Pages

Subscribe:

ကြယ်ရောင်မှတ်စုဆိုတာ??

တမ်းတမိတဲ့ ကြယ်လေးရဲ့ အလင်းရောင်နဲ့ ခံစားမိသမျှ အရာအားလုံးပါပဲ....

Thursday, November 18, 2010

ရင်ခွင်တစ်ခြမ်းနဲ့လွမ်း

ရင်နင့်အောင်လွမ်းတဲ့အဲဒီချစ်သောင်ကမ်းမှာ
ယောင်ယမ်းကာအတွေးလေမှာနှင်တော့
အတိတ်လွင်ပြင်မိုးတိမ်မည်းတို့
မခို့တရို့နှယ်ကြည်စယ်ဆော့ကစား
ချစ်သူရဲ့နှုတ်ဖျားက
မုသားတွေထုတ်အကြွားမှာ
အချစ်ဆိုတာမချိုပဲ ခါး.......။

နားခိုစရာချစ်ခြင်းဖွဲ့ကာရံထက်
သံစဉ်တွေကျိုးပျက်လောင်ကျွမ်း
ဒီမောင်လွမ်းတော့ဘယ်သောင်ကမ်းဝယ်
ရည်ရွယ်သူမေ့သဘောကို
အငိုမျက်လုံးနဲ့ဘယ်လိုပြုံးရပါ့.....။

       သွားပါစေကွယ်........
ဒီကံရယ်ခေလေသမျှ
ဝေသာဝေမျက်ရည်တွေပေါ့
နေပါစေကိုယ်မသုတ်ဘူး
ရူးလောက်အောင်ခံစားမိတဲ့ရင်ခွင်
မှတ်လောက်အောင်ကြမ္မာငင်စမ်း
ရင်ခွင်တစ်ခြမ်းနဲ့ပဲ
လွမ်း....တော့.....မယ် ။

Thursday, November 11, 2010

ကဗျာရဲ့" ငါ "

မခံချင်စိတ်တစ်ခုရယ် ဝမ်းနည်းခြင်းတရား ခပ်ပါးပါးတစ်ခုရယ်က အကြောင်းပေါင်းသင့်မှုတစ်ခုကို ဖန်တီးပြီး ညတစ်ဝက်တစ်ပျက်မှာ ကဗျာဟာ ဧရာဝတီကို စွန်ခွာခဲ့ပေါ့။ 

အပြုံးတုတဲ့..... ဘယ်ရာသီမှာမှ မပွင့်ဖူးတဲ့ပန်းလို အမည်နာမတပ်မရပဲ မျက်နှာပေါ်မှာ တွဲလောင်းဆွဲတတ်ခဲ့ပြီ။ 

ငါသာယာတဲ့ ငါ့ရဲ့ရွာလေးရေ...... ဖြူစင်မှုတွေနဲ့အတူကျန်ရစ် ရာဇဝင်ရဲ့အစ မြစ်ဖျားခံရာဒေသပေါ့။ တစ်လှမ်းဝေးလေ အစိမ်းဓာတ်ထဲ စိတ်တွေချချစတေးရင်း အယူတိမ်းမှာ စိုးမိတယ်။ အစိမ်းဓာတ်ထဲက တိမ်းစောင်းနေတဲ့ အတ္တတွေလေ အမှန်တရားလို ဟန်ဆောင်ကိုးကွယ်ကြ တစ်ခါတစ်ခါ တွေးမရချင်တော့ဘူး။ မီးများမီးနိုင်တဲ့ အတ္တများရင် ပူလောင်တယ်။ 

ငါ...ငါ...ငါ...အရာရာကို ငါ နေကြ။ ငါ နေရင်းက ငါက ပျောက်ဆုံး ကဲ...ခင်ဗျားတို့ ငါတွေ သုံးကောရသေးရဲ့လား။ တစ်ဘဝစာသာယာဖို့ ငါ တွေကိုရှေ့တန်းတင် ပုပ်အဲ့အဲ့ ရင်ခွင်တွေနဲ့အတူ ငါ့အယူအဆ ငါ့ဝါဒနဲ့ မမြဲခြင်းတရားနား လက်တစ်လုံးခြား လှည့်ဖျား မြင်နေရတာ ခါးလိုက်တာ။ 

အတွေးသက်သက်ပါပဲ လာမေးခဲ့ရင်လည်း ကဗျာမှာ ငါ ရှိတာပဲ။ ဒီလိုပေါ့ ကဗျာက ငါကိုကိုင်စွဲ ချစ်ခြင်းတွေ ဖြန့်ဖြန့်ကျဲတတ်လေရဲ့။ 

