်းအရာလေးက ဘလော့ဂါတွေရဲ့ အကျိုးအမြတ် ဒါမှမဟုတ် ပန်းတိုင်ပါပဲ။ 

နောက်ထပ် အကျိုးအမြတ်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ အသိနဲ့ ဗဟုသုတပါ။ ဒါက ဘလော့ဂါက ရလိုက်တဲ့ အပိုင်းပါ။ သူတစ်ပါးကို မျှဝေချင်တော့ ဘလော့ဂါတွေက အရင် လေ့လာမှတ်သားရပါတယ်။ ဥပမာ ဆေးပညာဆိုပါစို့။ ရောဂါတစ်ခုရဲ့ ကုထုံးတစ်ခုကို မျှဝေဖို့အတွက် သူအရင်သိမှ ဖြစ်မှပါ။ အဲဒါကြောင့် ရှာဖွေလေ့လာ မှတ်သားရတာဟာ အမှန်ပါပဲ။ 

ဆိုတော့ ဘလော့ဂါတွေဟာ သူများတွေထက် ပိုသိ၊ ပိုတတ်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘလော့ဂါမဟုတ်ဘဲ လေ့လာဖတ်မှတ်နေတဲ့ လူတွေ အများကြီးပါ။ ဘလော့ဂါတွေဟာ အဲလိုလုပ်လို့ ဘလော့ဂါတွေက အဲလိုရတယ်လို့ ကျနော်က ဆိုလိုချင်တာပါ။ 

အချုပ်ဆိုရရင်တော့ “ဘလော့ဂါဆိုတာ ဝါသနာ၊ ဖန်တီးမှု၊ မျှဝေမှု၊ ခံစားမှု၊ ပီတိတွေနဲ့ လုံးထွေးနေသူ” လို့ ကျနော်ကတော့ အဓိပ္ပါယ်ဖွင့်လိုက်ချင်ပါတယ် ခင်ဗျား။

ပြည်သူဘလော့ဂါမလေး အင်ကြင်း ရဲ့ တဂ်ပို့စ်လေးကို ကျနော် သိသလောက်၊ ကျနော် နားလည်မိသလောက် ချရေးလိုက်ပါတယ်။ သဘောထားတွေ၊ ခံယူချက်တွေ ကွဲပြားမှုများ ရှိခဲ့ရင် ကျနော့်လိုအပ်ချက်သာ ဖြစ်ပါတယ် ခင်ဗျား။

Sunday, September 4, 2011

ကြိုတင်မမြင်နိုင်သောအရာရာများ

ကားခေါင်းခန်းထဲမှာ ဖွင့်ထားသော လေးအေးပေးစက်မှ အေးစက်စက်လေအေးများက သူ့မျက်နှာပြင်သို့ တိုးဝှေ့နေသည်။ သူ့ရဲ့စိတ်အစဉ်ကတော့ ပြင်ပနှင့်မတူပဲ ပူလောင်လျှက်။ ခုနက တွေ့ခဲ့ရသောမြင်ကွင်းက မျက်လုံးထဲကမထွက်နိုင်ပဲ ရှိတော့သည်။ 

စင်ကာပူ NUH ဆေးရုံပေါ်ရှိ ခုတင်ပေါ်မှ လူနာ၏ ဖျော့တော့တော့ အပြုံးက သူ့ကိုနွမ်းလျစေခဲ့သည်။ တင်ပါးဆုံရိုးခွဲထားသော လူနာတစ်ယောက်၏ နာကျင်မှုကို သူနားလည်နိုင်ပါသည်။နောက် မိသားစုနှင့်ဝေးနေရသော လူတစ်ယောက်၊ ကိုယ့်နိုင်ငံလို နွေးထွေးမှုကို ရှာမတွေ့နိုင်သောနေရာ၊ အားငယ်မှုတွေ၊ စိုးရိမ်မှုတွေနှင့်မျက်နှာ ဒါတွေကို သူမြင်နေရသည်။

“သူငယ်ချင်း မင်းနေလို့ကောင်းတယ်နော်” ပဋိသန္ဓာရ စကားကို စဆိုရသည်။ မှိန်နေသော မျက်လုံးများ အရောင်လက်လာတာ သူမြင်တွေ့လိုက်ရသည်။ နောက် လက်ကလေးတစ်ဖက် မြောက်တက်လာသည်။ သူအလိုက်သင့်ကလေး ကိုင်ထားပေးလိုက်ရသည်။ အေးစက်စက် လက်တဖက်ရဲ့ အထိအတွေ့က သူ့ကိုပိုပြီး ဆို့နင့်စေခဲ့ရသည်။ တစ်စက်ရုံထဲအလုပ်လုပ်ခဲ့သူ၊ တစ်အိမ်ထဲနေခဲ့သူ၊ နောက် မြန်မာစကားကို မပီကလာပီကလာပဲပြောတတ်သူ၊ ဘာသာခြားတိုင်းရင်းသားတစ်ယောက်ဖြစ်သော သူ့ကိုတော့ သူပိုခင်တွယ်မိသည်။ 