ကဗျာဟာ ငါကိုကိုင်စွဲ လွဲနေခဲ့ရင်တောင် အဇတ္တတွေ မမှောင်စေရဘူး။ 
ကဗျာဟာ ငါကိုကိုင်စွဲ လူတစ်အုပ်နဲ့ ပတ်သက်လာရင် သွေးနည်းနည်းကျဲတတ်လေရဲ့။ 
ကဗျာဟာ ငါကိုကိုင်စွဲ လွဲနေတဲ့အကြောင်း တစ်စေ့တစ်စောင်းလောက်တော့ ပြောတတ်တယ်။ 
ကဗျာဟာ ငါကိုကိုင်စွဲ ကြွေးဟောင်းတွေလည်း ဆပ်နေဆဲပဲလေ။ 
ကဗျာဟာ ငါကိုကိုင်စွဲ ချစ်တဲ့အရိပ်နဲ့ ချစ်သူရဲ့စိတ်ကို အေးမြစေချင်ရဲ့။ 

နောက်ဆုံးတစ်နေ့ပေါ့... ကဗျာဟာ ငါကိုစွန့်လွှတ် ကဗျာမှာ ငါ မရှိတော့ရင် ငါဟာကဗျာ တစ်ပုဒ်မဟုတ်ဘူး။ ငါ ဆိုတာမှာ ကဗျာမရှိတော့ဘူး။ ကဗျာက ကဗျာဝါဒနဲ့ ဆက်လက်ရှင်သန်ပြီး ငါ ဆိုတဲ့အရာက အတ္တတွေရဲ့ သရုပ်လွန်ကခွာဖို့ ငါ ဆိုတာကျွတ်အောင် ငါ့တေးသွားငါ အကြိမ်ကြိမ်ရွတ်ရဦးမှာပေါ့......။

Saturday, November 6, 2010

ကြယ်နှင့်အတူ

အဲဒီနေ့လေးဆီကပေါ့ ရသတွေ အရည်ဖျော်ပြီး ပျော်ရွှင်မှုတွေကို ကြယ်လေးက ခေါ်ဆောင်လာခဲ့တယ်။

စိတ်တွေခေါက်တုံ့ခေါက်ပြန်နဲ့ အဲဒီနေ့ရဲ့ rhythm တွေနဲ့အတူ ကခုန်ပျော်မြူးတော့ ဘယ်သူခေါ်ခေါ် ပြန်မထူးမိဘူး။ 

အဲဒီနေ့လေးမှာပေါ့ ကြယ်လေးက နက္ခတ်တေးသွားတွေနဲ့ နွေးထွေးတဲ့လက်တစ်စုံမှာ အလင်းစတွေတပ်ပြီး ကျွန်တော့်မွန်းကြပ်မှုတွေကိုဖြေဖို့ မောဟတွေကို သေစေခဲ့တယ်။ 

အလင်းစတွေရယ် ကျေးဇူးတင်လိုက်တာ။ ကျွန်တော်ခူးဆွတ်မိတဲ့ အမှောင်တွေမှာ ကြယ်လေးကသာ အလင်းစတွေနဲ့အတူ ကျွန်တော့ရူးသွပ်မှုတွေကို လူလားမြောက်စေခဲ့တယ်။ 

ရက်စွဲအသေတွေရေ.....နေခဲ့လိုက်တော့။ တကယ်တော့ ချစ်ခြင်းတစ်ခုရဲ့ ရင်ဝှက်တေးဆိုတာ နှစ်ကိုယ်တူဘဝတွေရဲ့ အဝေးမှာမဟုတ်ဘူး။ ကြယ်လေးရဲ့အလင်းရောင်ကြောင့် တွန့်ခေါက်နေတဲ့ ရင်ထဲက တောင်တန်းလေးလည်း ပြေလို့ ဇာပနအသေတစ်ခုလို နိဂုံးချုပ်လို့ရတယ်။ 

တစ်နေ့တော့ ရောက်နိုင်ပါစေ။ ကြယ်လေးရဲ့ ပြတင်းပေါက်တွေကတစ်ဆင့် ဘဝရဲ့ ကံဆင့်ဆင့်ကို ရဲရင့်ခြင်းတွေနဲ့ ဆွဲဖွင့်လိုက်ချင်ပါရဲ့။ 

ကဲ.....အရှေ့ဆီမှာ ဆိုတာဘာလဲ။ မျက်နှာပေါ်မှာ ဘာတွေတင်ကြမလဲ။ ပျော်ရွှင်မှုတွေနဲ့အတူ ချစ်ခြင်းတွေကို တန်ဆာဆင်မလား။ မျက်နှာများတဲ့ ကံဇာတာတွေထက်မှာ တစ်ယောက်ရဲ့တေးသွား တစ်ယောက်ကြားဖို့ ဘယ်မြို့ရိုးရှေ့မှာ မားမားရပ်မလဲ။

ကြယ်လေးရေ.......တွေးမရခြင်းတွေက လက်မှိုင်ချဖို့မလို ကြိုဆိုချင်နေတဲ့ နေ့စွဲတွေအတွက် နေအထွက်မှာ အပြုံးတွေစက်လက်နဲ့  တို့........ပြေးထွက်ကြပါစို့ ။

Recent Comments