“သူငယ်ချင်း ဘာမှစိတ်မပူနဲ့သိလား တို့အားလုံး မင်းအတွက်လိုအပ်တာတွေ အကုန်လုံးလုပ်ပေးထားတယ်။ မင်းရဲ့ညီကိုလည်း ဖုန်းဆက် ပြီးသွားပြီ။” ခေါင်းလေးငြိမ့်ပြသည်။ နောက် ခပ်တိုးတိုးလေးသူပြောသည်။ 

“သံတုံးကြီးပြုတ်ထွက်လာတာ ငါမြင်လိုက်တယ်…….. ငါပြေးသေးတယ်….ငါ့နောက်မှာ အန်ကယ်ကြီးရှိနေတယ်…..ငါသူ့ကိုတွန်းဖယ်လိုက်တာ……မဟုတ်ရင် ငါရောသူရောပိမှာ……..” 

“ငါသိတယ်သူငယ်ချင်း မင်းအဲဒီလိုတွန်းလိုက်လို့လည်း အန်ကယ်ကြီး လွတ်သွားတာ။ အားလုံးကလည်း မြင်တယ်ကွ။ မင်းကိုလည်း ချီးကျူးနေကြပါတယ်။ မင်း အဲဒီပီတိလေးကို စားထားပါကွာ။ မင်းအတွက် အားဖြစ်လာပါလိမ့်မယ်နော် သူငယ်ချင်း။” 

လူတော်တော်များများက ဘေးအန္တရာယ် ကြုံလာရင် ဘေးဘီကို သတိမေ့တတ်ကြတာ သဘာဝလိုပါပဲ။ သူကတော့ မမေ့ခဲ့ပါ။ ကြီးမားတဲ့ ပစ္စည်းကြီးတွေကို စက်ခုတ်စားတဲ့အခါမှာ စက်ရုံက လူနှစ်ယောက်လောက် ထားပေးတတ်ကြသည်။ပေါ့လျော့မှုကြောင့်ဖြစ်လာမည့်ဘေးအန္တရာယ်တွေကိုကြိုတင် သိမြင်နိုင်ဖို့အတွက်ပါ။ ကြိုတင်သိမြင်လို့ ဘေးအန္တရာယ်က လွတ်သွားတဲ့ သာဓကတွေလည်း ရှိခဲ့ပါသည်။ သို့သော် ယခုလို စက်ချို့ယွင်းမှုကြောင့် ဖြစ်လာတာကတော့ ဘယ်သူမှ ဘာမှမတတ်နိုင်တော့ပါ။ တာဝန်ယူထားတဲ့ လူနှစ်ယောက်ထဲကမှ အခုတစ်ယောက်က အတွင်းလူနာအဖြစ် ဆေးရုံကိုရောက်ရှိနေပြီ။ 

“သူငယ်ချင်း အချိန်တိုင်း မင်းတို့ရဲ့ ဘုရားကို အာရုံပြုထားနော်။ မင်းရဲ့ ဆွဲကြိုးလေးရော....သူတို့သိမ်းပေးထားတယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် စိတ်ထဲကနေ အာရုံညွှတ်ထားပေါ့ကွာနော်။ ငါတို့ထပ်လာခဲ့ပါဦးမယ်။ ခုတော့ မင်းနားလိုက်ဦးနော်။” 

နှုပ်ခမ်းလေး ကွေးတက်သွားတာကို သူပြုံးပြတယ်လို့ပဲ မှတ်ယူလိုက်ပါသည်။ နာကျင်မှုတွေ ကြားထဲက လူတစ်ယောက်ရဲ့ အပြုံးဟာ ဒီလောက်နဲ့တင် လုံလောက်ပါပြီ။ ဘေးအန္တရာယ်ကြားကနေ ကိုယ့်အတွက်ကို ပဓာနမထားဘဲ သူတစ်ဖက်သားကို လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့ စိတ်ထားလေးရဲ့ အကျိုးကျေးဇူးကြောင့် သူတို့ ဘုရားသခင်က သူ့ကို စောင်မကြည့်ရှုလိမ့်မည်ဟု သူယုံကြည်ပါသည်။


မောင်းနေတဲ့ကားရဲ့ စက်သံညက်ညက်ရယ် ဂီယာထိုးသံတွေရယ်က သူ့ကိုအတွေးထဲမှပြန်ဆွဲခေါ်သွားသည်။ရှေ့မှာမြင်နေရတာက လမ်းမကြီးပေါ်မှာ ဥဒဟိုသွားလာနေကြသော ကားများ ၊ ဆိုင်ကယ်များ၊ ရည်မှန်းချက်ကိုယ်စီနဲ့ လူများ၊ လမ်းမကြီးပေါ်မှာပဲ မျက်လုံးတွေဖွင့်လျှက်က ကြိုတင်မမြင်နိုင်သော အရာရာများ……။

Recent Comments